မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 11 augustus 2009

ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူများစုရုံး

NEJ / ၁၁ သြဂုတ် ၂၀၀၉


ယနေ့ သြဂုတ် (၁၁) ရက်၊ ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ချမည့်နေ့တွင် အင်းစိန်ထောင်အနီး အင်းစိန်ဈေးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံသူ လူ (၁,၀၀၀) ခန့် စုဝေးရောက်ရှိခဲ့ကြပြီး စစ်အစိုးရဘက်ကလည်း အရပ်ဝတ် စွမ်းအားရှင်များကို အသင့်အနေအထားချထားကြောင်း မျက်မြင်များက ပြောသည်။

အဆိုပါနေရာသို့သွားရောက်ခဲ့သူ သတင်းထောက်တဦးက “ဒေါ်စုကိုထောက်ခံတဲ့လူတွေ လာပြီးစုဝေးနေတာ အယောက် (၁) ထောင်လောက်ရှိမယ်။ အန်အယ်လ်ဒီအဖွဲ့ဝင်တွေပါတယ်။ အယ်ဒီတာတွေ၊ သတင်းထောက်တွေ၊ သာမန်ပြည်သူတွေပါတယ်။ အားလုံးမနက် (၁၁) နာရီအထိတော့ ငြိမ်းငြိမ်းချမ်းချမ်းပဲ” ဟု ပြောသည်။

ယနေ့အင်းစိန်ထောင်ရှေ့လမ်းကို ဘတ်စ်ကားပြေးဆွဲခွင့် ပိတ်ပင်ထားသော်လည်း လမ်းကိုဖွင့်ပေးထားပြီး လူများကို ၀င်ထွက်ခွင့်ပေးထားကာ အင်းစိန်ခုံးကျော်တံတားအပြင်ဘက် အင်းစိန်ပန်းခြံဘတ်စ်ကားဂိတ်အနီးတွင်မူ လုံထိန်းရဲတပ်ဖွဲ့ဝင်များ ကား (၆) စီးဖြင့် စောင့်ဆိုင်းနေသည်ကို တွေ့ရသည်ဟု အင်းစိန်မြို့ခံတဦးက ပြောသည်။

၎င်းက “အရင်နေ့တွေကဆိုရင် အင်းစိန်ပန်းခြံ မီးပွိုင့်ကပဲ အင်းစိန် ပေါက်တောဝမီးပွိုင့်ထိကို ဆိုက္ကားတွေလည်း ၀င်မရဘူး၊ ကားလည်း ၀င်မရဘူး။ ပြီးခဲ့တဲ့ သြဂုတ်လ (၈) ရက်ကဆိုရင် လူတွေကိုတောင် ပေးမ၀င်ဘူး။ ဒီနေ့တော့ ပုံစံတမျိုးတွေ့ရတယ်ဗျ။ ဆိုက္ကားတွေ ပေးဝင်တယ်၊ လူတွေကိုလည်း ပေးသွားတယ်။ ပြီးတော့ လမ်းကိုလည်း အင်းစိန်ပန်းခြံထောင့် မီးပွိုင့်ကနေ ပြီးတော့ ထောင်အနီးလေးပဲ သံဆူးကြိုးတွေ ချထားတယ်၊ ကျန်တဲ့အပိုင်းကို ဖွင့်ပေးထားတယ်။ ဒါဟာ ယုံကြည်စရာ မကောင်းတဲ့ အနေအထားပဲ” ဟု ပြောသည်။

ခုံးကျော်တံတားထိပ်နှင့် အနီးပတ်ဝန်းကျင်တွင် ကွပ်ကဲရေးကား (၅) စီးခန့်ရှိပြီး လုံထိန်းရဲတပ်ဖွဲ့ဝင်များ၊ ဆက်သွယ်ရေး စက်ကိုင် အရပ်ဝတ်လုံခြုံရေးများကို ခပ်စိပ်စိပ်ချထားသည်ဟုလည်း သွားရောက်ခဲ့သူများက ပြောသည်။

ယခင်နှင့်မတူ ထူးခြားသည်မှာ ဘီအမ်ကား၊ ဒိုင်နာကားများကို အသုံးပြုပြီး အမျိုးသမီး အမျိုးသားများပါဝင်သည့် ထောင်နှင့်ချီရှိသည့် စွမ်းအားရှင်များကို ဈေးရှေ့ခေါ်လာပြီး အချို့ကားပေါ်၊ အချို့က အင်းစိန်ဈေးအပေါ်ထပ်တွင် နေရာယူထားကြကြောင်း၊ စစ်အစိုးရဘက်မှ ဈေးအပေါ်ထပ်မှနေ၍ လာရောက်စုဝေးသူများကို ဗီဒီယိုနှင့် အဆက်မပြတ် ရိုက်ကူးနေကြောင်းလည်း မျက်မြင်တဦးက ပြောသည်။

အင်းစိန် ခုံးကျော်တံတားအနီး လမ်းမကြီးရှိ အင်းစိန်မြို့နယ် အုပ်ချုပ်ရေးမှူးရုံးနှင့် အင်းစိန်ကြံ့ဖွံ့ရုံးတို့တွင် ၀တ်စုံပြည့်ရဲများကို ခြံဝင်းအတွင်း အရန်သင့် အစောင့်ချထားပေးကြောင်းလည်း အင်းစိန်မြို့ခံ မျက်မြင်များက ပြောသည်။

Geen opmerkingen: