မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 24 maart 2011

ဒီမိုး၊ ဒီလေ၊ ဒီဌာနနဲ့ ...

ဧရာဝတီ Thursday, 24 March 2011 15:17 အင်တာဗျူး
.ကမ္ဘာ့ရာသီဥတုပြောင်းလဲလာမှုနှင့်အတူမြန်မာ့ရာသီဥတုသည်လည်းယခုနှစ်ပိုင်းများအတွင်း ဖောက်ပြန်မှုများစွာ ရှိလာသည်။ ရာသီဥတုများ ဖောက်ပြန်လာမှုကြောင့် မြန်မာနိုင်ငံသားများအား ရာသီဥတုဖြစ်စဉ်များကိုအချိန်မီလျင်မြန်စွာအနီးစပ်ဆုံးခန့်မှန်းပေးနိုင်ရေးအတွက်မိုးလေ၀သနှင့်ဇလဗေဒ၏ အခန်းကဏ္ဍသည် ယခင်ကထက် ပိုမို အခရာ ကျလာတော့မည်ဖြစ်သည်။ ထို့ကြောင့် မြန်မာနိုင်ငံ မိုးလေ၀သနှင့်ဇလဗေဒ(မိုး/ဇလ)ဌာန၏ညွှန်ကြားရေးမှူးချုပ်ဟောင်းဒေါက်တာထွန်းလွင်ကိုဧရာဝတီ သတင်းထောက် မင်းနိုင်သူက ဆက်သွယ်မေးမြန်းထားသည်။
            မိုးလေဝသနှင့်ဇလဗေဒပညာရှင်ဒေါက်တာထွန်းလွင်(ဓာတ်ပုံ-MyanmarClimateChangWatch)
ဒေါက်တာထွန်းလွင်သည် ၁၉၆၅ ခုနှစ်မှ စတင်ကာ မိုးလေ၀သဌာနတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး ၀န်ထမ်းဘ၀တွင် အစိုးရ ပညာတော်သင်ဆုဖြင့် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါတက္ကသိုလ်မှ မဟာသိပ္ပံဘွဲ့ (မိုးလေ၀သ) ကို ရရှိခဲ့သည်။
၂၀၀၉ ခုနှစ်တွင် ညွှန်ကြားရေးမှူးချုပ် (အကြံပေးအရာရှိ)ရာထူးမှ အငြိမ်းစားယူခဲ့ပြီးနောက် ထိုင်းနိုင်ငံ AIT တွင်ဖွင့်လှစ်ထားသော RIMES(RegionalIntegratedMulti-hazardEarlyWarningSystem)၏ နည်းပညာအကြံပေး အဖြစ်လည်းကောင်း၊ Consultant အဖြစ် MRCS, CARE Myanmar, Action Aid Myanmar, Eco Dev, NAG တို့တွင်လည်းကောင်း၊ Resource Person အဖြစ် ICHARM (Japan), EGRESS, World Vision Myanmar, Global Green အပါအ၀င် တခြားသော NGOs၊ INGOs များတွင် ရာသီဥတုပြောင်းလဲခြင်းနှင့် သဘာဝဘေးအန္တရာယ် ဆုံးရှုံးနစ်နာနိုင်မှု လျော့ပါးရေး လုပ်ငန်းများ၌ ပါဝင် ဆောင်ရွက်လျက်ရှိသည်။
၂၀၁၀ ပြည့်နှစ် အောက်တိုဘာလမှစတင်ကာMyanmarClimateChangeWatchအမည်ရှိ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကို လွှင့်တင်၍ မိုးလေ၀သနှင့် သက်ဆိုင်သော သတင်းများ၊ ဆောင်းပါးများကို ရေးသားလျက်ရှိသည်။
မေး ။ ။ ၀န်ထမ်းဘ၀တုန်းကမိုး/ဇလသတင်းတွေတင်ပြရတာနဲ့အခုကိုယ်ပိုင်ဝဘ်ဆိုက်မှာ ရေးသားတင်ပြရတာဘယ်လိုကွာခြားသွားတယ်လို့ ခံစားရပါသလဲ။
ဖြေ ။ ။ အများကြီးကွာသွားတာပေါ့ဗျာ။ အရင်က ၀န်ထမ်းဆိုတော့ ၀န်ထမ်းစည်းမျဉ်း စည်းကမ်းတွေ လိုက်နာရတာပေါ့။ ကိုယ့်အထက်မှာ ရှိတာပေါ့။ ကိုယ့်အထက်ကလူရဲ့ ခွင့်ပြုမှုတို့၊ အတည်ပြုမှုတို့ လိုတာပေါ့။ ဒါတွေကို အလုပ်သဘောအရ မလုပ်မနေ လုပ်ရတာပေါ့။ အခုကျတော့ တယောက်တည်း လုပ်လို့ရပြီး အပေါ်မှာလည်း တင်ပြစရာမရှိတော့ လွတ်လပ် သွားတာပေါ့။ အဓိက ကွာခြားတာကတော့ လွတ်လပ်မှုပါပဲ။
မေး ။ ။အငြိမ်းစားဘ၀မှာမိုးလေ၀သခန့်မှန်းချက်တွေဆက်ထုတ်ပေးနေနိုင်အောင်ဘယ်လို အကိုးအကားတွေ၊ ကိရိယာတွေကို ကိုင်တွယ် သုံးစွဲနေပါသလဲ။
ဖြေ ။ ။ အဓိကကတော့ ကျနော့်ရဲ့ အတွေ့အကြုံရယ်၊ မိုးလေ၀သနဲ့ ပတ်သက်တဲ့ ပညာတွေ ရရှိအောင် သင်ပေးလိုက်တဲ့ ဖလော်ရီဒါ တက္ကသိုလ်က ဆရာတွေရဲ့ သင်ကြားမှုတွေရယ်ကို ပြန်လည် အသုံးပြုနေရတာပါပဲ။ အခု ကျနော် လက်ရှိလုပ်နေတဲ့ ၀က်ဘ်ဆိုက် ခန့်မှန်းချက်တွေအတွက် သုံးနေရတဲ့ ကိရိယာကတော့ အင်တာနက်ပါပဲဗျ။ အင်တာနက်မှာ ဖော်ပြထားတဲ့ သတင်း အရင်းအမြစ်တွေ (source of information) ကို အခြေခံပြီးတော့ ကျနော် တတ်ကျွမ်းထားတဲ့ ပညာနဲ့ မြန်မာနိုင်ငံမှာတော့ ဘာတွေ ဖြစ်လာနိုင်တယ်ဆိုတာကို ခန့်မှန်းရတာပေါ့။
မေး ။ ။ ပြီးခဲ့တဲ့ရက်ပိုင်းက ဆရာ ရေးထားတဲ့ မိုးလေ၀သဆိုင်ရာ ဆောင်းပါးထဲမှာ မိုးတိမ်တောင်၊ လေဆင်နှာမောင်းနဲ့ စိုက်ဆင်း လေပြင်းဖြစ်စဉ်တွေကို ကမ္ဘာမှာ လက်ရှိတိုင်းတာ နေသလို စကေးအသေးစိတ် တိုင်းတာနိုင်ဖို့အတွက် ရေဒါ တိုင်းတာချက်တွေ လိုအပ်တယ်လို့ ဆိုပါတယ်။ ဒါတွေကို မြန်မာပြည်မှာ တပ်ဆင်နိုင်ဖို့ ၁၉၉၇ ခုနှစ်ကတည်းက ကြိုးပမ်းနေခဲ့တာ အခုထိပဲလို့ ရေးထားတာ တွေ့ရပါတယ်။ ဘယ်လိုအခက်အခဲတွေကြောင့် အခုထိ အသုံးမပြုနိုင်သေးတာလဲ သိချင်ပါတယ်။
ဖြေ ။ ။ အဓိကကတော့ နှစ်ပိုင်းပေါ့။ တပိုင်းကတော့ အထောက်အကူပြု ကိရိယာ အားနည်းတဲ့အပိုင်းပေါ့။ ဥပမာ ဆိုကြပါစို့။ လူတွေက လေဆင်နှာမောင်း ခန့်မှန်းလို့ရလား၊ မိုးတိမ်တောင်ကို မပြောနိုင်ဘူးလားဆိုပြီး မေးလာရင် နည်းပညာပိုင်း အရတော့ ပညာရှင်တွေက ပြောနိုင်တာပေါ့ဗျာ။ ဒါပေမယ့် ဒါတွေနဲ့ပတ်သက်ပြီး ဘယ်အချိန်လောက်မှာ အင်အား ဘယ်လောက်နဲ့ ၀င်လာနိုင်တယ် ဆိုတာကို အနီးစပ်ဆုံး ပြောဖို့အတွက် အထောက်အကူပြု ကိရိယာတွေ လိုတယ်ပေါ့။
အထောက်အကူပြု ကိရိယာဆိုတာလည်း ထူးထူးထွေထွေတော့ မဟုတ်ပါဘူး။ မိုးလေ၀သဆိုင်ရာ ရေဒါ လိုတာပါပဲ။ ရေဒါကလည်း အမျိုးမျိုးရှိတာပေါ့။ ရေဒါရဲ့ တိုင်းထွာနိုင်စွမ်းအပေါ် မူတည်ပြီး သူတိုင်းထွာနိုင်တဲ့ အ၀န်းအ၀ိုင်း အတွင်းမှာတော့ အပ်ကျတာကအစ မြင်နိုင်တာပေါ့။ အခုအချိန်အထိတော့ ကျနော်တို့ဆီမှာ ရေဒါကောင်း တခုမှကိုမရှိဘူး။ အရင်တုန်းကတော့ ကျောက်ဖြူမှာ မုန်တိုင်းကြည့် ရေဒါ တခုရှိပါတယ်။ ၁၉၇၄ ခုနှစ်က ထုတ်တဲ့ ရေဒါပါ။ တပ်ဆင်တာကတော့ ၁၉၇၆ ခုနှစ် လောက်မှာလို့ ထင်ပါတယ်။ ကျနော်တို့ မိုး/ဇလ က လူတွေလည်း ရိုရိုသေသေ သုံးပါတယ်။ ဒါပေမယ့် ကာလကြာလာတော့ ပျက်စီး ယိုယွင်းလာတဲ့အတွက် အပိုပစ္စည်းထည့်ဖို့ လိုလာလို့ လိုက်ရှာတော့ မရတော့ဘူးဗျ။ မိုဒယ်လ်က အောက်နေပြီကိုး။ ဆိုတော့ ဒီရေဒါကြီးကို ဒီအတိုင်း ထားလိုက်ရတာပေါ့။ အဲဒီကတည်းက ကျနော်တို့လည်း ရေဒါသစ်ပြန်ရရေး ကြိုးစားကြပါတယ်။ ကျနော်တို့ရဲ့ ရရာ ရကြောင်းကလည်း အကူအညီတောင်းတဲ့ အစီစဉ်နဲ့ပဲ တောင်းကြရတာပေါ့။ ကမ္ဘာ့ မိုးလေ၀သအဖွဲ့ချုပ်ရဲ့ စေတနာအလျောက် ထောက်ပံ့တဲ့အစီစဉ်က တောင်းတဲ့အခါကျတော့ မရခဲ့ဘူးဗျာ။ ပြောရရင် ကျနော်တို့ အလှူရှင် ရှာလို့ မရဘူးပေါ့။ မရတော့လည်း ရေဒါ မတပ်နိုင်ဘူးပေါ့။ လိုရင်းကတော့ ဒါပါပဲဗျ။
မေး ။ ။ရေဒါတွေတပ်မယ်ဆိုရင်ဘယ်လောက်ကုန်ကျနိုင်ပါသလဲ။ဘာကြောင့်အစိုးရက မတပ်နိုင်သေးတာလဲ။
ဖြေ ။ ။ ရေဒါကတော့ အမျိုးအစား မျိုးစုံရှိပါတယ်။ ကျောက်ဖြူမှာ ရေဒါပြန်တပ်မယ်၊ အဆောက်အအုံနဲ့ ၀န်ထမ်း အိမ်ရာတွေလည်း ပါမယ်ဆိုရင် ကျနော်တို့ တွက်ထားတာ ဒေါ်လာ ၇ သန်းလောက် ကုန်ကျပါမယ်။ အလုပ်အပေါ်မှာ မူတည်ပြီး တပ်မယ်ဆိုရင်တော့ ဒေါ်လာ လေး၊ ငါးသောင်းနဲ့လည်း တပ်လို့ရပါတယ်။ ဘာ့ကြောင့် မတပ်သေးတာလဲ ဆိုတာတော့ ကျနော် ဖြေရမယ့် မေးခွန်းမဟုတ်လို့ မဖြေတတ်ပါဘူး။
မေး ။ ။ ပြည်တွင်းမှာ အင်တာနက် မြန်နှုန်းက တခါတရံမှာ အလွန်အမင်းကို ကျဆင်းသွားတတ်တယ်လို့ သုံးစွဲသူတွေက ပြောကြပါတယ်။ ဆရာလည်း အင်တာနက်အသုံးပြုပြီး မိုးလေဝသ ခန့်မှန်းမှုတွေကို ၀က်ဘ်ဆိုက် တင်နေရတာဆိုတော့ အခက်အခဲ မကြုံရဘူးလား။
ဖြေ ။ ။ ဒီလိုကတော့ ကြုံရပါတယ်။ ကောင်းလိုက်၊ မကောင်းလိုက်ပေါ့ဗျ။ နည်းနည်း ညံ့သွားတဲ့ အခါတွေမှာ အခက်အခဲ တွေ့တာပေါ့။ ဒီမှာသုံးလို့ အဆင်ပြေတဲ့အချိန်က လူသုံးနည်းတဲ့ အချိန်တွေပေါ့ဗျာ။ ဒါကြောင့် အင်တာနက်ကောင်းကောင်း သုံးချင်ရင် ည ၁ နာရီကျော်မှ သုံးရတာမျိုးတွေလည်း ရှိပါတယ်။ မိုးလင်းတဲ့အထိ အလုပ်လုပ်ရပါတယ်။ လုံးဝ သုံးမရတော့ဘူး ဆိုရင်လည်း မြန်နှုန်းမြင့်ရတဲ့ ဆိုင်တွေမှာ သွားသုံးရတာတွေ ရှိတယ်။ မြန်နှုန်းမြင့်အင်တာနက် ရတဲ့ စင်တာတွေကို သွားသုံး ရတာတွေလည်း ရှိပါတယ်။ အဲဒီလို mobile user လုပ်ရတဲ့အခါမျိုးတွေလည်း ရှိပါတယ်။ မိုး/ဇလ သတင်းတွေကို အချိန်မီ ထုတ်ပေးနိုင်အောင်တော့ ကျနော်လည်း ကြိုးစားပါတယ်။ လုံးဝ မရတော့ဘူး ဆိုရင်တော့လည်း မတတ်နိုင်ဘူးပေါ့ဗျာ။
မေး ။ ။ မြန်မာနိုင်ငံရဲ့ ရာသီဥတု ဖြစ်စဉ်တွေက အခုနောက်ပိုင်းမှာ တော်တော်ဆိုးဆိုးရွားရွား ဖောက်ပြန်လာတာ တွေ့ရပါတယ်။ ရာသီဥတု ပြန်လည်ကောင်းမွန်လာဖို့ ဘာတွေ လုပ်သင့်တယ်လို့ ထင်မြင် မိပါသလဲ။
ဖြေ ။ ။ အဲဒါကတော့ သိပ်တော့ မလွယ်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့ ကမ္ဘာ့ရာသီဥတုကိုက ဖောက်ပြန်လာတာကိုး။ ဒါပေမယ့်လည်း လက်လျော့ရမယ်တော့ မဟုတ်ဘူးပေါ့လေ။ အများဆုံး တတ်နိုင်တာကတော့ သစ်ပင်ပြန်စိုက်တဲ့ အလုပ်ပေါ့ဗျာ။ ဒီအလုပ်ကိုပဲ ဦးစားပေး လုပ်နေကြရမှာပါပဲ။ ကမ္ဘာမှာတော့ ရာသီဥတုပြောင်းလဲမှုနဲ့ ပတ်သက်ပြီး လေ့လာထားတာ ရှိပါတယ်။ ဘယ်ရပ်ဝန်း (sector) က ရာသီဥတု ပြောင်းလဲမှု ဖြစ်စဉ်တွေအပေါ် အဓိက အကျိုးသက်ရောက် စေသလဲ ဆိုတာပါ။ ဥပမာ စိုက်ပျိုးရေးလား၊ စက်မှုလုပ်ငန်းလား၊ သစ်တောပြုန်းတီးတာလား၊ လူဦးရေတိုးမှုကြောင့်လား စတဲ့ ရပ်ဝန်းတွေအပေါ် မူတည် တွက်ချက်ထားတာ ရှိပါတယ်။
ကဏ္ဍအသီးသီးကနေ ဖြစ်ပေါ်လာတဲ့ သက်ရောက်မှုတွေကို လေ့လာတဲ့အခါ ပေါ်ထွက်လာတဲ့ ရလဒ်ကတော့ ရာသီဥတု ပြောင်းလဲမှုအတွက် အဓိကကျတဲ့ အကြောင်းအရာဟာ တိုင်းပြည်တပြည်ရဲ့ ဂျီဒီပီ လို့ ထွက်လာပါတယ်။ ဂျီဒီပီ ဆိုတာတော့ သိကြတဲ့ အတိုင်းပဲ နိုင်ငံနဲ့ ပတ်သက်တဲ့ စီးပွားရေး ညွှန်းကိန်းတခုပါပဲ။ ဒီအပေါ် မူတည်ပြီး ရာသီဥတု ပြောင်းလဲမှုတွေ ဖြစ်ပေါ် စေနိုင်တယ်လို့ နောက်ဆုံး လေ့လာတွေ့ရှိချက်တွေမှာ ဖော်ပြထားပါတယ်။
မေး ။ ။ တချိန်တုန်းက ပင်လယ် မှောင်ခိုလှေတွေဟာ မိုး/ဇလ ၀န်ထမ်းတွေနဲ့ ပေါင်းပြီး ပင်လယ်မှာ မုန်တိုင်းရှိနိုင်တယ်ဆိုတဲ့ သတင်းတွေ ထုတ်ခိုင်းတယ်၊ အဲဒီသတင်းပေါ်ထွက်လာလို့ အစိုးရ ကင်းလှည့်ရေယာဉ်တွေ ကမ်းကပ် ရပ်နားထားချိန်မှာ မှောင်ခိုလှေတွေ ထွက်လေ့ရှိတယ်ဆိုပြီး ပြောကြတာတွေလည်း ရှိပါတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ဘာများ ပြောပြနိုင်ပါမလဲ။
ဖြေ ။ ။ ကျနော့်ဘက်ကတော့ လုံးဝ ငြင်းဆိုပါတယ်။ ဒီလိုအဖြစ်မျိုးတွေ မရှိခဲ့ပါဘူး။ ကျနော်တို့ မိုး/ဇလ ဌာနအနေနဲ့ အဲဒီလိုလုပ်လို့ လုံးဝကို မရနိုင်ပါဘူး။ မိုး/ဇလ ဌာနရဲ့ လုပ်ထုံးလုပ်နည်းတွေကို မသိတဲ့သူတွေ ရမ်းသမ်းပြောတာပဲ ဖြစ်ပါလိမ့်မယ်။ မိုးလေ၀သ ခန့်မှန်းချက် သတင်းတွေကို အရင်ကတော့ ရန်ကုန်ရုံးချုပ်က ထုတ်တာပါ။ အခုတော့ နေပြည်တော်ပေါ့နော်။ မိုးလေ၀သ သတင်းတွေကို တဦးတယောက်က ထုတ်လို့မရပါဘူး။ ကျနော်တို့ အဖွဲ့အစည်းနဲ့ ထုတ်ရတာ ဖြစ်ပါတယ်။
မေး ။ ။ ၂၀၀၈ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့ ဆိုင်ကလုန်းနာဂစ် ဖြစ်စဉ်ကို ပြန်တွေးလိုက်မယ်ဆိုရင် ဆရာ ဘယ်လိုများ ခံစားရပါသလဲ။
ဖြေ ။ ။ နာဂစ်ဖြစ်စဉ်ကို ပြန်တွေးလိုက်ရင်တော့ မချင့်မရဲတော့ ဖြစ်တာပေါ့ဗျာ။ မချင့်မရဲဖြစ်တယ်ဆိုတာက နာဂစ်က ဒီနေရာမှာ ဒီလို ဖြစ်တော့မယ်ဆိုတာ ကျနော် ၅ ရက်လောက် ကြိုသိနေတာပဲလေ။ ဒါပေမယ့်လို့ ကျနော်တို့အားလုံးက အတွေ့အကြုံ မရှိကြတာရယ်၊ ဒီအပေါ်မှာ သိပ်ပြီးတော့ အရေးတယူ မရှိတာရယ်၊ အထင်သေးတာလည်း ပါတယ်ပေါ့လေ။ ဒီလိုကြီး အထိတော့ မဖြစ်လောက်ဘူးဆိုပြီး ထင်ခဲ့ကြတာလည်း ပါတယ်ပေါ့လေ။ အားလုံးပါပဲ။ ဘယ်သူကြောင့်ရယ်လို့ အပြစ်မပြောပါဘူး။ ပထမဆုံးအကြိမ် ဆိုတော့ ပေးဆပ်မှုက ကြီးတာပေါ့။ တခြားနိုင်ငံတွေမှာလည်း ပထမဆုံးအကြိမ်တော့ ဒီလို ဖြစ်လေ့ရှိပါတယ်။ လောလောဆယ်တော့ ကျနော့် ခေါင်းထဲမှာ ရှိနေတာက နောက်တကြိမ် ထပ်မဖြစ်ဖို့ပါပဲဗျာ။ နောက်တကြိမ် မဖြစ်ဖို့ဆိုတာက ကျနော်တို့ ဖြည့်ဆည်းသင့်တာ ဖြည့်ဆည်းရမယ်။ ပြုပြင်သင့်တာ ပြုပြင်ရမယ်။ ပိုကောင်းအောင် လုပ်သင့်တာ လုပ်ရမယ်။ နာဂစ်က ပေးသွားတဲ့သင်ခန်းစာတွေကို လေ့လာပြီး အကောင်းဆုံး ပြင်ဆင်ကြဖို့ လိုပါတယ်။ ။

Geen opmerkingen: