မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 24 maart 2011

ပင်လယ်တွင်း၌ ရေလုပ်သား ၃ ထောင်ကျော် ပျောက်ဆုံးနေ

နရီလင်းလက် Thursday, 24 March 2011 18:16
.လေပြင်းမုန်တိုင်း တိုက်ခတ်မှုကြောင့် ဖောင်များ၊ စက်လှေများ ပျက်ပြီး ပင်လယ်ထဲတွင် မျောပါနေသည့် ရေလုပ်သား ၇၀၀၀ ကျော် ရှိနေသော်လည်း ယမန်နေ့ကအထိ ကယ်ဆယ်ရရှိသူပေါင်းမှာ ၃၇၀၀ ခန့်သာ ရှိသေးကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် နီးစပ်သူ တဦးထံမှ သိရသည်။
ကော့သောင်းမြို့သို့ရောက်ရှိလာသည့်ရေလုပ်သားဒုက္ခသည်များကိုယမန်နေ့ကတွေ့ရစဉ်(ဓာတ်ပုံ- http://burmese.nldburma.org)
“ကျနော်တို့ဆီက ငါးဖမ်းစက်လှေတွေ ပင်လယ်မှာ အစီး ၄၀၀ ကျော်လောက်ရှိတယ်။ အဲဒါတွေကို ချိတ်ဆက်ပြီး ပင်လယ်ပြင်က ဆယ်လို့ရသမျှ ရေလုပ်သားတွေကို ဆယ်ဖို့ အကြောင်း ကြားထားတယ်။ အခု လောလောဆယ် အထိတော့ ရန်ကုန်ကို ရောက်လာတာ ၃၇၀၀ ကျော်ရှိပြီ” ဟု သူကပြောသည်။
မတ်လ ၂၂ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် တပ်မတော် (ရေ)စစ်ရေယာဉ်များ၊ ပင်လယ်တွင်း ငါးဖမ်းရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများက ရေလုပ်သား ၃၃၇၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊ ၎င်း ရေလုပ်သားများအနက်၃၁၅၂ ဦးကိုသက်ဆိုင်ရာနေရပ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော ရေလုပ်သား၂၂၂ ဦးကိုမူတာဝန်ရှိသူများကလိုအပ်သောဆေးဝါးများ၊ အ၀တ်အထည်များ၊ စားသောက်ဖွယ်ရာများဖြင့် ထောက်ပံ့ ကူညီစောင့်ရှောက် ပေးထားကြောင်း ရေးသားထားသည်။
မတ်လ ၁၄ ရက်နေ့ မှ ၁၆ ရက်နေ့အထိ မိုင် ၆၀ မှ ၇၀ နှုန်းရှိ လေပြင်းတိုက်ခတ်မှု မြန်မာနိုင်ငံ အောက်ပိုင်းဒေသများတွင် ဖြစ်ပွားခဲ့ရာ ပင်လယ်ကမ်းစပ်တွင် နေထိုင်သည့် ရေလုပ်သားများ၊ မိသားစုများ အပါအ၀င် ငါးဖမ်းထွက်သည့် ဖောင်များပျက်ခြင်း၊ စက်လှေနစ်ခြင်းတို့ကြောင့် ပင်လယ်တွင်း မျောပါသွားခဲ့ရသည်။
“အခုလောလောဆယ်စာရင်းသိရတဲ့စက်လှေ၊ငါးဖမ်းလှေမှာပါသွားတဲ့လူစာရင်းအရ၇၀၀၀ ကျော်ဆိုပေမယ့် ကမ်းနားမှာ နေတဲ့ လူတွေက လူစာရင်းမရှိဘူး။ ကောက်လို့လည်း မရနိုင်သေးဘူး။ ဒါတွေ တိတိကျကျ ထပ်သိရရင်လူစာရင်းပိုများလာနိုင်တယ်”ဟု ဗိုလ်တထောင် သံလျှက်စွန်း ရေတပ်စခန်းမှ တာဝန်ရှိသူတဦးက ပြောသည်။
သူက ဆက်လက်၍ “ရေတပ်ကနေ ဆယ်ယူရသမျှရော၊ ငါးဖမ်းလှေတွေ လာအပ်တဲ့ လူတွေကိုပါ စစ်ဆေးနေတယ်။ လူတွေ ကတော့ အရမ်းများနေတယ်။ ကုန်းပေါ်ရောက်တော့ တာဝန်ရှိသူတွေက ကားတွေ စီစဉ်ပေးပြီး သက်ဆိုင်ရာ ဒေသတွေကို ချက်ခြင်း ပြန်ပို့တာ” ဟု ဆိုသည်။
မုန်တိုင်းကြောင့် သေဆုံးသူ အလောင်း ၂၀၀ ကျော်ကို ပင်လယ်တွင်း ဆယ်ယူရရှိထားသည်ဟုလည်း သိရသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် နီးစပ်သူတဦးက “ဒေသခံ ငါးဖမ်းထွက်တဲ့ လူတွေ မုန်တိုင်းထဲ ပါလာတာများတယ်။ ရန်ကုန်က ထွက်တဲ့ ငါးဖမ်းစက်လှေ အကြီးကြီး တွေကတော့ ဘာမှ မဖြစ်ဘူး။ ပင်လယ်ထဲမှာ ဘယ်နှယောက် ကျန်သေးတယ် ဆိုတာ တိတိကျကျ ပြောလို့ မရသေးဘူး ဖြစ်နေတယ်။ မကယ်နိုင်ဘဲ ကျန်နေတာတွေလည်း ရှိနိုင်တယ်။ သင်္ဘောတွေကလည်း ဒေသ အမျိုးမျိုးပြန့်နေတော့ အဲဒီအနီးအနား မှာရှိနေ တဲ့ ငါးဖမ်းလှေတွေက ဆယ်လာပေးတာပါ” ဟု ပြောသည်။
ဆယ်ယူရခဲ့သော ရေလုပ်သားများ ထဲတွင် ဧရာဝတီ တိုင်းနှင့် မွန်ပြည်နယ်မှများကြောင်း၊ ပင်လယ်ရေစီးနှင့်အတူ မျောပါလာခြင်း ဖြစ်သောကြောင့် ရန်ကုန်ဘက်သို့ အများစု ရောက်လာကြကြောင်း သူက ဆိုသည်။
ထို့အပြင် စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းနှင့် ရေနံရှာဖွေ တူးဖော်ရေးလုပ်ငန်းများတွင် အကျိုး တူ ပူးပေါင်း ဆောင်ရွက်နေသည့် TotalE&PMyanmar ကုမ္ပဏီကလည်း ရေလုပ်သားများကို ကူညီရှာဖွေပေးခဲ့ပြီး ရေလုပ်သားများ လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု၊ ဆေးဝါး၊ အ၀တ်အထည်၊ အသုံးအဆောင်ပစ္စည်းများနှင့် ရေလုပ် သားတဦးလျှင် ကျပ် ၂ သောင်းစီကို ထောက်ပံ့ပေးခဲ့၍ ၎င်းတို့ပိုင် ရေယာဉ်ဖြင့် ရန်ကုန်သို့ ပို့ဆောင်ပေးခဲ့သည်ဟု ယနေ့ထုတ် အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။
“ဒုက္ခသည်တွေကို သွားစောင့်ပြီး သတင်းမေးမလို့ ပေးတွေ့ဘူး။ ရေလုပ်သားတွေရဲ့ နေရပ်ကို ပြန်ဖို့ ကားဂိတ်ကို ချက်ခြင်း ပြန်လွှတ်တာ။ မပြန်မှာစိုးလို့တောင် အစောင့်နဲ့ လိုက်ပို့တယ်” ဟု ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးက ပြောသည်။
လေပြင်း တိုက်ခတ်မှုများကြောင့် ရန်ကုန်တိုင်းအတွင်း နေအိမ် အလုံး ၁၁၀၊ တဲ ၃၈ လုံးနှင့် ဧရာဝတီတိုင်းအတွင်း အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
မြန်မာ တနိုင်ငံလုံးတွင် လေပြင်းများ တိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းရွာခြင်း၊ လျှပ်စီးလက်ခြင်း၊ မိုးသီးကြွေခြင်း အပါအ၀င် မိုးသက်လေပြင်းများ တိုက်ခတ်မည် ဖြစ်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက မတ်လ ၁၄ ရက်နေ့က သတင်း ထုတ်ပြန်ထားခဲ့သော်လည်း ဖြစ်ပေါ်ခဲ့သည့် စိုက်ဆင်းလေပြင်းများ၏ ပြင်းအားနှင့် ဖြစ်နိုင်ခြေကိုမူ ဖော်ပြခဲ့ခြင်း မရှိပေ။

Geen opmerkingen: