မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 3 maart 2011

ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

အောင်လင်းထွဋ် THURSDAY, 03 MARCH 2011 13:43 ဆောင်းပါး
လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့တူသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမျိုးသား ညီလာခံမှာ ထည့်သွင်း ဆွေးနွေးခြင်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ဥပဒေကို ၂၀၀၈ အခြေခံဥပဒေမှာ ဘာကြောင့် ထည့်သွင်းခဲ့ရပါသလဲ။ ဘယ်သူကိုမှ မတိုင်မပင်ဘဲနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးသောင်းညွန့် (ဥပဒေပညာရှင်နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်)ကို သူ့အခန်းထဲခေါ်ပြီး ဘာဖြစ်လို့ ရေးခိုင်းရပါသလဲ။

ဘုရားတရား ကြည်ညိုတဲ့ ဦးသောင်းညွန့် ငါးပါးသီလကံကို ချိုးဖောက်ခဲ့ရလို့ စိတ်မကောင်း ဖြစ်ခဲ့ရတဲ့ အကြောင်း နေပြည်တော် အတွင်းစည်းထဲက သတင်းတွေ ကျနော့်ထံ ရောက်လာခဲ့ပါတယ်။
(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၄၊ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ၊ အပိုဒ် ၄၄၅ မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နဝတနှင့် နအဖတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရလို့ ဖော်ပြထားပါတယ်။)
ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ကျနော် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မြန်မာသံရုံးမှာ တာဝန် ထမ်းဆောင်နေစဉ် ကာလက အဖြစ် အပျက်လေး တခုကို သွားပြီး သတိရမိပါတယ်။ ၂၀၀၁ ခုနှစ်တွင်းက သံရုံးအမှုထမ်း တဦး မြန်မာနိုင်ငံကနေ အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့ တာဝန်ထမ်းဆောင် ခဲ့ပါတယ်။
ဒီသံတမန်က ကျနော့်အတွက်၊ အထက်က ဗိုလ်မှူးအတွက် အရေးတကြီး သတင်းစုံစမ်းဖို့ ညွှန်ကြားချက် ပေးလိုက်တယ်လို့ ပြောတော့ ဘာလဲလို့ ကျနော်က မေးမိတယ်။
အမေရိကန်အစိုးရအနေနဲ့မြန်မာ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ အထိ စဉ်းစားနေတာ ရှိမရှိ သိချင်တယ်၊ အမြန်စုံစမ်းပြီး အကြောင်းပြန်ပေးပါလို့ ညွှန်ကြား လိုက်ကြောင်း ပြောပါတယ်။ ကျနော် ပြုံးမိလိုက်တယ်။
သြော်…ကိုယ်ခံရမှာကျတော့ကြောက်တတ်လိုက်တာ၊သူတပါးတွေကျတော့“အပြတ်ရှင်းပစ်လိုက်၊ အစိတ်သားတောင်မချန်နဲ့၊ကုလား၊လူမှမဟုတ်တာ၊အမြင့်ဆုံးထောင်ဒဏ်ချလိုက်”ဆိုပြီးအမိန့်တွေ ပေးနေတဲ့ ဗိုလ်ချုပ်မှူးကြီးရယ်။
အဲဒီအချိန်က ကမ္ဘာမှာ ယူဂိုဆလားဗီးယား သမ္မတဟောင်း မီလိုဆီဗစ်၊ လိုက်ဗေးရီးယား သမ္မတဟောင်း ချားလ် တေလာ၊ ကမ္ဘောဒီးယား အာဏာရှင်ဟောင်း ပိုပေါ့၊ ဆူဒန်သမ္မတ ဘတ်ရှီးယားတို့ နိုင်ငံတကာတရားရုံးမှာ အမှုရင်ဆိုင်နေချိန်ဖြစ်လို့ သူ့အလှည့်များ ဘယ်တော့ရောက်မလဲဆိုတာကို စိုးရိမ်လို့ စုံးစမ်းခိုင်းလိုက်တယ်ဆိုတာ ကျနော် နားလည်လိုက်ပါတယ်။
ကျနော်လည်း ဝတ်ကျေတန်းကျေပဲ လောလောဆယ်အခြေအနေမှာတော့အမေရိကန်နိုင်ငံမှာ ၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့မှာ ဝါရှင်တန်ဒီစီကပင်တဂွန်စစ်ဌာနချုပ်နဲ့နယူးယောက်ကWorldTrade Center အတိုက်ခံနေရလို့ မြန်မာနိုင်ငံကို စိတ်မဝင်စားနိုင်သေးဘူးလို့ သတင်းပြန်ပို့ပေးခဲ့ရတယ်။
စက်တင်ဘာ ၁၁ အရေးခင်းဟာ ဗိုလ်ချုပ်မှူးကြီးအတွက် ဝမ်းသာစရာဖြစ်ခဲ့ရတယ်။ ဘယ်လောက် ဝမ်းသာသလဲဆိုရင် တခြားနိုင်ငံတွေက ခေါင်းဆောင်အသီးသီး အမေရိကန် သမ္မတ ဂျော့ ဘုရှ်ထံ ဝမ်းနည်းကြောင်းသဝဏ်လွှာတွေ အသီးသီးပို့နေကြတဲ့အချိန်၊ ကျနော်တို့က ပို့ဖို့တင်ပြတော့ ဟိုလိုလိုဒီလိုလိုလုပ်ပြီးအချိန်အတော်ကြာသည်အထိမပို့ဘူး။နောက်ဆုံးအမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန BurmaDeskကသံရုံးကို မေးလို့ မြန်မာနိုင်ငံကို ပြန်ပြောတော့မှ မပို့ချင်ပို့ချင်နဲ့ ဗိုလ်ချုပ်မှူးကြီးက ပို့လိုက်တယ်။
ဗိုလ်ချုပ်မှူးကြီး ဘာဖြစ်လို့ လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံရသလဲဆိုရင် ပြည်သူလူထုအပေါ်မှာ ရက်ရက်စက်စက် လုပ်ခိုင်းခဲ့တဲ့အပေါ် သူကိုယ်တိုင် တာဝန်မယူရဲလို့ပဲ။ သူ တိုက်ရိုက်၊ သွယ်ဝိုက် အမိန့်ပေးခဲ့တာတွေကို ပြောရရင်တော့ ၁၉၉၃ ခုနှစ် ဧပြီလမှာ ရခိုင်ပြည်နယ် ဘူးသီးတောင် မောင်းတော နယ်မြေမှာ ရိုဟင်ဂျာ ၄၀၀ ကျော်ကို ရှင်းပစ်ဖို့ အဲဒီအချိန်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဝင်းမြင့် (နောင် အတွင်းရေးမှူး ၃၊ စစ်ရေးချုပ် ဒု ဗိုလ်ချုပ်ကြီး ဝင်းမြင့်) ကို ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေးခဲ့တယ်။
အဲဒီတုန်းက ရိုဟင်ဂျာ သောင်းကျန်းသူတွေက ဘူးသီးတောင် မောင်းတော နယ်မြေမှာ တနေ့တည်းမှာ မိုင်း ၁၈ လုံးခွဲပြီး ဝင်ရောက်ပစ်ခတ်ခဲ့လို့ စစ်တပ်ကပြန်ပြီး စစ်ဆင်ရေးလုပ်တဲ့အခါ သူပုန်ရော အရပ်သားပါ စုစုပေါင်း လူ ၄၀၀ ကျော် အရှင်ဖမ်းဆီးရမိတယ်။ စစ်ရုံးချုပ်ကို သတင်းပို့တော့ “ကုလား၊ လူမှမဟုတ်တာ ရှင်းပစ်” လို့ အမိန့်ပေးခဲ့တယ်။
၁၉၉၆ ခုနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)အမျိုးသားညီလာခံကထွက်တော့ဗိုလ်ချုပ်မှူးကြီး သန်းရွှေက NLD ကို အကြီးအကျယ်ဒေါသထွက်ပြီး NLD ဆိုရင် ဆွေမျိုးအစဉ်အဆက် ကြောက်သွားအောင် နည်းမျိုးစုံနဲ့ အကျပ်အတည်းဖြစ်အောင် လုပ်ဖို့ ထောက်လှမ်းရေးကို ခိုင်းစေခဲ့တယ်။
၁၉၉၆ ခုနှစ်ထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင် နယ်မြေတွေဖြစ်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ပဲခူးတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း တွေမှာရှိတဲ့ စစ်တပ်အင်အားတွေကိုသုံးပြီး ရွာတွေရွှေ့ခိုင်းတာမှာ မလိုက်နာရင် အစိတ်သား (၂၅ ကျပ်သား) ဝမ်းဗိုက်ထဲက ကလေးတောင်မချန်နဲ့လို့ အပြတ်ရှင်းဖို့ အမိန့်ပေးခဲ့တယ်။
၁၉၉၈ ခုနှစ် မေလမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ် ကြည်မင်း (ရေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် မြင့်ဆွေ (လေတပ် ဦးစီးချုပ်ဟောင်း)၊ ဗိုလ်ချုပ် သူရမြင့်အောင် (စစ်ရေးချုပ်ဟောင်း)၊ ဗိုလ်မှူးကြီး ဇော်မင်း (အမှတ် ၁ လျှပ်စစ် ဝန်ကြီး) တို့ကို ခရစ္စတီးကျွန်းမှာ အပြစ်မဲ့အရပ်သား အမျိုးသား၊ အမျိုးသမီး၊ ကလေး ၈၁ ယောက်တို့ကို သတ်ပစ်ဖို့ အမိန့်ပေးခဲ့တယ်။ အဲဒီခရစ္စတီးကျွန်းမှာ ကျနော်ကိုယ်တိုင် ရှိနေတာကြောင့် သက်သေထွက်ဆိုနိုင်ပါတယ်။
၂၀၀၃ ခုနှစ် ဒီပဲရင်းကိစ္စမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုယ်တိုင်ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံဖို့ ဗိုလ်ချုပ် စိုးဝင်း (ဝန်ကြီးချုပ်ဟောင်း)၊ ဦးအောင်သောင်း(စက်မှု၁ဝန်ကြီး)တို့ကို ခိုင်းခဲ့ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့ ထောက်လှမ်းရေးဟောင်းများ၊ တပ်မတော်အရာရှိများ၊ ရဲအရာရှိများက သက်သေထွက်ဆိုနိုင်ပါတယ်။ ဒါတွေကကျနော်သိတာတွေပါ။တခြားလူ့အခွင့်အရေးချိုးဖောက်တာတွေနဲ့ပတ်သက်လို့ ပြည်သူလူထုတွေသိတာ အများကြီး ရှိပါလိမ့်ဦးမယ်။
၂၀၀၇ခုနှစ်စက်တင်ဘာလမှာဘုရားသားတော်တွေကိုသတ်ဖြတ်ညှင်းဆဲတဲ့ကိစ္စကတော့ ကမ္ဘာကျော်ကိစ္စတခုပါ။ ဒီလို မတရားပြစ်မှုတွေ အများကြီး ကျူးလွန်ထားတဲ့အတွက်ကြောင့်လည်း နိုင်ငံတကာတရားရုံးကို အရမ်းကြောက်ခဲ့တာ။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနား တင်ပြတဲ့ စုံးစမ်းစစ်ဆေးရေးအဖွဲ့သာ မြန်မာနိုင်ငံအတွင်း ဝင်ရောက်စစ်ဆေးခွင့်ရမယ်ဆိုရင် ဒီထက်ပိုပြီး အကြောင်းစုံကို သိနိုင်မှာပါ။
ဒါကြောင့်ကာကွယ်ရေးဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခိုးကြောင်ခိုးဝှက်နဲ့ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့်ပေးထားတဲ့ဥပဒေအား၂၀၀၈အခြေခံဥပဒေမှာထည့်ခဲ့တယ်ဆိုတာကို အသိပေးလိုက်ပါတယ်။
ဒါပေမယ့် “စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုအားလုံးဟာ အထက်ကပေးတဲ့ အမိန့်နဲ့ တာဝန်ဖြစ်တဲ့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တာဝန်အရှိဆုံးပါ၊ ရှောင်လို့မရဘူးဆိုတာကို သတိပေးလိုက်ပါတယ်”။
ယနေ့ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ အာဏာရှင် တိုင်းပြည်တွေနဲ့ မြန်မာပြည်ရဲ့ အခြေအနေကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီလို ရက်စက်ယုတ်မာတဲ့ လူစားမျိုးပါ။ ဒီလိုလူမျိုးကိုလည်း မြန်မာ့တပ်မတော်အနေနဲ့ လစ်ဗျားတပ်မတော်ကဲ့သို့ ဆက်လက် သစ္စာမခံသင့်တော့ပါဘူး။
မြန်မာ့တပ်မတော်အတွင်းက လူစွမ်းကောင်းများ ထွက်ဖို့လိုနေပါပြီ။ မြန်မာပြည်သူတွေဘက်က ရပ်တည်ရမယ့်အချိန်ကို ရောက်နေပါပြီ။ ပြည်သူလူထုနဲ့ပူးပေါင်းပြီး အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့မိသားစုကို လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့ မိသားစုလို နိုင်ငံတကာ စစ်ခုံရုံးပို့ပြီးအရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးစားကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့မိသားစုကို ဥပဒေအရ လုံးဝ (လုံးဝ) လွတ်ငြိမ်းချမ်းသာခွင့် မပေးသင့်ပါ။ ။

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ်သည် တန်ပြန်ထောက်လှမ်းရေး အရာရှိ၊ အမေရိကန်နိုင်ငံ ၀ါရှင်တန်မြို့ရှိ မြန်မာသံရုံး၌ သံမှူးကြီး စသည့် တာဝန်များ ထမ်းဆောင်ခဲ့ပြီး ၂၀၀၅ ခုနှစ်တွင် အမေရိကန်၌ နိုင်ငံရေးခိုလှုံခွင့် တောင်းခံခဲ့သည်။


 

Geen opmerkingen: