မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 17 augustus 2009

ယက်ထောကို လွှတ်ပေးသည့်အတွက် မြန်မာလူထု မကျေနပ်


မြန်မာ စစ်အစိုးရက အမေရိကန် အထက်လွှတ်တော် အမတ်နှင့် ပြန်လည် ထည့်ပေးလိုက်သော မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ဘန်ကောက်တွင် တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)

Monday, 17 August 2009 18:31 အေးချမ်းမြေ့
မြန်မာနိုင်ငံသို့ ၃ ရက်ခရီးစဉ် သွားရောက်ခဲ့သော အမေရိကန် အထက်လွှတ်တော် အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်နှင့်အတူ မစ္စတာ ဂျွန် ဝီလျံ ယက်ထောအား ပြန်လွှတ်ပေးလိုက်ပြီး ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်မပေးသည့်အတွက် မြန်မာပြည်သူလူထုက မကျေမနပ်ဖြစ်နေကြကြောင်း ကြားသိရသည်။

“အဓိက တရားခံဖြစ်တဲ့ယက်ထောကိုတော့ ပြည်နှင်ဒဏ်ပေးပြီးလွှတ်လိုက်တယ်၊ အပြစ်လုံးဝ မရှိတဲ့ ဒေါ်အောင် ဆန်းစုကြည်ကို ဆက်ပြီးဖမ်းထားတယ်ဆိုတာကိုကြည့်ရင် သဘာဝလည်း မကျဘူး၊ ဘယ်လိုမှ တရားမျှတမှု မရှိဘူးဆိုတာ ပေါ်လွင်တယ်၊ လုပ်ဇာတ်ကြီးပါ” ဟု ရန်ကုန်နေ ဆရာဝန်ကြီး တဦးက သုံးသပ်ဝေဖန်သည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် အမှု ဆင်လိုသည့်အတွက် မစ္စတာ ယက်ထောကို စစ်အစိုးရက ငွေပေးပြီး ၀င်ခိုင်းခြင်းသာဖြစ်သည်ဟု ၎င်းအနေနှင့်ယုံကြည်နေကြောင်းလည်း ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်းသတင်းစာထဲ၌ အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ်နှင့် မြန်မာ နိုင်ငံဆိုင်ရာ အမေရိကန်သံရုံးတို့က သက်ဆိုင်ရာ ဌာနများသို့ မေတ္တာရပ်ခံချက်များအရ မစ္စတာ ဂျွန် ဝီလျံ ယက်ထော၏ ကျန်းမာရေးနှင့် ဘဝရှေ့ရေးအတွက် စာနာ ထောက်ထား၍ လည်းကောင်း၊ အမေရိကန် နိုင်ငံနှင့် မြန်မာနိုင်ငံ၏ နှစ်နိုင်ငံဆက်ဆံရေးကို အလေးအနက် ထားရှိခြင်းကြောင့်လည်းကောင်း ချမှတ်ထားသည့် ပြစ်ဒဏ် ၇ နှစ်ကို ထက်ဝက်လျှော့ချကာ ကျန်ရှိသောပြစ်ဒဏ်ကိုလည်း ဆိုင်းငံ့၍ ပြည်နှင်ဒဏ်ပေးလိုက်သည် ဟု ရေးသားထားသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က မစ္စတာ ယက်ထောအား လွှတ်ပေးခြင်း၊ မပေးခြင်းထက် ဒေါ်အောင်ဆန်း စုကြည်ကို လွှတ်ပေးရေးတခုသာ လူ အများက မျှော်လင့် နေကြောင်း ဒေါ်အောင်းဆန်းစုကြည်အား ထောင်ဒဏ် အပြစ်ပေးခြင်းမှာ လုံးဝမတရားသော ကိစ္စ ဖြစ်သောကြောင့် သူအပါအဝင် အများပြည်သူက ကျေနပ်မှုမရှိကြောင်း ပြောဆိုသည်။

“ဘယ်သူမှ ဒါကို လက်မခံနိုင်ဘူး၊ မကျေနပ်နိုင်ဘူး၊ ဒေါ်အောင်ဆန်းစုကြည်က အပြစ် လုံးဝမရှိတဲ့သူ၊ တရား ဥပဒေအတိုင်းသာ ဆိုရင် သူ့ကို လွှတ်ပေးရမှာ၊ လုံးဝ လွှတ်ပေးရမှာ ထောင် သုံးနှစ် အမိန့် ချလိုက်တာကိုက မတရားတာဘဲ” ဟု ဦးဝင်းတင်က ပြောသည်။

အပြစ်မရှိသော ဒေါ်အောင်ဆန်းစုကြည်ကို ပြန်မလွှတ်ဘဲ နေအိမ် အကျယ်ချုပ်နှင့် ဆက်လက် ထိန်းသိမ်း ထားကာ အဓိက တရားခံကို ပြန်လွှတ်ပေးလိုက်ခြင်း၊ မစ္စတာ ဂျင်မ် ဝက်ဘ်ကို ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်ပေးခြင်း စသည်ဖြင့် စစ်အစိုးရက လိုက်လျောခဲ့ခြင်းမှာ ၎င်းလွှတ်တော်အမတ်သည် အမေရိကန် နိုင်ငံက အရေးယူထားသော စီးပွားရေးပိတ်ဆို့မှုကို ကန့်ကွက်သူဖြစ်သောကြောင့် ဟု ပြည်တွင်းပြည်ပ အတိုက်အခံ အင်အားစုများက ယူဆနေကြသည်။

ရန်ကုန်မြို့မှ ရှေ့နေတဦးက အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ၀က်ဘ် အား ဒေါ်အောင်ဆန်းစုကြည် နှင့်တွေ့ဆုံခွင့် ပေးခြင်းမှာ စစ်အစိုးရက ၎င်းတို့အပေါ် နားလည်စာနာသူဟု ယူဆ သောကြောင့် ဖြစ်နိုင်သည် ဟု သုံးသပ်သည်။

ဆက်လက်၍ ၎င်းက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် အပြစ် ပေးပြီးမှ နိုင်ငံတော် အကြီးအကဲမှ ညှာတာထောက်ထားသောအားဖြင့် ပြစ်ဒဏ်တ၀က်လျှော့ပေါ့ကာ ကျန် ၁ နှစ်ခွဲအား နေအိမ်တွင် အကျယ်ချုပ် နေထိုင်စေခြင်းမှာ ကျေနပ်စရာမရှိကြောင်း ပြောဆိုသည်။

ရန်ကုန်အခြေစိုက် ဝါရင့်သတင်းထောက်တဦးက “ယက်ထောကို အမေရိကန် ဗဟို ထောက်လှမ်းရေး (CIA) ကလွှတ်လိုက်တာလား၊ အမေရိကန်က သူ့လူကို ထည့်လိုက်ပြီး သူတို့ဘာသာ မျက်လှည့်ဆန်ဆန် ပြန်ထုတ် သွားတာလားလို့ ရန်ကုန်မှာ လူတွေ ပြောနေကြတယ်” ဟု ဆိုသည်။

ရန်ကုန်သတင်းဂျာနယ်တစောင်မှ အယ်ဒီတာချုပ်တဦးကလည်း အစိုးရအနေနှင့် နိုင်ငံတကာအပေါ်သို့ လှည့်ကွက် အမျိုးမျိုးဖြင့် ကစားပြနေခြင်းသာ ဖြစ်သည်ဟု မြင်ကြောင်း၊ မစ္စတာ ဂျင်မ် ဝက်ဘ် ၏ မြန်မာပြည် ခရီးစဉ်အတွင်း ပြောဆို ကြိုးပမ်းမှုများကြောင့် ယက်ထောအား ပြစ်ဒဏ် လျှော့ပေါ့ပေးလိုက်ခြင်းဖြစ်သည်ဟု စစ်အစိုးရက ပြောဆိုကြေညာခဲ့သော်လည်း သူ့အနေနှင့် ထိုစကားအပေါ်တွင် ယုံကြည်မှု မရှိကြောင်း ပြောသည်။

“ကျနော့်အမြင် ပြောရရင်တော့ သူတို့မှာ ဇာတ်ညွှန်းရှိပြီးသားပဲ၊ အံ့သြစရာမရှိဘူး၊ ဒေါ်အောင်ဆန်းစုကြည်ကို ခုလို မတရားလုပ်လို့ လူတွေ ဒေါသ ဖြစ်ရုံ မကျေမနပ်ဖြစ်ရုံကလွဲပြီး ဘာမှ မလုပ်နိုင်တော့ဘူးဆိုတာလည်း စစ်အစိုးရက တွက်ထားပြီးသားပဲ” ဟု သူက သုံးသပ်သည်။

အမိန့် မကျမီ ကတည်းကပင် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်ချမှတ်ကာ ဆက်လက်ထိန်းသိမ်းထားမည် ဖြစ် ပြီး မစ္စတာ ယက်ထောကို တနည်းနည်းနှင့် ပြန်လွှတ်ပေးလိမ့်မည်ဟု သူက ကြိုတင်ခန့်မှန်း မိခဲ့ကြောင်းလည်း ပြောသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) ၏ အတွင်းရေးမှူး ဦးဘိုကြည်က “မစ္စတာယက်ထောကို ပြန်လွှတ်ပေးလိုက်တာတော့ အံ့သြတယ်။ စစ်အစိုးရက သူ့ကို အသုံးချ ပြီး ထောင်ဖမ်း လိုက်တာပဲ။ ဒေါ်အောင်ဆန်းစုကြည်ကသာ သူတို့လိုချင်တဲ့ ငါးအကြီးကြီးဆိုတာ လူတိုင်းသိပါတယ်” ဟု ဆိုသည်။

ဦးဘိုကြည်သည် မစ္စတာ ယက်ထော ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝင်းအတွင်း မဝင်ရောက်မီ မဲဆောက်မြို့၌ ၎င်းနှင့် ဆက်သွယ် တွေ့ဆုံခဲ့သည်ဟု စစ်အစိုးရ၏ စွပ်စွဲခြင်း ခံခဲ့ရသူဖြစ်သည်။

အဓိက တရားခံ မစ္စတာ ဂျွန် ဝီလျံ ယက်ထောကို ပြန်လွှတ်ပေးလိုက်ခြင်းအားဖြင့် မြန်မာစစ်အစိုးရအနေနှင့် အမေရိကန်နိုင်ငံနှင့် ဆက်ဆံရေး ပြေလည်ရန် လမ်းစတခုကို ပြန်လည်ရှာဖွေ လိုက်နိုင်ကြောင်း ထိုင်းနိုင်ငံ အခြေစိုက် မြန်မာ့အရေး လေ့လာသူ ဦးအောင်နိုင်ဦးက သုံးသပ်သည်။

“ပွဲကကြည့်ကောင်းတယ်၊ မြန်မာစစ်အစိုးရက ခဲတလုံးတည်းနဲ့ ငှက် ၂ ကောင် ပစ်လိုက်နိုင်တာပဲ။ ဒေါ်အောင်ဆန်း စုကြည်ကို သူတို့လိုချင်တဲ့အချိန်တခုထိ ထိန်းသိမ်းထားနိုင်သလို အမေရိကန်နဲ့ ဆက်ဆံရေးလမ်းကြောင်း ပြန်ပွင့် အောင်လည်း အတိုင်းအတာတခုအထိ ဆောင်ရွက်နိုင်လိုက်တယ်လို့ ဆိုရမယ်” ဟု ဦးအောင်နိုင်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရအနေနှင့် ထောင်ချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ အဓိက တရားခံမှာ မစ္စတာ ယက်ထောသာဖြစ်သောကြောင့် ၎င်းကို ပြန်လွှတ်လိမ့်မည်ဟု မထင်မိကြောင်း၊ အဓိကတရားခံကို လွှတ်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးလျှင် မြန်မာစစ်အစိုးရအနေနှင့် နိုင်ငံတကာအလယ်၌ အရှက်ရမည်ဖြစ်သောကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘဲ မစ္စတာ ယက်ထော တဦးတည်းသာ လွှတ်ပေးမည့် အနေအထားမျိုး စစ်အစိုးရအနေနှင့် ပြုလုပ်လိမ့်မည်ဟု မထင်ခဲ့ကြောင်း ၎င်းကဆက်ပြောသည်။

“ကျနော်တို့အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ပေးဘဲ မစ္စတာယက်ထောကို လွှတ်ပေး လိုက်ရင် မြန်မာစစ်အစိုးရအနေနဲ့ တော်တော်အရှက်ရမှာ လွှတ်မှာမဟုတ်ဘူးလို့ ထင်ထားတာ။ ဒါပေမယ့် သူတို့က အဲဒီလိုလည်း ရှက်စရာ မဖြစ်ဘဲ သူတို့လုပ်ချင်တာကို လုပ်ပြသွားနိုင်ခဲ့တယ်” ဟု ဦးအောင်နိုင်ဦးက ပြောသည်။

“ယက်ထောကို လွှတ်ပေးတယ်၊ မစ္စတာ ဘန်ကီမွန်းတောင် လုပ်လို့မရတဲ့အနေအထားတွေ ခွင့်ပြုတယ်၊ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တခြားသူတွေနဲ့ ပေးတွေ့တယ်။ အမေရိကန် အထက်လွှတ်တော်မှာ စီးပွားရေး ပိတ်ဆို့တဲ့ ကိစ္စတွေကို ဆန့်ကျင်တဲ့ လွှတ်တော်အမတ်ရဲ့ လုပ်ပိုင်ခွင့်၊ ပြောပိုင်ခွင့်တွေအတွက် အားဖြစ်အောင် မြန်မာစစ်အစိုးရက တွန်းအားပေးလိုက်သလို ဖြစ်သွားတယ်” ဟုလည်း ၎င်းက ဆိုသည်။

ယခုကဲ့သို မစ္စတာ ယက်ထောကို စစ်အစိုးရက လွှတ်ပေးလိုက်သဖြင့် အမေရိကန် နိုင်ငံက အရေးယူထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ပြန်လည်ဖွင့်လှစ်သည်အထိ မဖြစ်နိုင်သော်လည်း ပိတ်ဆို့ထားသည့် အနောက် နိုင်ငံများသို့ သွားလာခွင့် ဗီဇာများကို ပြန်လည်ခွင့်ပြုသည်အထိ မစ္စတာ ဂျင်မ် ဝက်ဘ်က အမေရိကန် အထက် လွှတ်တော်တွင် ပြောဆိုနိုင်မည်ဟု ထင်ကြောင်း ဦးအောင်နိုင်ဦးက ဆက်ပြောသည်။

“စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းဖို့ အထိဆိုရင်တော့ ဒီလောက်နဲ့ မရဘူး။ စစ်အစိုးရအနေနဲ့ ဒေါ်အောင်ဆန်း စုကြည် ကိုလွှတ်ပေးတာမျိုး၊ တခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးတာမျိုး .. ဒီ့ထက် ပျော့ပြောင်းလာမှ ရမယ်” ဟု ၎င်းက ပြောဆိုသည်။

ဧရာဝတီ သတင်းထောက် ကြည်ဝေ ပါဝင်ရေးသားသည်။

Geen opmerkingen: