မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 11 augustus 2009

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့်နေ့နံနက် ငလျင်လှုပ်

မင်းနိုင်သူ / ၁၁ သြဂုတ် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ချရန် ချိန်းဆိုထားသော သြဂုတ် (၁၁) ရက်၊ ယနေ့ နံနက် (၂) နာရီခွဲခန့်တွင် ရန်ကုန်၌ ငလျင်လှုပ်ခတ်ခဲ့သဖြင့် တိုင်းပြည်အတွင်း မငြိမ်မသက်မှုများ ဖြစ်လာတော့မည်ဟု ယူဆနေကြကြောင်း ရန်ကုန်မြို့ခံအချို့က ပြောသည်။

“မနေ့ညက လှုပ်သွားတာ။ စက္ကန့်ပိုင်းလောက်ဆိုပေမယ့် ကန်ထရိုက်တိုက်တွေပေါ်မှာ နေတဲ့သူတွေအကုန်လုံး ငလျင်လှုပ်တာကို ခံစားမိကြတယ်။ လန့်ပြီး တိုက်ပေါ်က ဆင်းပြေးကြရတာ။ တော်တော်နဲ့ ပြန်တက်မအိပ်ရဲကြဘူး” ဟု တာမွေမြို့နယ်၌ နေထိုင်သူတဦးက ပြောသည်။

အိန္ဒိယရေပိုင်နက်အတွင်းရှိ အက်ဒမန်ကျွန်းအနီးကို ဗဟိုပြုကာ အင်အားရစ်ချက်တာစကေး (၇.၆) အဆင့်ရှိ ငလျင်တခု ယမန်ညက လှုပ်ခတ်သွားခဲ့ပြီး ယင်းငလျင်၏ အဖျားခတ်မှုကို ရန်ကုန်၊ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ပြည်နယ်တို့တွင် ခံစားခဲ့ကြရ ခြင်းဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာအတွင်းမှ လှုပ်ခတ်မည့် အဆိုပါငလျင်ကြောင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေသော မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ဆူနာမီဖြစ်ပွားနိုင်ကြောင်း ပစိဖိတ်ဆူနာမီဌာနမှ သတိပေးချက်များ ပေါ်ထွက်ခဲ့သော်လည်း ယင်းသတိပေးချက်ကို ယနေ့ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

“ရန်ကုန်မှာတော့ လူထုက ဒါဟာ နိမိတ်မကောင်းတဲ့ လက္ခဏာလို့ ပြောဆိုနေကြတာပဲ။ တိုင်းပြည်ပျက်ကိန်းလို့ လူကြီးသူမတွေ ပြောနေကြတယ်။ ၈၈ ဖြစ်ကာနီးကလည်း ဒီလို ငလျင်လှုပ်တာတွေ ရှိဖူးတယ်တဲ့။ ဒီနေ့က ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချမယ့်နေ့လည်း ဖြစ်နေတယ်လေ။ နောက်ပြီး ပန်းဆိုးတန်းလမ်းက ဗဟိုတရားရုံးချုပ် မှာလည်း မနေ့ညက ငလျင်ကြောင့် ပြင်ဆင်ဖို့ လုပ်ထားတဲ့ ငြမ်းတွေ ပြုတ်ကျ ပျက်စီးကုန်တယ်” ဟု ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။

ယခုငလျင်လှုပ်ခြင်းသည် တိုင်းပြည်အတွက် ကောင်းမကောင်းဆိုသည်မှာ နက္ခတ်ပညာရှင်များ တွက်ချရမည့် အလုပ်ဖြစ်ကြောင်း၊ သို့သော် ဗုဒ္ဓအလိုကျ မင်းကျင့်တရားဆယ်ပါးနှင့်အညီ မအုပ်ချုပ်သော နိုင်ငံများတွင် ရာသီဥတု ဖောက်ပြန်ခြင်းများ ဖြစ်တတ်သည်မှာ ကျမ်းဂန်များတွင် အတိအလင်းပြဆိုထားကြောင်း သင်္ဃန်းကျွန်းမြို့နယ်မှ သံဃာတော်တပါးက မိန့်သည်။

“၂၀၀၇ စက်တင်ဘာမှာ သံဃာတော်တွေကို သတ်ဖြတ်နှိမ်နင်းအပြီးမှာ နာဂစ်ဖြစ်တယ်။ နောက်ပိုင်းမှာလည်း လေဆင်နှာမောင်း ၀င်အမွှေခံရတာတွေက ခဏခဏ။ ဒီနှစ်မှာဆိုရင် အညာမှာ မိုးခေါင်နေတယ်။ ရခိုင်နဲ့ မြစ်ဝကျွန်းပေါ်တွေမှာ မိုးများလွန်းနေတယ်။ လိုတဲ့နေရာမှာ မရွာ။ မလိုတဲ့နေရာမှာ များနဲ့၊ လူတွေဒုက္ခရောက်ကြရတယ်။ မင်းကျင့်တရားနဲ့အညီ မအုပ်ချုပ်တဲ့ စစ်အစိုးရ ရှိနေသရွေ့ ဒီဒဏ်တွေကို လူတွေခံနေရမှာပဲ” ဟု အထက်ပါ သံဃာတော်က မိန့်ဆိုသည်။

ယခုကဲ့သို့ ငလျင်လှုပ်ခြင်းကြောင့် တိုင်းပြည်အတွင်း မငြိမ်မသက်မှုများ ဖြစ်ပေါ်မည်ဟု ရန်ကုန်လူထုအကြား သတင်းများဖြစ်ပွားနေစဉ်မှာပင် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခဲ့ပြီး နောက်ထပ်နေအိမ်အကျယ်ချုပ်ဖြင့် (၁) နှစ်ခွဲ ဆက်လက်ထိန်းသိမ်းတော့မည်ဖြစ်သည်။

Geen opmerkingen: