မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 21 februari 2011

တပ်မတော်နေ့ စစ်ရေးပြပွဲ ခမ်းနားစွာ ကျင်းပမည် မဟုတ်

စည်သူ MONDAY, 21 FEBRUARY 2011 18:47
မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် ၆၆ နှစ်မြောက် တပ်မတော်နေ့ကို စစ်အစိုးရက ယခင် နှစ်များကဲ့သို့ စစ်ရေးပြအခမ်း အနားများဖြင့် ကြီးကျယ် ခမ်းနားစွာ ကျင်းပတော့မည် မဟုတ်ကြောင်း နေပြည်တော် စစ်ဘက် အသိုင်းအ၀န်းမှ သိရသည်။
နေပြည်တော်၌ကျင်းပသောပြီးခဲ့သည့်၂၀၁၀ပြည့်မတ်လ၂၇ရက်၆၅နှစ်မြောက်တပ်မတော်နေ့က စစ်ရေးပြချီတက်နေသောတပ်မတော်သားများ(ဓာတ်ပုံ-Reuters)
နေပြည်တော်တိုင်း စစ်ဌာနချုပ်မှ စစ်အရာရှိကြီးတဦးက “စစ်ရေးပြ လမ်းလျှောက်ဖို့ ခေါ်ထားတဲ့ ရဲဘော်တွေကို မိခင်တပ်ရင်းကို ပြီး ခဲ့တဲ့ ရက်တွေက ပြန်လွှတ်လိုက်ပြီ”ဟု ဧရာဝတီသို့ ပြောသည်။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအနေဖြင့် မည်သည့် အကြောင်းကြောင့် စစ်ကြောင်းကြီးများဖြင့် ချီတက်အလေးပြု ခြင်း မခံယူတော့သည်ကို အသေးစိတ် မသိသော်လည်း တိုင်းစစ်ဌာနချုပ်၊ တပ်မ ဌာနချုပ်များတွင်မူ ကျင်းပမည်ဟု ထင်ကြောင်း အဆိုပါ စစ်အရာရှိကြီးက ဆက်လက်ပြောသည်။
တပ်မတော်နေ့ စစ်ရေးပြပွဲတွင် ပါဝင်မည့် အရာရှိအရာခံ စစ်သည်များကို တပ်မ၊ တပ်ရင်း အသီးသီးမှ ဇန်န၀ါရီလ ကတည်းက နှစ် စဉ် နှစ်တိုင်း ခေါ်ယူလေ့ကျင့်စေခြင်းဖြစ်သည်။
ပြီးခဲ့သည့် နှစ်က ပြုလုပ်ခဲ့သည့် ၆၅ နှစ်မြောက် တပ်မတော်နေ့တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က တို့တာဝန် အရေးသုံးပါးကို ပို၍ ခိုင်မာအောင် ကြိုးပမ်းရန်၊ အင်အားတောင့်တင်းပြီး ခေတ်မီ မျိုးချစ် တပ်မတော် အဖြစ် တည်ဆောက်ရန်၊ ပြည်သူကို အလုပ်အ ကျွေးပြုရန် မိန့်ခွန်း ပြောကြားခဲ့သည်။
အတည်မပြုနိုင်သည့် သတင်းများအရ ဗိုလ်ချုပ်မှူးကြီးအနေဖြင့် ကာကွယ်ရေး ဦးစီးချုပ်ရာထူးကို လက်ရှိ(ကြည်း၊ ရေ၊ လေ) ပူးတွဲ ညှိနှိုင်း ကွပ်ကဲရေးမှူး တာဝန်ယူထားသည့် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်သို့ လွှဲပြောင်းပေးတော့မည် ဖြစ်သည့်အတွက် တပ်မတော် နေ့ကို ကြီးကျယ်ခမ်းနားစွာ မပြုလုပ်တော့ခြင်းဖြစ်သည်ဟု သိရသည်။
ယခင်က တပ်မတော်နေ့ကို ရန်ကုန်မြို့၌ စစ်ကြောင်းကြီးများဖြင့် ချီတက်စေပြီး ဦးဝိစာရလမ်းရှိ တော်လှန်ရေးပန်းခြံတွင် ကာကွယ် ရေး ဦးစီးချုပ်များက စစ်ဆေး၍ အလေးပြုခြင်းကို ခံယူလေ့ရှိသည်။
၂၀၀၆ ခုနှစ် စစ်အစိုးရက အစိုးရ အဖွဲ့နှင့် ၀န်ကြီးဋ္ဌာနရုံးများကို နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ၂၀၀၇ ခုနှစ်မှ စတင်၍ နေပြည်တော်၌ ပြုလုပ်သည့် တပ်မတော်နေ့အခမ်းအနားတွင်မူ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ကားဖြင့် လှည့် လည် စစ်ဆေးပြီး အလေးပြုခြင်းကို ခံယူသည်။
ယခင်တပ်မတော်နေ့များတွင် စစ်ရေးပြချီတက်သည့် စစ်ကြောင်းကြီးများကို ပြည်သူများက ပန်းကုံးများစွပ်၍ သောင်းသောင်း ဖျဖျ ကြိုဆိုကြသော်လည်း ၁၉၈၈ ခုနှစ် ၈ လေးလုံး အရေးတော်ပုံကြီးကို စစ်တပ် က ရက်ရက်စက်စက် ဖြိုခွင်းခဲ့သည့်နောက်ပိုင်းတွင် ပြည်သူများက ကြိုဆိုခြင်း မရှိတော့ပေ။
ယခု စစ်အစိုးရက ပြုလုပ်သည့် တပ်မတော်နေ့ စစ်ရေးပြပွဲ အခမ်းအနားတွင် တပ်မတော်သားများ သာမက မီးသတ်နှင့် ကြက်ခြေ နီ တပ်ဖွဲ့ဝင်များကိုပါ စစ်ရေးပြပွဲများတွင် ထည့်သွင်း အင်အားပြစေခဲ့သည်။
ဝါရင့် နိုင်ငံရေး သမားကြီး သခင်ချန်ထွန်းက“အစဉ်အလာအရ ဂျပန် တော်လှန်ရေးမှာ ဗိုလ်ချုပ် အောင်ဆန်း ဦးဆောင်ပြီးတော့ တပ်မတော်လည်း ပါခဲ့တယ်၊ ဒါကြောင့် ခမ်းခမ်းနားနားလုပ်သင့်တယ်၊ မလုပ်ဘူးဆိုရင်တော့ မှားယွင်းတဲ့ ဆုံးဖြတ်ချက်ပဲ”ဟု ပြော ဆိုသည်။
ဒုတိယ ကမ္ဘာစစ်အတွင်း ၁၉၄၅ ခုနှစ် မတ်၂၇ ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် ဗမာ့တပ်မတော်။ သခင်စိုး၊ သခင် သန်းထွန်း ဦးဆောင်သည့် ဗမာပြည် ကွန်မြူနစ် ပါတီ။ သခင်မြ၊ သခင်ချစ် တို့၏ ပြည်သူ့ အရေးတော်ပုံ ပါတီ တို့ ဦးဆောင်ပြီး တိုင်းရင်းသားများ၊ ရဟန်းရှင်လူများက ဂျပန်ကိုတော်လှန်ခဲ့ခြင်း ဖြစ်သည်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရပြီးနောက်ပိုင်းတွင် တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ်ကျင်းပလာခဲ့ရာ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ် နေ၀င်း၏ တော်လှန်ရေးကောင်စီက အာဏာသိမ်းပြီးနောက် တပ်မတော်နေ့ အဖြစ် ပြောင်းလဲ သတ်မှတ်ခဲ့သည်။
  ရန်ပိုင် ပူးပေါင်း ရေးသားသည်။


Geen opmerkingen: