မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 24 maart 2011

ကနေဒါ နိုင်ငံသားတဦး မြ၀တီ၌ အဖမ်းခံရ

ဧရာဝတီ Thursday, 24 March 2011 19:36
.ထိုင်း-မြန်မာနယ်စပ်ကရင်ပြည်နယ်မြ၀တီမြို့သို့ တရားမ၀င် သွားရောက်ခဲ့သည့် အသက် ၆၂ နှစ်အရွယ်ရှိ ကနေဒါနိုင်ငံသား တဦးကို သက်ဆိုင်ရာ အာဏာပိုင်များက ဖမ်းဆီးလိုက်ပြီး မြ၀တီ ရဲစခန်းတွင် ချုပ်နှောင်ထားသည်။
ယင်း ကနေဒါ နိုင်ငံသားသည် ယမန်နေ့ မွန်းလွဲပိုင်းက ထိုင်းနိုင်ငံ တာ့ခ် ခရိုင် ဖုတ်ဖရမြို့နယ် ဝေါ်လေရွာမှတဆင့် နယ်ခြား သောင်ရင်းမြစ်ကိုဖြတ်ကူးကာ မြန်မာနိုင်ငံ မြ၀တီခရိုင် ဝေါ်လေမြိုင်ရွာသို့ ရောက်ရှိစဉ် အဖမ်းခံရခြင်းဖြစ်သည်ဟု မြ၀တီခရိုင်ရှိ လူဝင်မှုကြီးကြပ်ရေးဌာန(လ၀က)အရာရှိတဦးက ဧရာဝတီသို့ ပြောသည်။
အဖမ်းဆီးခံရသည့် ကနေဒါ နိုင်ငံသားထံတွင် နိုင်ငံကူးလက်မှတ်တခုနှင့် ဓာတ်ပုံကင်မရာ တခုပါရှိပြီး မြန်မာဘက်ကို ထိုင်းနိုင်ငံအတွင်း တည်ရှိသည်ဟုထင်ကာ ၀င်ရောက်မိခြင်းဖြစ်သည်ဟု မြ၀တီ အာဏာပိုင်များထံတွင် ထွက်ဆိုကြောင်း သိရသည်။
မြ၀တီခရိုင် အာဏာပိုင်များက ဖမ်းဆီးထားသည့် ကနေဒါနိုင်ငံသားကို အသေးစိပ်စစ်ဆေးမှု ပြုလုပ်နေပြီး လ၀က ဥပဒေ အရ အရေးယူသွားမည်ဟု ဆိုသည်။
၎င်းဖြစ်စဉ်နှင့်ပတ်သက်၍ ထိုင်းအာဏာပိုင်များကလည်း လိုက်လံစုံစမ်းလျှက်ရှိကြောင်း သိရသည်။
ယမန်နှစ် နိုဝင်ဘာလ အတွင်းကလည်း ရွေးကောက်ပွဲ သတင်းယူရန် မြ၀တီမြို့သို့ တရားမ၀င် သွားရောက်ခဲ့သည့် APF(AsiaPressFront)သတင်းဌာနမှအသက် ၄၉ နှစ် အရွယ်ရှိ ဂျပန် သတင်းထောက် မစ္စတာ တိုရု ယာမဂျိ ဆိုသူကို မြ၀တီရဲက ဖမ်းဆီးပြီး လ၀က ဥပဒေဖြင့် တရားစွဲခဲ့ဖူးသည်။



၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ရှိ ရဟန်း သံဃာများ ဦးဆောင်သော ရွှေဝါရောင် တော်လှန်ရေးတွင် သတင်း ယူရင်း ပစ်သတ်ခံရသော ဂျပန် သတင်းထောက် မစ္စတာ ကန်ဂျီးနာဂါအိသည်လည်း APF သတင်းဌာနမှပင် ဖြစ်သည်။

Geen opmerkingen: