မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 20 augustus 2009

မေတ္တာကျေးရွာ ရွာသားအချို့ အိမ်ရာများ စွန့်ခွါထွက်ပြေးနေကြ

အောင်ထက် / ၂၀ သြဂုတ် ၂၀၀၉


ရန်ကုန်တောင်ပိုင်းခရိုင် ကွမ်းခြံကုန်းမြို့ ညောင်ငူကျေးရွာအနီး စွမ်းအင်ဝန်ကြီးဌာနမှ အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့သော မေတ္တာကျေးရွာတွင် နေထိုင်ခွင့်ရရှိသည့် နာဂစ်လေဘေးဒုက္ခသည်အချို့သည် မိမိတို့ မူလနေရပ်များသို့ ပြန်လည်ပြောင်းရွှေ့နေကြသည်။

အချို့က အိမ်ရာပြန်အပ်ပြီး အချို့က အိမ်ရာများကို သော့ခတ်ကာ မူလနေရပ်များသို့ ဒေသအာဏာပိုင်များမသိအောင် မသိမသာရွှေ့ပြောင်းနေကြသည်။

မေတ္တာကျေးရွာတွင် နေအိမ်ရရှိသူများသည် ဒေသ၏ (ဘောက်) ကျပန်းအလုပ်သမားများဖြစ်ပြီး ယခင်ဇာတိကျေးရွာ၏ လုပ်ငန်းခွင်များနှင့်ဝေးကွာခြင်း၊ စိုက်ပျိုးရန် မြေနေရာလွတ်မရှိခြင်း၊ သက်ဆိုင်ရာမှ အလုပ်အကိုင်အခွင့်အလမ်းများ မပေးနိုင်ခြင်းတို့ကြောင့် နေစရာရှိသော်လည်း စားစရာမရှိဖြစ်ကာ ယခုကဲ့သို့ ရွှေ့ပြောင်းကြခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

မေတ္တာကျေးရွာ၌ နေထိုင်ခွင့်စာရင်းဝင်သူများသည် မယူမနေရ အဆိုပါအိမ်ရာများတွင် နေထိုင်ကြရပြီး နေရေး စားရေးအခက်အခဲများကို ပြင်ပသို့ သတင်းပေါက်ကြားပါက ဖမ်းဆီးမည်ဟု သတင်းလွှင့်ထားခြင်းကြောင့် ရွာခံတို့မှာ အကြောက်လွန်နေကြသည်။

ရွာသားအများစုမှာ စားရေးအခက်အခဲကြောင့် နာဂစ်လေဘေးအလှူ ဒန်အိုးဒန်ခွက်ပါမကျန် ပေါင်ရောင်းနေပြီး ကျေးရွာနေအမျိုးသမီးအားလုံးနီးပါးမှာ ဆံပင်များ ဖြတ်ရောင်း၍ (ကတုံးဆံပင်) ဆံတိုများနှင့်ဖြစ်နေသည်ကို တွေ့ရသည်။

ဆံပင်အရှည်၊ အကျွတ်ဝယ်ယူသူတို့သည် ဒေးဒနောကျေးရွာ၊ ညောင်ငူကျေးရွာများသို့ပင် မ၀င်ကြတော့ဘဲ မေတ္တာကျေးရွာတွင် နေ့ညမပြတ် တရုန်းရုန်းရှိနေကြကြောင်း ရွာခံများက ပြောသည်။

ယခင်လုပ်ငန်းခွင်ရှိရာ ကျေးရွာများနှင့် မေတ္တာကျေးရွာသည် (၃၀၄) မိုင် ဝေးကွာနေခြင်းကြောင့် ယခုကဲ့သို့ အိမ်ရာစွန့်ခွာထွက်ပြေးရခြင်းဖြစ်ကြောင်း ရွာခံများက ပြောသည်။ မေတ္တာကျေးရွာနှင့် ရွာချင်းကပ်ကျေးရွာများမှာ ဆယ်ဂဏန်းမျှသာရှိသည်။

မေတ္တာကျေးရွာသည် ကွမ်းခြံကုန်းမြို့၊ ညောင်ငူကျေးရွာမှ (၆) ဖာလုံအကွာတွင်ရှိပြီး အိမ်ရာ (၇၃၀) လုံးရှိကာ စွမ်းအင်ဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီတွင် တော်ဝင်မိသားစုကုမ္ပဏီမှ တည်ဆောက်ခြင်းဖြစ်သည်။

ဧက (၁၀၀) ကျော်ခန့်ရှိသည့် အဆိုပါမေတ္တာကျေးရွာသည် ဒေသခံတောင်သူများ ယခင်က ထင်းခုတ်၊ တောပန်းခူးနေသည့် နွားစားကျက်မြေရိုင်းများဖြစ်သည်။ ထို့နောက် ကြက်ဆူတောစီမံကိန်းဟုဆိုကာ လုပ်ငန်းရှင်များက တောရှင်း၊ မြေညှိပြီး (၃-၄) နှစ်ခန့် ကြက်ဆူပင်များ စိုက်ပျိုးခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ နာဂစ်အလွန်၌ သီရိလင်္ကာဘုန်းတော်ကြီးများနှင့် အလှူရှင်များက အိမ်ရာများ ဆောက်လုပ်ရန် ၎င်းမြေနေရာကို ရွေးချယ်ခဲ့သည်။

မေတ္တာကျေးရွာ စတင်ဆောက်လုပ်စဉ်က ညောင်ငူကျေးရွာဒေသ အာဏာပိုင်တို့က အုပ်ချုပ်ပြီး ယခုအခါ အိမ်ထောင်စု ဇယားများ သီးခြားခွဲထုတ်လိုက်ပြီဖြစ်၍ သူ့ရွာအုပ်ချုပ်ရေးနှင့်သူ ရှိနေပြီဖြစ်သည်။

Geen opmerkingen: