မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 22 februari 2011

ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှု မထိန်းချုပ်နိုင်သေး

ခင်ဦးသာ TUESDAY, 22 FEBRUARY 2011 18:30
လက်ရှိ အစိုးရက အာဆီယံစံညွန်း အတိုင်း ကျင့်သုံးသည့် ကုန်တင်ယာဉ်များ တန်ပိုမတင်ရ စနစ်ကို ကြိုတင်ပြင်ဆင်မှု မရှိဘဲ အမိန့်ပေးကာ ချက်ချင်း လုပ်ဆောင်စေခဲ့ သောကြောင့် ကုန်းဈေးနှုန်းများ ကြီးမြင့်နေခြင်းအား ထိန်းချုပ်နိုင်မှု မရှိသေးကြောင်း ရန်ကုန် အခြေစိုက် ကုန်သည်များက ပြောသည်။
မြန်မာနိုင်ငံ၌ စတင်ကျင့်သုံးနေပြီ ဖြစ်သော အာဆီယံစံညွှန်းမီ တန်ပိုမတင်ဆောင်ရ စနစ်ကြောင့် အထွေထွေ ကုန်ပစ္စည်းနှင့် စားကုန် ဈေးနှုန်းများ နိုင်ငံတဝန်းတွင် အဆမတန် ကြီးမြင့်လာပြီး အလွန်ဝေးကွာသော ဒေသများတွင် ဈေးနှုန်းများ ၃ ဆခန့်အထိ မြင့်တက်သွားကြောင်း သိရသည်။
တန်ပိုမတင်ရ စနစ်အား ယခုနှစ်ဆန်းပိုင်းတွင် စတင်ကျင့်သုံးခဲ့ပြီး နိုင်ငံတ၀န်း ပြေးဆွဲနေကြသော ကုန်တင် မော်တော်ယာဉ်များသည် တင်ဆောင်နိုင်မည့် ကုန်ပစ္စည်း၏ ထက်ဝက်နီးပါးကို လျှော့ချလိုက်ခြင်းကြောင့် ကုန်တင်ခ ဈေးနှုန်းများ ၂ ဆ၊ ၃ ဆ တက်သွားကာ ကုန်ပစ္စည်း ဈေးနှုန်းများလည်း ၃ ဆနီးပါးတိုးမြင့်သွားကြောင်း ကုန်သည်များက ဆိုသည်။
စီးပွားရေး ပညာရှင် စာရေးဆရာ ခင်မောင်ညို(ဘောဂဗေဒ)က ကုန်ဈေးနှုန်း မြင့်တက်ခြင်းကို ထိန်းချုပ်ရန် အဖွဲ့အစည်းများ ဖွဲ့၍ ဥပဒေသစ်များ ချမှတ်သင့်ကြောင်း ပြောသည်။
“ကုန်ဈေးနှုန်း တက်တာတွေကို အစိုးရက ဖမ်းတာ ဆီးတာလုပ်ပြီး ထိန်းချုပ်မယ့်အစား စားသုံးသူတွေကို ကာကွယ်ပေးနိုင်တဲ့ အဖွဲ့တွေ၊ ဥပဒေတွေ စနစ်တကျ ပြဌာန်းပြီးတော့ လုပ်သင့်တယ်” ဟု ၎င်းက ဆိုသည်။
တန်ချိန် လျှော့ချခြင်းသည် လမ်းများ ပျက်စီးမှုကို ကာကွယ်ရန် အတွက်ဖြစ်သည်ဟု အစိုးရက ကန့်သတ်လိုက်ခြင်း ဖြစ်ကြောင်း ဦးခင်မောင်ညိုက ပြောသည်။
ကုန်ပစ္စည်း တချို့သည် နိုင်ငံတကာ ဈေးနှုန်းအတိုင်း အတက်အကျ ရှိတတ်ကြောင်း၊ သို့သော် မြန်မာနိုင်ငံ၏ ဈေးကွက်တွင် အတက်သာ ရှိပြီးအကျ မရှိ၍ ၎င်းကိစ္စကို စနစ်တကျ လုပ်ဆောင်သင့်ကြောင်း၊ တန်ပိုကြေးကို အကြောင်းပြကာ ကုန်ဈေးနှုန်း မတန်တဆ ကြီးမြင့်နေခြင်းကို ကနဦး လုပ်ဆောင်သင့်ကြောင်း ၎င်းက ဆက်ပြောသည်။
အာဆီယံ စံညွှန်းအတိုင်း တန်ပိုမတင်ဆောင်ရ စနစ်သည် ကောင်းမွန်သော စနစ်တခုဖြစ်ကြောင်း၊ သို့သော် အာဆီယံနိုင်ငံ အများစုတွင် စားသုံးသူ အခွင့်အရေး ကာကွယ်ပေးနိုင်သည့် အဖွဲ့အစည်းများ၊ ခိုင်မာသော ဥပဒေများကို ချမှတ်ပြီး ကျင့်သုံးနေခြင်းကြောင့် စားသုံးသူများကို ထိခိုက်နစ်နာမှု နည်းပါးသည် ဟု ဦးခင်မောင်ညို က ရှင်းပြသည်။
“အရင်ကတန်၃၀တင်နေတဲ့ကားကအခု၁၂တန်၊၁၃တန်လောက်ပဲတင်ရတော့တယ်။ဒီတော့ ကုန်တင်ခတွေကိုလဲ ၂ ဆလောက် တင်လိုက်ရတော့တယ်”ဟု ရန်ကုန်-တောင်ကုတ် ပြေးဆွဲနေသော ယာဉ်လိုင်းပိုင်ရှင် တဦးက ဆိုသည်။
၎င်း၏ အဆိုအရ ရန်ကုန်မှ ရခိုင်ပြည်နယ် အတွင်း ပြေးဆွဲနေကြသော ယာဉ်များ၏ အခွန်အခမှာလည်း ယခင်ထက် ၂ ဆ ပိုပေးဆောင်ရကြောင်း၊ ယခင် ကျပ် ၆၀၀၀ မှ ယခု ကျပ် ၁၂၀၀၀၊ ယခင် ကျပ် ၉၀၀၀ မှ ယခု ကျပ် ၁၈၀၀၀ ထိ ပေးဆောင် နေရကြောင်း ၎င်းက ဆက်ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ပြေးဆွဲနေသော ယာဉ်လိုင်းများအား အခွန်ကောက်ခံခြင်းကို ပြီးခဲ့သည့်နှစ်မှ စတင်၍ ပုဂ္ဂလိကသို့ လွှဲပေးခဲ့ရာ စစ်အစိုးရနှင့်နီးစပ်သူ တောင်ကုတ်ဒေသခံ စီးပွားရေး လုပ်ငန်းရှင် ဦးကျောက်တောင်က လက်ဝါးကြီးအုပ် ချုပ်ကိုင် လုပ်ဆောင်လျက် ရှိသည်။
၎င်းသည် ရခိုင်ရိုးမ လမ်းကြောင်းတလျှောက် လမ်းများ ပြုပြင်ခြင်းကို ကန်ထရိုက်စနစ်ဖြင့် လုပ်ပိုင်ခွင့်ရထားပြီး နှစ်ပေါင်း ၆၀ အခွန်ကောက်ယူခွင့် ရရှိထားသူ ဖြစ်သည်။
ရန်ကုန်-စစ်တွေ၊ ရန်ကုန်-ကျောက်ဖြူ ဒေသများသို့ ပြေးဆွဲနေသော ယာဉ်လိုင်းများသည်လည်း တန်ချိန်လျော့ခြင်း၊ အခွန်ခပိုပေးရခြင်း၊ လောင်စာဆီဈေး မြင့်တက်ခြင်း တို့ကြောင့် ယာဉ်လိုင်းတချို့ ရပ်နားထားရသည်ဟု သိရသည်။
လောင်စာဆီအား ရန်ကုန်မှ တင်ယူရောင်းချရာ၌ သယ်ယူစရိတ်ကြီးမြင့်သွား၍ ဓာတ်ဆီ တဂါလန် လျှင် ကျပ်၃၄၀၀ မှယခု ၃၉၀၀ကျပ်၊ ဒီဇယ် တဂါလန်လျှင် ကျပ် ၃၆၀၀ မှ ကျပ် ၄၁၀၀ ထိ မြင့်တက်သွားကြောင်း ကျောက်ဖြူမြို့မှ လောင်စာဆီ ရောင်းချသူ တဦးက ပြောသည်။
ဂါလန် ၅၀ ဆံ့ လောင်စာဆီ တပေပါ၏ သယ်ယူစရိတ်သည် ယခင် ကျပ် ၁၅၀၀၀ မှ ယခု ကျပ် ၂၂၀၀၀ အထိပေးရပြီး ကုန်ပစ္စည်း တပိဿာလျှင် ကျပ် ၁၅၀ ၀န်းကျင်မှ ကျပ် ၃၈၀ ထိ ပေးဆောင်ရသည်ဟု ၎င်းက ဆက်ပြောသည်။
ဒေသခံပြည်သူအများစုသည် အလုပ်အကိုင် ရှားပါးမှုများနှင့်ကြုံတွေ့နေပြီး ယခုအခါ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကိုပါ ရင်ဆိုင်နေကြရ၍ စားဝတ်နေရေး အခက်တွေ့နေကြကြောင်း ကျောက်ဖြူ ဒေသခံများက ဆိုသည်။
စားသောက်ကုန် ပစ္စည်းများ အပြင် အိမ်ဆောက်ပစ္စည်းများ ဈေးနှုန်း သိသာစွာ မြင့်တက်နေပြီး ဂီရိလေမုန်တိုင်းကြောင့် ပျက်စီးသွားခဲ့သည့် နေအိမ် အများစုမှာ ပြန်လည် တည်ဆောက်မှု မလုပ်နိုင်ကြသေး ဟု ဒေသခံများက ပြောသည်။
တန်ပို မတင်ဆောင်ရ စနစ်ကျင့်သုံးပြီး နောက် ကုန်ဈေးမြင့်တက်လာခြင်း၊ ကုန်အ၀င်အထွက် နည်းပါးခြင်းတို့ ဆက်တိုက် ဖြစ်ပွားနေကြောင်း၊ ကုန်ဈေးနှုန်းကြီးမြင့်ခြင်းကို မြန်မာပြည်သူအားလုံး ကြုံတွေ့နေရကြောင်း ဘုရင့်နောင်ပွဲရုံတန်းမှ လုပ်ငန်းရှင် တဦးက ပြောသည်။
“အစိုးရသစ်ကအရင်တုန်းကအစိုးရပဲဆိုတော့စီးပွားရေးနဲ့ပတ်သက်တဲ့မူဝါဒတွေလဲ ဘာမှပြောင်းလဲလာမယ့် အနေ အထား မတွေ့ရဘူး။ ဒါပေမယ့် ကုန်ဈေးတွေ တက်ရင်တော့ ကုန်သည်တွေ ဈေးကစားလို့၊ ချယ်လှယ်လို့ ဆိုတဲ့ စကားတွေနဲ့ပဲ အပြစ်တွေ ပြောနေဦးမှာပါ” ဟု ၎င်းက ဆိုသည်။


 

Geen opmerkingen: