မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 9 maart 2011

မြဝတီလမ်းကြောင်းကုန်ဝင်လုံးဝပိတ်ထား

ကျော်ခ ဗုဒ္ဓဟူးနေ့၊ မတ်လ ၀၉ ရက် ၂၀၁၁ ခုနှစ် ၁၈ နာရီ ၅၈ မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။ထိုင်းနိုင်ငံထုတ်ကုန်များမြဝတီလမ်းကြောင်းမှ ဝင်ရောက်နေခြင်းအပေါ် ထပ်မံပိတ်ဆို့ မှုတရပ်ကို မြန်မာအာဏာပိုင်များက ဗုဒ္ဓဟူးနေ့ နံနက်က စတင်လိုက်သည်ဟု ကုန်သည်များက ပြောသည်။
အရေးပါသော ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်လမ်းကြောင်း တခုဖြစ်သည့် မဲဆောက်-မြဝတီ ချစ်ကြည်ရေး တံတားဂိတ်ကိုမြန်မာအာဏာပိုင် များက မနှစ် ဇူလိုင်လက ပိတ်ခဲ့သော်လည်း သောင်းရင်းမြစ်ကြောင်းဘေး ကူးတို့ဂိတ်များမှ သယ်ယူမှုများ ဆက်လက်ရှိနေခဲ့သည်။
သို့သော် ယခုအခါ တနိုင်တပိုင် သယ်ယူတင်ပို့မှုများကိုပါ ပိတ်ပင်လိုက်ခြင်း ဖြစ်သည်။
ယခင်က ထိုင်းနိုင်ငံထုတ် အဝတ်အထည်၊ စားသောက်ကုန်နှင့် လျှပ်စစ်ပစ္စည်းများကို အာဏာပိုင်များထံ လာဘ်ငွေပေး၍ သယ်နိုင်သော်လည်း ယနေ့နံနက်တွင် မြဝတီအထွက် ကားကြီးဝင်း စစ်ဆေးရေးဂိတ်တွင် နယ်စပ် ကုန်သွယ်ရေး နှင့် လုံခြုံရေး (နစခ) အဖွဲ့များက ငွေလက်မခံဘဲ ပိတ်ပင်လာခဲ့သည်။
“အခုဟာကကားထဲမှာတဆွဲတပိုးသယ်တဲ့လူတွေ၊လက်ဆောင်ပေးလို့ယူလာတာပဲဖြစ်ဖြစ်တခုမှကို ပါလို့မရတာ။တွေ့တာနဲ့ပစ္စည်းတွေတော့မသိမ်းဘူး။ကားတစီးလုံးနောက်ကြောင်းပြန်မောင်းခိုင်းတယ်။ ဒီပစ္စည်းတွေတခုမှမပါမှထွက်ခွင့်ပြုမယ်လို့ပြောတယ်” ဟုယာဉ်မောင်း တဦးက မဇ္ဈိမကိုပြောသည်။
စစ်ဆေးရေးအဖွဲ့များက အောက်ဆင်းမည့် ကားအားလုံးကို တစီးလျှင် မိနစ် ၂ဝ ခန့်ကြာအောင် စစ်ဆေးခဲ့ပြီး ထိုင်းကုန်ပစ္စည်း မပါသည့် ကားများကိုသာ ထွက်ခွင့်ပေးသည်။
“စီမံချက်ရှိလို့ အဖမ်းပြတာ၊ တားမြစ်တာတွေကိုတော့ အရင်တုန်းက ခဏခဏ လုပ်တယ်။ အခုဟာက ငွေပေးပြီး ကျော်သွားလို့လဲမရဘူး။ ဖမ်းလဲမဖမ်းဘူး။ ပစ္စည်းပါတာနဲ့ လုံးဝကို ဆင်းခွင့်မပြုတော့တာ။ ၁၃ ရက်နေ့ကျရင်အခုဝင်နေတဲ့အောက်ဂိတ်တွေပါပိတ်မယ်လို့ပြောနေတယ်”ဟု ကော်ပစ္စည်းများ သွင်းနေသည့် ကုန်သည် တဦးက မဇ္ဈိမကိုပြောသည်။
ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား မပိတ်မီက မြဝတီလမ်းကြောင်းမှ မြန်မာနိုင်ငံဘက် ပို့နေသည့် ပို့ကုန် တန်ဘိုး တလ ဘတ်သန်း ၃,ဝဝဝ ရှိနေရာက တံတားပိတ်ပြီးနောက်ပိုင်း တလ ဘတ်သန်း ၁၂ဝဝ ခန့်သာ ရှိတော့ကြောင်း မဲဆောက်အခြေစိုက် အကောက်ခွန်ဇုန်ရုံး ဦးစီးမှူးပြောကြားချက်ကို ကိုးကား၍ ဘီဘီစီ မြန်မာပိုင်းအစီအစဉ်၏ အင်္ဂါနေ့က ထုတ်လွှင့်ချက်တွင် ပါရှိသည်။
ကရင်ပြည်နယ်၊ ဒေါနတောင်တန်းကြီး၏ အရှေ့ဘက်ရှိ မြဝတီမှာ ထိုင်း-မြန်မာနယ်စပ် အဓိက ကုန်သွယ်ရေး လမ်းကြောင်းပေါ်က မြို့တမြို့ဖြစ်သည်။ တံတားနှင့် ဂိတ်များ ပိတ်မှုကြောင့် ယခုအခါ ကုန်သည်များသာမက မြို့ခံ စီးပွားရေးသမားများပါ စီးပွားရေးထိခိုက်မှုနှင့် ကြုံနေကြသည်။
မြို့ပေါ်ရှိ ကုန်စိမ်း၊ ကုန်ခြောက် ဈေးများ၊ တည်းခိုခန်းများ၊ ငွေလဲလှယ်ရေးဆိုင်များ၊ စားသောက်ဆိုင်များ၊ ရှေးဟောင်း ပစ္စည်းဆိုင်များ၊ အလှပြင်ဆိုင်များနှင့် ခရီးသွား လိုင်းကားများ ယခု အရောင်းအဝယ် ကျဆင်းလာပြီဟု မြို့ခံစီးပွားရေးသမားများထံမှ စုံစမ်းသိရသည်။
ထို့ပြင် ကုန်သွယ်မှု လမ်းကြောင်းကို အမှီသဟဲပြု လုပ်ကိုင်နေကြသည့် ရွှေသောင်းရင်း၊ ရာမည၊ ကရင်စာပေ၊ သန်မြန်သူ စသည့် ဆိုင်ကယ် အငှားယာဉ် အသင်းများမှ ဆိုင်ကယ် အငှား ယာဉ်မောင်း ၁၅ဝဝ ခန့်လည်း မနှစ် ဇူလိုင်လ နှောင်းပိုင်းမှ စ၍ ဝင်ငွေ ကျဆင်းသွားသည်။
“တံတားဖွင့်နေတုန်းကတော့ဗျာ။တရက်ကို၁သောင်း၊၁သောင်းခွဲက အေးဆေးရှာလို့ရတယ်။ တံတားပိတ်ပြီး နောက်ပိုင်းတော့ ကျနော်တို့အဖွဲ့တွေ အုံနာကြေး(ပိုင်ရှင်ကြေး) ပြန်ရဘို့တောင် မနည်း လုပ်နေရတယ်” ဟု ဆိုင်ကယ် အငှားမောင်းသူတဦးက မဇ္ဈိမကိုပြောသည်။
ဆိုင်ကယ်ပိုင်ရှင်ကြေးမှာ တရက်လျှင် ကျပ် ၂၀၀၀ နှင့် ၁၅၀၀ ကျပ်နှုန်း ပေးသွင်းကြရကြောင်းသိရပြီး ဆိုင်ကယ် ပျက်စီးလျှင် ကိုယ်တိုင်ပြင်ရပြီး ဆီကိုလည်း ကိုယ်တိုင်ထည့်စီးရသည်ဟုဆိုသည်။
မြဝတီကုန်သွယ်မှုလမ်းကြောင်းပိတ်ဆို့တင်းကြပ်မှုများလာသဖြင့် စီးပွားရေးသမား ကုန်သည်များ အလာနည်းသွားသဖြင့်မြို့ပေါ်ရှိပြည့်တန်ဆာရုံ၅ဝကျော်တွင်လည်းလူလာနည်းနေကြောင်း ဆိုင်ဖွင့်ထားသည့် ဟောင်သရော ငြိမ်းချမ်းရေး KPF အဖွဲ့ဝင် တဦးက မဇ္ဈိမကို ပြောသည်။







Geen opmerkingen: