မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 10 augustus 2009

ဗိုလ်ချုပ်အောင်ဆန်းနှင့် တပ်မတော်သမိုင်း ရုပ်ရှင်ရိုက်မည်


Monday, 10 August 2009 19:03 သဲသဲ
ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှုခေတ် အပါအဝင် ခေတ်သုံးခေတ် တပ်မတော် သမိုင်းကို အခြေခံထားသည့် “ကြယ်စင်မော်ကွန်း” အမည်ရှိ ရုပ်ရှင်ဇာတ်ကားကြီးအား ဒါရိုက်တာပန်းချီစိုးမိုးက ရိုက်ကူး တော့မည်ဖြစ်ကြောင်း သတင်းရရှိသည်။

အဆိုပါရုပ်ရှင်သည် တပ်မတော်သမိုင်းနှင့် ပတ်သက်၍ မြန်မာပြည်တွင် ပထမဆုံး ရိုက်ကူးမည့် ဇာတ်ကားဖြစ်ပြီး တပ်မတော် စတင်ပေါ်ပေါက်ရန် ဗိုလ်ချုပ်အောင်ဆန်း နှင့် ရဲဘော်သုံးကျိပ်တို့ ကြိုးပမ်းခဲ့သည်မှ စ၍ ယနေ့ခေတ် တပ်မတော်အထိ ပါဝင်မည်ဖြစ်ကာ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုခေတ်ကို အဓိက အသားပေး ထားသော ဇာတ်ကားလည်းဖြစ်ကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုးက ဧရာဝတီသို့ ပြောပြသည်။

“ဒီဇာတ်ကားက ဟိုးအရင် တကယ့် တပ်မတော်သားအစစ်တွေ ပင်ပင်ပန်းပန်းနဲ့ လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့ရပုံတွေပေါ့။ ကျနော့် အနေနဲ့ကတော့ ရိုက်သမျှကားတွေကို အများသောအားဖြင့်တိုင်းပြု ပြည်ပြု အနေနဲ့ရိုက်တယ်၊ ပေါ်လစီသက်သက်တော့ သိပ်မရိုက်ဘူး၊ ပေါ်လစီလည်းမဟုတ်ဘူး။ အခုခေတ် ပရိသတ်က တကယ့်အဖြစ်အပျက်ရိုက်ပြမှ ကြိုက်တာလေ။ ဒါကြောင့် ဒီသမိုင်းကြောင်းကလည်းတကယ့် အဖြစ်အပျက် ကိုရိုက်တာပါ” ဟု ၎င်းက ဆက်ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းသည့်ခေတ်၊ လွတ်လပ်ရေးရပြီး ဖဆပလ ခေတ်၊ ထို့နောက် ဖဆပလ နှစ်ခြမ်းကွဲ၍ ပြည်တွင်းမငြိမ်မသက်မှု ဖြစ်ပွားပုံ၊ ၎င်းနောက် တရုတ်ဖြူကူမင်တန်များ ဝင်ရောက် လာကာ တိုက်ပွဲများဖြစ်ပွားပုံ စသည့်အဖြစ်အပျက်များကို အခြေခံ၍ ဤဇာတ်ကားကို ရိုက်ကူးမည်ဖြစ်ကြောင်း ဒါရိုက်တာ ပန်းချီစိုးမိုးက ရှင်းပြသည်။

၎င်းဇာတ်ကားအတွက် သရုပ်ဆောင်များကို အတိအကျ မရွေးချယ်ရသေးဘဲ လတ်တလောတွင် သရုပ်ဆောင် လူမင်းကို လွတ်လပ်ရေး ကြိုးပမ်းသူ ဘုန်းကြီးလူထွက် တဦးအဖြစ် သရုပ်ဆောင်စေရန် ရည်မှန်း ထားပြီး သရုပ်ဆောင် ဝေဠုကျော်ကို ကျောင်းဆရာ အဖြစ်မှထွက်ကာ မိသားစုအား ပစ်၍ တိုက်ပွဲဝင်သည့် ဇာတ်ရုပ်အနေနှင့် ရည်မှန်းထားကြောင်းသိရသည်။

ဗိုလ်ချုပ်အောင်ဆန်းအဖြစ် သရုပ်ဆောင်နိုင်မည့်သူမှာ ရှားပါးလှသောကြောင့် ယခုထိ မရွေးချယ်ရသေးကြောင်းလည်း ပန်းချီစိုးမိုးက ပြောသည်။

ဆက်လက်၍ ၎င်းဇာတ်ကားတွင် ဗိုလ်ချုပ်အောင်ဆန်းပါဝင်မည့် အခန်းကဏ္ဍနှင့် ပတ်သက်၍ ၎င်းက “လွတ်လပ်ရေး အတွက် ဗိုလ်ချုပ် ကြိုးပမ်းတယ်၊ နောက် နယ်ချဲ့လက်ပါးစေတွေရဲ့ လုပ်ကြံမှုကြောင့် ဗိုလ်ချုပ်ကျဆုံးတယ်။ အဲဒီ အထိပါ။ တကယ်တော့ ဗိုလ်ချုပ်အောင်ဆန်း သမိုင်းသက်သက်ရယ်လို့မဟုတ်ပါဘူး။ တပ်မတော် စပြီးဖြစ်လာတာက ဗိုလ်ချုပ်အောင်ဆန်းကြောင့်ပဲလေ” ဟု ပြောပြသည်။

“ကြယ်စင်မော်ကွန်း” ဇာတ်လမ်းမျိုးမှာ ရုပ်ရှင်လောက၌ ရှိသင့်ရှိထိုက်၊ ရိုက်သင့် ရိုက်ထိုက် သောဇာတ်ကားမျိုး ဖြစ်ကြောင်း၊ ပရိသတ်များကိုလည်း အကျိုးတစုံတရာ ရရှိစေလိုကြောင်း၊ ဒါရိုက်တာ မလုပ်ဘဲ ၁၀ နှစ်ကျော် နားထားခဲ့ရာမှ တကယ့် အဖြစ်အပျက် ဇာတ်လမ်း ဖြစ်သည့် ယခုဇာတ်ကားမျိုး ရိုက်ရန် ရုပ်ရှင်လောကအတွင်း ပြန်ဝင်လာခြင်း ဖြစ်ကြောင်း ပန်းချီစိုးမိုးက ၎င်း၏ ခံစားချက်ကို ပြောပြသည်။

ဒါရိုက်တာ ပန်းချီစိုးမိုးသည် ၂၀၀၂ ခုနှစ်တွင် “ ငါ၊ သူတပါး၊ ယောက်ျား၊ မိန်းမ” ဟူသော ဇာတ်ကားဖြင့် အကယ်ဒမီရရှိခဲ့ပြီး ယခုဆိုလျှင် ပန်းချီရေးသည့် သက်တမ်းနှစ် ၅၀ ကျော်၊ ရုပ်ရှင်ဒါရိုက်တာ သက်တမ်း အနှစ် ၄၀ ကျော်ပြီဖြစ်ကြောင်းသိရှိရသည်။

မြန်မာ့ ရုပ်ရှင်လောကတွင် လွတ်လပ်ရေးကြိုးပမ်းခဲ့သော အာဇာနည်ခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း၏ သမိုင်းကြောင်းကို ယခုအချိန်ထိ ရိုက်ကူးနိုင်ခဲ့ခြင်း မရှိသေးပေ။

Geen opmerkingen: