မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 31 maart 2011

လေဘေးသင့်ရေလုပ်သားတသောင်းကျော်ကယ်ဆယ်ပြီး၊၇၀၀ကျော်ပျောက်ဆုံးဆဲ

နရီလင်းလက် Thursday, 31 March 2011 13:38
ဧရာဝတီတိုင်းဖျာပုံခရိုင်အတွင်းရှိလေဘေးသင့်ရေလုပ်သား၁၁၀၀၀ ကျော်ကို ကယ်ဆယ်ရရှိ ထားသည်ဟု ဖျာပုံမြို့နယ် ကျားပိုက် လုပ်ငန်းရှင်များအဖွဲ့က ယနေ့ ပြောကြား လိုက်သည်။
ကော့သောင်းမြို့သို့ရောက်ရှိလာသည့်ရေလုပ်သားဒုက္ခသည်များကိုမတ်လ၂၁ရက်နေ့ကတွေ့ရစဉ်။ လေပြင်းမုန်တိုင်းတိုက်ခတ်မှုကြောင့်ပင်လယ်ထဲတွင်မျောနေသောမြန်မာရေလုပ်သားများကို မြန်မာ့ရေတပ်နှင့်ငါးဖမ်းသင်္ဘာကြီးများကကယ်တင်ခဲ့ပြီးတနင်္သာရီတိုင်းကော့သောင်းမြို့နှင့်ရန်ကုန်မြို့သို့ ပို့ဆောင်ပေးခဲ့သည်။(ဓာတ်ပုံ-http://burmese.nldburma.org)
အဆိုပါအရေအတွက်သည်ဖျာပုံမြို့နယ်တွင်ဖွင့်လှစ်ထားသည့်ကယ်ဆယ်ရေးစခန်း၂ ခုသို့ ဒေသအသီးသီးမှ ကယ်ဆယ် ရရှိလာပြီးသည့် လူစာရင်းဖြစ်သည်ဟု ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူ တဦးက ဧရာဝတီ သို့ ပြောသည်။
“ကျနော်တို့ဆီမှာရှိတဲ့ ရေလုပ်သားစာရင်းနဲ့ ပြန်ကယ်ဆယ်လို့ ရောက်လာတဲ့ လူစာရင်းကို နုတ်လိုက်တော့ ပျောက်ဆုံးနေတဲ့ရေလုပ်သား၇၀၀ကျော်လောက်ရှိနေသေးတယ်။ပင်လယ်ထဲမျောသွားတဲ့ ရေလုပ်သားအများစုက ဖျာပုံမြို့ထဲက များတယ်”ဟု ၎င်း က ဆိုသည်။
မတ်လ ၁၄ ရက်နေ့မှ ၁၆ ရက်နေ့အထိ လေပြင်းတိုက်ခတ်မှုကြောင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ ဖျာပုံ ၊ ဒေးဒရဲ ၊ လပွတ္တာ ၊ မြောင်းမြ၊ တွံတေး၊ ကွမ်းခြံကုန်း၊ ကော့မှူး စသည့် မြို့နယ်များရှိ ရေလုပ်သားများ ပင်လယ်တွင်း မျောပါသွားခဲ့သည်။
မတ်လ ၁၄ ရက်နေ့ မှ မတ်လ ၁၇ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် မြစ်ဝကျွန်းပေါ်၊ မုတ္တကွေ့ ၊ မွန်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်း တလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံအရှေ့ဘက်မှ လေပြင်းများကျရောက်ပြီး လှိုင်းအသင့် အတင့် မှ လှိုင်းကြီးနိုင်ကြောင်း၊ လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တနာရီ ၃၅ မိုင် တိုက်ခတ်မည်ဖြစ်ကြောင်း ဖော်ပြခဲ့ သည်။
သို့သော် လေပြင်းတိုက်ခတ်မှုနှုန်းမှာ ၁ နာရီ မိုင် ၆၀ မှ ၇၀ နှုန်း ရှိခဲ့သောကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ရေလုပ်သားများသည် ကော့သောင်း ၊ ကျိုက္ခမီ ၊ ကိုကိုးကျွန်း ၊ ဟိုင်းကြီးကျွန်းနှင့် ရန်ကုန်မြို့ စသည့် ဒေသအနှံ့သို့ ရောက်ရှိ သွားခဲ့ကြောင်း သိရသည်။
“ဖျာပုံမြို့နယ်မှာတင်ကျေးရွာအုပ်စုတွေကအများကြီး၊ အဲဒီမှာ ရေလုပ်သားတွေကလည်း အများကြီးဆိုတော့ ဧရာဝတီတိုင်း တခု လုံးအနေနဲ့ တွက်ရင် ရေလုပ်သား ၁ သောင်းခွဲနဲ့ ၂ သောင်းကြားမှာ ရှိနေတယ်”ဟု ဖျာပုံမြို့နယ် ကျားပိုက်လုပ်ငန်းရှင်များအဖွဲ့ တာဝန်ရှိသူက ပြောသည်။
ဖျာပုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်သွယ်ရေး ဦးစီးဌာနမှ စာရင်းအရ ခန့်မှန်းခြေ ကျေးရွာအုပ်စု ၄၃ အုပ်စု ၊ ကျေးရွာပေါင်း ၁၄၀ ၊ ကျေးရွာ ခွဲပေါင်း ၉၇ ခု ရှိကြောင်း စုံစမ်း သိရှိရသည်။
ဖျာပုံမြို့နယ်၌ အင်္ဂလန်ကျားဖောင် လုပ်ငန်း လုပ်ကိုင်သူ ၂၅၀၀ ရှိပြီး အဆိုပါ ကျားဖောင်တစီးလျှင် လူ ၃ ဦးမှ ၄ ဦး ပျမ်းမျှ လိုက် ပါလေ့သည်ဟု ဖျာပုံမြို့နယ် မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ စာရင်းက ဆိုသည်။
“ဒေသအခေါ်အရ အင်္ဂလန် ကျားဖောင် ဆိုတာ ၀ါးဖောင်အကြီးကြီးတွေဖွဲ့ပြီး ကမ်းစပ်မှာ စိုက်ပြီး ပုစွန် ၊ ငါးနုတ် ၊ ငါးသေး လေး တွေ အဓိက ဖမ်းပြီး အသက်မွေးဝမ်းကျောင်းတဲ့ သူတွေပေါ့။ ၀ါးဖောင်ပေါ်မှာ တဲအိမ်လေးတွေဆောက်ပြီး မိသားစုပါ ချက်ပြုတ်စားပြီး နေကြတာပေါ့”ဟု ဖျာပုံမြို့နယ်ရှိ မြန်မာနိုင်ငံငါးလုပ်ငန်း မှ တာဝန်ရှိသူတဦးက ပြောသည်။
အဆိုပါ အင်္ဂလန် ကျားဖောင် လုပ်ငန်း လုပ်ကိုင်လိုပါက သက်ဆိုင်ရာ ဒေသရှိ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်တွင် ကျပ် ၄၀၀၀ မှ ၅၀၀၀ ကြား ပေးဆောင်ကာ လိုင်စင်ထုတ်ယူနိုင်ကြောင်း၊ ငွေကြေးချို့တဲ့သည့် ဒေသခံအများစုမှာ ယင်း ကျားဖောင် လုပ်ငန်းဖြင့် သာ အသက်မွေးကြကြောင်း သိရသည်။
“ဒေသခံ ရေလုပ်သားအများစုကတော့ ဘာငါးဖမ်းစက်လှေမှ မပိုင်သလို ၊ ငါးဖမ်းလှေလည်း မရှိဘူး။ အားလုံးကချို့တဲ့တော့ ကျားဖောင်နဲ့ပဲ ငါးဖမ်းတာများတယ်။ ငါးဖမ်း စက်လှေက မြင်းကောင်ရေပေါ်မူတည်ပြီး ကျပ် ၁ သိန်းကနေ ၄ သိန်း ပေးရတယ် ဆိုတော့ ဘယ်သူမှလည်း မ၀ယ်နိုင်ဘူး။ အများစုကတော့ စီးပွားရေးလုပ်ငန်းရှင်တွေပဲ ပိုင်တာ များတယ်”ဟု မြန်မာနိုင်ငံ ငါးလုပ်ငန်းတာဝန် ရှိ သူက ဆက်ပြောသည်။
ယမန်နေ့အထိ ပင်လယ်ငါးဖမ်းစက်လှေများမှ ရန်ကုန်မြို့ နန်းသီတာ ဆိပ်ကမ်းသို့ ကယ်ဆယ်ရရှိလာသည့် ရေလုပ်သား အရေ အတွက်မှာ ၄၀၀၀ ကျော်ရှိပြီး ယနေ့ အထိ ထပ်မံ ကယ်ဆယ်ရလာခြင်းမရှိသေးဟု ၎င်းက ဆိုသည်။
“ပထမ ခန့်မှန်းခြေ ပင်လယ်ထဲမှာ မျောနေတာ ၇၀၀၀ လောက်ရှိမယ် ထင်တာ၊ ဖျာပုံတမြို့တည်းတင် ကျားစီး ဖောင်လိုင်စင်ရှိတဲ့ အရေအတွက် ၊ ဖောင်ပေါ်ပါတဲ့ ရေလုပ်သား အပါအ၀င် သူတို့တွေက အိမ်ဆောက်နေတာဆိုတော့ မိသားစုတွေ အပါအ၀င် ခန့်မှန်းခြေ ၁၁၀၀၀ ကျော်လောက်ရှိတယ်”ဟု အထက်ပါ ငါးလုပ်ငန်းတာဝန်ရှိသူက ပြောသည်။
မတ်လ ၂၂ ရက်နေ့ထုတ် အစိုးရသတင်းစာများတွင် လေဘေးသင့် ရေလုပ်သားများကို ပင်လယ်ပြင်တွင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယနေ့အထိ တပ်မတော်(ရေ)စစ် ရေယာဉ်များ၊ ပင်လယ်ပြင်အတွင်း ငါးဖမ်းရေယာဉ်များနှင့် ဒေသခံ ငါးဖမ်းစက်လှေများကရေလုပ်သား ၃၃၇၄ ဦးကို ကယ်တင်နိုင်ခဲ့ကြောင်း၊၎င်းရေလုပ်သားများအနက်၃၁၅၂ ဦးကိုသက်ဆိုင်ရာ နေရပ်များသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ ကျန်ရှိနေသော ရေလုပ်သား၂၂၂ ဦးကိုမူ တာဝန်ရှိသူများက လိုအပ်သော ဆေးဝါး ကုသမှု များ၊ အ၀တ် အထည်များ၊ စားသောက်ဖွယ်ရာများဖြင့် ထောက်ပံ့ကူညီ စောင့်ရှောက်ပေးထားကြောင်း ရေးသားထားသည်။
“ကျားဖောင်တွေက များသောအားဖြင့် ကမ်းနဲ့ ၁၅ မိုင် နဲ့ မိုင် ၃၀ လောက် အကွာ မုတ္တမ ပင်လယ်ဝ ၊ ကပ္ပလီ ပင်လယ် တွေမှာ ဆိုက်ထားပြီး ငါးဖမ်း၊ ပုစွန်ဖမ်းလုပ်ကြတာ။ ကြေညာထားတဲ့ လေတိုက်နှုန်းက ၃၅ မိုင် လောက်ပဲ ရှိမယ်ဆိုတော့ ကျားဖောင် တွေက မိုင် ၅၀ လောက် အထိ လေတိုက်နှုန်းကို ခံနိုင်တယ်။ ဒီတော့ ပုံမှန်ပဲ နေနေကြတာ”ဟု ငါးဖမ်း လုပ်ငန်း လုပ်ကိုင်သူတဦးက ပြောသည်။
၎င်းက ဆက်၍ “ငါးဖမ်းစက်လှေကြီးတွေ ၊ ငါးဖမ်းသဘောင်္ကြီးတွေ အများစုက အင်တာနက် က သတင်းတွေ ဖတ်တယ်။ နောက် ယိုးဒယား လိုင်းက မိုးလေ၀သ သတင်းတွေနားထောင်ဖြစ်တော့ အချိန်မီ ကမ်းကပ်နိုင်သွားတယ်။ ဒါကြောင့်လည်း ဘာမှ မဖြစ် တာ”ဟု ပြောဆိုသည်။
ရန်ကုန်အခြေစိုက် ဂျာနယ်သတင်းထောက် တဦးကလည်း“တနေ့ကအထိတော့ နန်းသီတာ သဘောင်္ဆိပ်ကို ရောက်လာတဲ့ ရေ လုပ်သားတွေကို ငါးလုပ်ငန်းက စီစဉ်ပေးထားတဲ့ ကားနဲ့ နေရပ်ကို ချက်ချင်း ပြန်လွှတ်တာ”ဟု ပြောသည်။
လေပြင်း တိုက်ခတ်မှုများကြောင့် ရန်ကုန်တိုင်းအတွင်း နေအိမ် အလုံး ၁၁၀၊ တဲ ၃၈ လုံးနှင့် ဧရာဝတီတိုင်းအတွင်း အိမ်ခြေ ၂၀ ခန့် ပြိုကျပျက်စီးသွားခဲ့ကြောင်း မတ်လ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ယမန်နေ့ထုတ် နိုင်ငံပိုင်သတင်းစာတွင် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းတခုဖြစ်ပေါ်နေပြီး အဆိုပါ လေ ဖိ အားနည်း ရပ်ဝန်းအရှိန်ကြောင့် မြစ်ဝကျွန်းပေါ် ၊ မုတ္တမကွေ့၊ မွန်ပြည်နယ်နှင့် တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့်မှ လှိုင်းကြီးနိုင်ကြောင်း ၊ မိုးသက်လေပြင်းကျ ရောက် စဉ် ရေပြင် မြေပြင်လေသည် တနာရီ ၃၅ မိုင်မှ မိုင် ၄၀ ထိ တိုက်ခတ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ထုတ်ပြန်ထားသည်။

Geen opmerkingen: