မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 20 augustus 2009

အမေရိကန်လွှတ်တော်အမတ်သတင်း အပြည့်အစုံဖော်ပြခွင့်မရ


NEJ / ၂၀ သြဂုတ် ၂၀၀၉


အမေရိကန်အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်၏ ရန်ကုန်လေဆိပ်၌ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ သတင်းနှင့် ပတ်သက်၍ စာပေစိစစ်ရေးက အပြည့်အစုံဖော်ပြခွင့်မပေးကြောင်း ပြည်တွင်းမီဒီယာအသိုင်းအ၀ိုင်းမှ သိရသည်။

မစ္စတာဂျင်မ်ဝက်ဘ်သည် မြန်မာနိုင်ငံသို့ သြဂုတ် (၁၄) ရက်တွင် ရောက်ရှိပြီး (၁၆) ရက်တွင် ပြန်လည်ထွက်ခွာခဲ့ရာ မထွက်ခွာခင် ရန်ကုန်လေဆိပ်၌ သတင်းစာရှင်းလင်းပွဲတခု ပြုလုပ်ခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်၍ ပြည်တွင်းမှ သတင်းဂျာနယ် အယ်ဒီတာတဦးက “အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ်ဝက်ဘ်က နအဖအစိုးရကို အချက် (၃) ချက် တင်ပြခဲ့တဲ့အကြောင်း၊ (၁) က မစ္စတာယက်တောကို လွတ်ငြိမ်းခွင့်ပေးဖို့၊ (၂) ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ပေးဖို့၊ (၃) ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့နဲ့ နောက်လာမယ့် ရွေးကောက်ပွဲမှာ ပါဝင်ခွင့်ပြုဖို့ စတဲ့ အချက်တွေဖြစ်တယ်။ ဒီ (၃) ချက်အနက် မြန်မာအစိုးရက အချက် (၂) ချက်ကို လိုက်လျောပေးလို့ ကျေးဇူးတင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရေးနဲ့ ပတ်သက်လို့ကတော့ ဘာမှ အဖြေပြန်ပေးတာမရှိကြောင်း အဲဒါတွေ ပြောခဲ့တယ်” ဟု ရှင်းပြသည်။

၎င်းတို့ဂျာနယ်အနေဖြင့် မစ္စတာဂျင်မ်ဝက်ဘ်ပြောကြားသည့်အတိုင်း ရေးသားထားသည့် ဂျာနယ်မူကြမ်းကို စာပေစိစစ်ရေးသို့တင်ပြရာတွင် စိစစ်ရေးက မစ္စတာ ဂျင်မ်ဝက်ဘ်ပြောသည့် အချက် (၃) ချက်အနက် (၂) ချက်ကိုသာ ဖော်ပြခွင့်ပေးပြီး ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုခဲ့သည့် တတိယအချက်ကိုမူ ဖော်ပြခွင့်မပေးဘဲ ပိတ်ပင်ခဲ့ကြောင်း၊ အချို့ဂျာနယ်များမှာ အမေရိကန်အမတ်က တောင်းဆိုချက် (၂) ချက်သာ တောင်းဆိုခဲ့သည်ဟုပင် ရေးသားကြကြောင်း အဆိုပါ အယ်ဒီတာဖြစ်သူက ပြောသည်။

ပြည်တွင်းမှ အခြားသတင်းဂျာနယ်အယ်ဒီတာတဦးကလည်း “ဆဲဗင်းဒေးမှာဆိုရင် မစ္စတာဝက်ဘ်ရဲ့ ပထမဆုံး တောင်းဆိုချက်ဟာ ယက်တောလွှတ်ပေးရေးပင်ဖြစ်သည်ပဲ ရေးထားတယ်၊ ကျန်တာမပါဘူး။ ဒီအချိန်မှာက ဒေါ်စုလွှတ်ပေးရေး လူတွေက အာရုံစိုက်နေတာလေ။ သူကလည်း တောင်းဆိုပေးသွားတယ်။ ဒါပေမယ့် ယက်တောတော့လွှတ်ပြီး ဒေါ်စုမလွှတ်ဘူးဆို ပြောစရာပေါ့။ အဲဒါကြောင့် မထည့်စေတာနေမှာပါ” ဟု ပြောသည်။

အခြားပြည်တွင်း ပုဂ္ဂလိကသတင်းဂျာနယ် အယ်ဒီတာအချို့ကလည်း ၎င်းတို့ဂျာနယ်များလည်း အလားတူပိတ်ပင်ခံရကြောင်း၊ မစ္စတာ ဂျင်မ်ဝက်ဘ်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံသည့်ဓာတ်ပုံကိုလည်း မျက်နှာဖုံးတွင် ထည့်ခွင့်မပေးဘဲ အတွင်းစာမျက်နှာမှာသာ ထည့်ခွင့်ပေးကြောင်း ပြောကြသည်။

အဆိုပါသတင်းကို ရေးသားဖော်ပြခဲ့သည့် ယခုတပတ်ထုတ် ဝီးကလီးအလဲဗင်းဂျာနယ်၊ မြန်မာပို့စ်၊ ဗီးနပ်စ်၊ ဆဲဗင်းဒေး၊ ရန်ကုန်တိုင်းမ်၊ မြန်မာတိုင်းမ်၊ ပေါ်ပြူလာနယူး စသည့် ဂျာနယ်အားလုံးတွင် မစ္စတာဂျင်ဝက်ဘ်က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရန် တောင်းဆိုသည့်အချက် ဖော်ပြထားခြင်း မတွေ့ရကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

နအဖစစ်အစိုးရပိုင် သတင်းစာများတွင်မူ အဆိုပါ သတင်းစာရှင်းလင်းပွဲနှင့် ပတ်သက်ပြီး တစုံတရာ ရေးသားဖော်ပြခြင်း မရှိပေ။

Geen opmerkingen: