မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 5 maart 2011

လျှပ်စစ်စွမ်းအင်ကဏ္ဍ၌နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၂ဆကျော်မြင့်တက်

နရီလင်းလက် Saturday, 05 March 2011 16:57
.မြန်မာနိုင်ငံအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် လျှပ်စစ်စွမ်းအင်ကဏ္ဍ၌ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၄.၅၃ ဘီလီယံ ကျော်အထိ မြင့်တက်လာသည်ဟု သိရသည်။
                 ရွှေလီအမှတ်၁ရေအားလျှပ်စစ်စီမံကိန်းအတွက်တူးမြောင်းဖောက်ထားစဉ်(ဓာတ်ပုံ-PYNG)
၂၀၁၀ပြည့်နှစ်မတ်လမှ၂၀၁၁ဇန်န၀ါရီအထိ၁၀လအတွင်းကောက်ယူခဲ့သောစာရင်းအရ လျှပ်စစ်စွမ်းအင်ကဏ္ဍတွင်ယခင်ကထက်၂ဆကျော်မြင့်တက်လာခြင်းဖြစ်ကြောင်းပြည်တွင်းထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
ယခင်က ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်သော်လည်း ယခုအခါ ဒုတိယနေရာသို့ ရောက်ရှိသွားပြီး အဆိုပါကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၁၃.၈ ဘီလီယံကျော်ဖြစ်သည်။
တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံသည် လျှပ်စစ်စွမ်းအင်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု အများဆုံးဖြစ်ပြီး ဧရာဝတီမြစ်နှင့် သံလွင်မြစ်သည် ရေအားလျှပ်စစ် ထုတ်ယူနိုင်သည့် အရင်းအမြစ်ဖြစ်သောကြောင့် ရေအားလျှပ်စစ်တွင် ရင်းနှီးမြှုပ်နှံမှုများလာကြောင်း သိရသည်။
စစ်အစိုးရသည် အဓိက ရေအားလျှပ်စစ်စီမံကိန်းများမှ ထွက်ရှိလာသော ပမာဏ အများအပြားကို ပြည်ပသို့ ရောင်းချနေပြီး ပြည်တွင်း လိုအပ်ချက်အတွက်ကိုမူ လုံလောက်စွာ ဖြည့်ဆည်းနိုင်ခြင်း မရှိပေ။
ရန်ကုန်တိုင်းအတွင်း လာမည့် သင်္ကြန်ကာလအထိ အလှည့်ကျမီးပေးစနစ် မဟုတ်တော့ဘဲ အချိန်ပြည့်နီးပါး ပေးနိုင်တော့မည်ဖြစ်ပြီး လိုအပ်သည့် ပမာဏကို ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းမှ ပေးဝေသွားမည်ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။
ရဲရွာ ရေအားလျှပ်စစ်စီမံကိန်းတွင် တလုံးလျှင် ၁၉၇.၅ မဂ္ဂါဝပ်ရှိသော တာဘိုင်နှင့် ဂျင်နရေတာ ၄ လုံး တပ်ဆင်ထားပြီး စုစုပေါင်း မဂ္ဂါဝပ် ၇၉၀ ထုတ်ယူနိုင်စွမ်းရှိကြောင်း၊ လက်ရှိ တာဘိုင်အမှတ် ၁ နှင့် ၂ စတင် လည်ပတ်နိုင်ပြီး ထွက်ရှိလာသည့် ၃.၃ သန်း ကီလိုဝပ် ဓာတ်အားကို ဓာတ်အားဖြန့် ကွန်ရက်စနစ်သို့ ပို့လွှတ်နိုင်ပြီဟု စစ်အစိုးရပိုင် သတင်းစာတွင် ဖော်ပြထားသည်။
လက်ရှိရန်ကုန်မြို့တွင်ရေ၊မီးပုံမှန်ရရှိနေပြီး၊ယင်းကဲ့သို့ပုံမှန်အခြေအနေ ရရှိသွားပါက လာမည့်နွေရာသီတွင် မီးပြဿနာ၊ ရေပြဿနာများ လျော့နည်းသွားမည်ဟု ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့၏နေ့စဉ်လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏမှာမဂ္ဂါဝပ်၁၁၀၀ မှ၁၂၀၀ ကြားတွင်ရှိပြီး ရန်ကုန်တိုင်း ခရိုင်၎ခုတွင်နေ့စဉ်သုံးစွဲမှုမှာမဂ္ဂါဝပ်၇၀၀ကျော်ရှိသည်ဟုရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့၏ စာရင်းအရ သိရသည်။
ဧရာဝတီ မြစ်ဆုံရေကာတာမှ ရေအားလျှပ်စစ် ၆၀၀၀ မဂ္ဂါဝပ်၊ ရှမ်းပြည်နယ် သံလွင်မြစ် အထက်ပိုင်း ကွမ်းလုံဒေသတွင် ရေအားလျှပ်စစ်စီမံကိန်းမှ ရေအားလျှပ်စစ် ၂၄၀၀ ကီလိုဝပ်၊ တာဆန်း ရေကာတာစီမံကိန်းမှ လျှပ်စစ်ဓာတ်အား ၇၁၀၀ ကီလိုဝပ်၊ ရွှေလီ ရေအားလျှပ်စစ်စီမံကိန်းမှ ထွက်ရှိသည့် ရေအားလျှပ်စစ် ၅၀ ရာခိုင်နှုန်းကို တရုတ်နိုင်ငံသို့ တင်ပို့မည်ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံက သံလွင် ရေအားလျှပ်စစ်စီမံကိန်းတွင် လက်ရှိ၌ အမေရိကန် ဒေါ်လာ ၆ ဘီလီယံထိ ရင်းနှီးမြှုပ်နှံထားပြီး ၇.၇၈ ဘီလီယံမှ ၁၃.၈ ဘီလီယံထိ တိုးမြှင့် ရင်းနှီးမြှုပ်နှံရန် ရည်ရွယ်ထားသည်ဟု သိရသည်။
လက်ရှိတွင် တည်ဆောက်လျက်ရှိသော ရေအားလျှပ်စစ် စီမံကိန်း ၁၆ ခု ရှိပြီး ၂၀၁၀-၂၀၁၁ ခုနှစ်အတွင်း ၄ ခု၊၂၀၁၁ခုနှစ်အတွင်း၅ခု၊၂၀၁၂ ခုနှစ် အတွင်း ၃ ခု၊ ၂၀၁၅ ခုနှစ်အတွင်း ၁ ခုနှင့် ၂၀၁၅ ခုနှစ်နောက်ပိုင်း ပြီးစီးမည့် စီမံကိန်း ၃ ခု ရှိသည်။
၁၉၈၈ ခုနှစ်မတိုင်မီက လျှပ်စစ်ဓာတ်အား ထုတ်လုပ်နိုင်မှုသည် ၅၂၉.၁ မဂ္ဂါဝပ် ရှိခဲ့သော်လည်း ယခု ၃၀၄၅.၄ မဂ္ဂါဝပ်အထိ တိုးတက်ခဲ့ပြီး တည်ဆောက်ဆဲ ဓာတ်အားပေးစက်ရုံ ၆၀ ကျော်မှ ၄၁၂၀၆.၅ မဂ္ဂါဝပ်နှင့် နောက်တွင် တည်ဆောက်မည့် ဓာတ်အားပေး စက်ရုံ ၁ ရုံမှ ၂၆ မဂ္ဂါဝပ် ရရှိမည်ဖြစ်ပြီး စီမံကိန်းအားလုံး ပြီးစီးပါက ၄၄၂၇၆.၉ မဂ္ဂါဝပ်အထိ တိုးတက် လာမည်ဟု ဇန်န၀ါရီလ ၂ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။

Geen opmerkingen: