မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 23 augustus 2009

အာဆီယံပဋိညာဉ်စာတမ်းကို ဈေးဦးပေါက် ချိုးဖောက်လိုက်တဲ့ မြန်မာနိုင်ငံ


ဘွဲ့ဖြူ

၂၄ သြဂုတ် ၂၀၀၉


အာဆီယံဟာ မူလစတင်ဖွဲ့စည်းစက ဖွဲ့စည်းပုံစည်းမျဉ်းစည်းကမ်းရယ်လို့ တိတိကျကျမရှိခဲ့ဘဲ အဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု တိုးတက်လာစေရေးအတွက်သာ ရည်ရွယ်တဲ့၊ မိတ်ဖြစ်ဆွေဖြစ် သဟာယအသင်းသာသာ အဆင့်သာရှိခဲ့တဲ့ အဖွဲ့အစည်းဖြစ်တယ်။

ဒါပေမယ့် အဖွဲ့စတင်ပေါ်ပေါက်လာခဲ့တဲ့ ၁၉၆၇ ခုနှစ်ကစလို့ အရှေ့တောင်အာရှဒေသဟာ တစတစ စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်လာခဲ့တာမို့ အာဆီယံအဖွဲ့ရဲ့ ပုံရိပ်ဟာလည်း နိုင်ငံတကာမျက်နှာစာမှာ တနေ့တခြား ပိုပိုပြီး ထင်ရှားအရေးပါလာခဲ့တယ်။ တချိန်တည်းမှာ စီးပွားဖက်တွေဖြစ်ကြတဲ့ ဥရောပသမဂ္ဂ (အီးယူ)၊ အမေရိကန်ပြည်ထောင်စုတို့နဲ့ ဆက်ဆံရေးတွေဟာလည်း အချိန်နဲ့တပြေးညီ တိုးတက်မြင့်မားလာတာနဲ့အမျှ အာဆီယံဟာ နိုင်ငံတကာအလယ်မှာ မိမိကိုယ်မိမိ စည်းမျဉ်းစည်းကမ်း စနစ်တကျရှိပြီး ဂုဏ်ဒြပ်ထည်ဝါတဲ့ အဖွဲ့အစည်းတရပ်ဖြစ်တယ် ဆိုတာကိုပြသဖို့ မဖြစ်မနေ လိုအပ်လာခဲ့တယ်။

ဒီလိုနဲ့ အဖွဲ့ဝင်နိုင်ငံအားလုံး လိုက်နာအပ်တဲ့ ပဋိညာဉ်စာတမ်းတခု ပေါ်ထွက်လာရေးကို အာဆီယံခေါင်းဆောင်တွေ ပစ်မှတ်ထား ကြိုးပမ်းလာခဲ့ကြတယ်။ အာဆီယံဟာ အခြားအခြားသော နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ နိုင်ငံစုံအဖွဲ့အစည်းတခုဖြစ်တာနဲ့အညီ မိမိတို့ရဲ့ ပဋိညာဉ်စာတမ်းဟာ၊ ဒီကနေ့ကမ္ဘာမှာ လွှမ်းမိုးပျံ့နှံ့နေပြီး အခြားသော နိုင်ငံတကာအဖွဲ့အစည်းမှန်သမျှရဲ့ ပဋိညာဉ်စာတမ်းတိုင်း မှာလည်း ပါဝင်နေတဲ့ လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ အနှစ်သာရတွေ ထည့်သွင်းရေးဆွဲဖို့ မဖြစ်မနေ လိုအပ်တယ်ဆိုတာကို အာဆီယံခေါင်းဆောင်တွေက သိကြတယ်။

ဒါပေမယ့် ဒီကိစ္စမှာ ပြဿနာတခုက ကြီးကြီးမားမားရှိနေတယ်။ အဲဒါကတော့ မြန်မာနိုင်ငံကိစ္စပဲ။ ဒေသတွင်းက နိုင်ငံအားလုံး ပါဝင်နေတဲ့ အဖွဲ့အစည်းတခုဖြစ်စေဖို့နဲ့ ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကို ခေါင်းမာမာနဲ့ ဖီဆန်အန်တုနေတဲ့ နအဖ စစ်အုပ်စုခေါင်းဆောင်တွေကို အဖွဲ့ထဲရောက်မှ ဖျောင်းဖျောင်းဖျဖျ ပြောယူဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အဖွဲ့တည်ထောင်မှု အနှစ် (၃၀) ပြည့်မြောက်တဲ့ ၁၉၉၇ ခုနှစ်မှာ အီးယူနဲ့ အမေရိကန်တို့ အတန်တန် သတိပေးနေတဲ့ကြားက အာဆီယံခေါင်းဆောင်တွေက အဖွဲ့ထဲဆွဲသွင်းခဲ့တဲ့ မြန်မာနိုင်ငံဟာ အာဆီယံအတွက် မာရ်နတ်လည်ပင်းမှာ ရှင်ဥပဂုတ္တဆွဲပေးလိုက်တဲ့ ခွေးသေကောင်ပုပ်လို ဖြစ်နေတယ်။

မြန်မာနိုင်ငံ အဖွဲ့ထဲရောက်လာခဲ့ချိန်ကစလို့ အာဆီယံနဲ့ သူ့ရဲ့ အဓိကစီးပွားဖက် အီးယူနဲ့ အမေရိကန်တို့ကြား ဆက်ဆံရေးဟာ အကြိမ်ပေါင်းများစွာ ဆူးငြောင့်ခလုတ်ကန်သင်းတွေနဲ့ ကြုံတွေ့ခဲ့ရတယ်။ တင်းမာမှုအမြင့်ဆုံး အခြေအနေတချို့မှာ နှစ်ဖက်အကြား စီစဉ်ထားတဲ့ အစည်းအဝေးတွေ ရွှေ့ဆိုင်းလိုက်ရတာမျိုး၊ ပျက်ပြားသွားတာမျိုးတွေတောင် ရှိခဲ့တယ်။ ကျန်အာဆီယံခေါင်းဆောင်တွေက “ငါတို့အဖွဲ့တွင်းကိစ္စကို အပြင်က ဘယ်သူမှလာပြီး ဖိအားပေးစွက်ဖက်တာကို မခံဘူး” ဆိုတဲ့ တလွဲမာနနဲ့ မြန်မာနိုင်ငံကို ဇွတ်အတင်း မျက်စိမှိတ် ကာကွယ်နေပေမယ့် သူတို့ကိုယ်တိုင်လည်း မြန်မာနအဖစစ်အုပ်စုရဲ့ လိမ်ညာလှည့်ဖြား စကားမတည်မှု၊ စော်ကားမှုတွေကြောင့် အတော်ကလေး မကျေမချမ်း ဖြစ်ခဲ့ကြရတယ်ဆိုတဲ့ သတင်းတွေ သံတမန်ရပ်ကွက်ကတဆင့် မကြာမကြာ ထွက်ပေါ်လာလေ့ရှိခဲ့တယ်။

လည်ပင်းက ခွေးသေကောင်ပုပ်ကြောင့် တနေ့တခြား ပိုပိုပြီး စိတ်အနှောင့်အယှက်ဖြစ်လာနေတဲ့ အာဆီယံဟာ အဓိကအားဖြင့် အဲဒီပြဿနာနဲ့ လာလတံ္တ့သော အခြားအလားတူ ပြဿနာမျိုးများကို မူဘောင်ထဲဆွဲသွင်းပြီး ဖြေရှင်းနိုင်ဖို့ ရည်ရွယ်ချက်နဲ့ အာဆီယံပဋိညာဉ်စာတမ်း ပေါ်ထွက်လာရေးကို တွန်းပြီးဆောင်ရွက်ခဲ့ကြရာမှာ ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ (၁၃) ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ၂ဝ-၁၁-ဝ၇ နေ့မှာတော့ အာဆီယံခေါင်းဆောင်တွေ လက်မှတ်ရေးထိုး ထုတ်ပြန်တဲ့ အာဆီယံပဋိညာဉ်စာတမ်း ထွက်ပေါ်လာခဲ့တယ်။

အဲဒီပဋိညာဉ်စာတမ်းထဲမှာ အဖွဲ့ဝင်နိုင်ငံအားလုံး တာဝန်သိစိတ်နဲ့ မဖြစ်မနေလိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေကို အတိအကျ ဖော်ပြထားပေမယ့် ငါ့မြင်းငါစိုင်း၊ ငါ့လှေငါထိုး၊ ငါတကောကောတဲ့ အကျင့်စရိုက် အရိုးထဲအထိရောက်နေပြီဖြစ်တဲ့ နအဖစစ်အုပ်စုကတော့ “ဝက်များသည် မစင်နှစ်သက်မှုကို မည်သည့်အခါမှ မစွန့်လွှတ်” ဆိုတဲ့ စကားဥပမာအတိုင်း အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းကို အာခံဖီဆန် ဆန့်ကျင်မြဲ ဆက်လက်ဆန့်ကျင်နေခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို အမြန်ဆုံးနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေးဖို့၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ စတင်ပြုလုပ်ဖို့နဲ့ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်တဲ့ နိုင်ငံရေးဖြစ်စဉ်ကို ဖော်ဆောင်ဖို့ ကုလသမဂ္ဂကရော၊ ကမ္ဘာ့ဦးဆောင်နိုင်ငံကြီးတွေကရော၊ အာဆီယံခေါင်းဆောင်တွေကပါ တိုးတိုးတမျိုး၊ ကျယ်ကျယ်တဖုံ၊ နှစ်ကိုယ်ကြားတမျိုး၊ အစည်းအဝေးတွေမှာတဖုံ ဖျောင်းဖျနားချနေတဲ့ကြားက နအဖဟာ အဲဒီတိုက်တွန်းမေတ္တာရပ်ခံမှုတွေနဲ့ ဆန့်ကျင်တဲ့ လုပ်ရပ်တွေကိုသာ ဇွတ်တိုးလုပ်ဆောင်ခဲ့တယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးပါဆိုတဲ့ နိုင်ငံတကာရဲ့တောင်းဆိုချက်ကို အာဆီယံပဋိညာဉ်စာတမ်း လက်မှတ်ရေးထိုးပြီး မကြာမီမှာပဲ စက်တင်ဘာရွှေဝါရောင်တော်လှန်ရေးမှာ ပါဝင်တယ်လို့ သံသယရှိတဲ့ သံဃာတော်တွေကို စစ်ဆင်ရေးတရပ် အသွင်နဲ့ ဖမ်းဆီး လူဝတ်လဲ ထောင်ချ၊ ဝေးလံတဲ့ ထောင်တွေကိုပို့၊ ထောင်ဝင်စာပိတ် စတဲ့လုပ်ရပ်တွေနဲ့ တုံ့ပြန်ခဲ့တယ်။

တိုင်းရင်းသားတွေ ပါဝင်တဲ့ သုံးပွင့်ဆိုင်တွေ့ဆုံဆွေးနွေးပွဲ လုပ်ပါဆိုတဲ့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို နယ်စပ်ဒေသ (အထူးသဖြင့် ထိုင်းနိုင်ငံနဲ့ နယ်မြေချင်းထိစပ်နေတဲ့ နယ်စပ်ဒေသ) က အပြစ်မဲ့ တိုင်းရင်းသားပြည်သူတွေကို တိုးမြှင့်နှိပ်ကွပ်ချေမှုန်းတဲ့လုပ်ရပ်နဲ့ တုံ့ပြန်ခဲ့တယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် ပဏာမလုပ်ငန်းစဉ်အဖြစ် မြန်မာ့နိုင်ငံရေးမှာ အရေးပါအရာရောက်သူ (stakeholder) ဖြစ်နိုင်သမျှ အများဆုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတခု လုပ်ဆောင်ပါဆိုတဲ့ နိုင်ငံတကာရဲ့ တောင်းဆိုချက်ကို ရှစ်ဆယ့်ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေအပါအဝင် တက်ကြွလှုပ်ရှားတဲ့ မျိုးချစ်ပုဂ္ဂိုလ်အားလုံးကို ဖမ်းဆီးထောင်ချ အဝေးထောင်တွေ ပို့ပစ်တဲ့လုပ်ရပ်နဲ့ တုံ့ပြန်ခဲ့တယ်။

နောက်ဆုံး မြန်မာနိုင်ငံအနေနဲ့ပြောရင် ဒီမိုကရေစီလှုပ်ရှားမှုကြီးတခုလုံးရဲ့ ပုံရိပ်၊ ကမ္ဘာကြီးအနေနဲ့ပြောရင် မတရားမှုကို ဒူးမထောက်အညံ့မခံ အလံမလှဲ ဇွဲနဘဲနဲ့ ဆန့်ကျင်ခုခံတိုက်ပွဲဝင်မှုရဲ့ ပုံရိပ်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို မတရားသဖြင့် အိမ်အကျယ်ချုပ် ချထားမှုကနေ ချက်ချင်းလွှတ်ပေးဖို့ နိုင်ငံတကာရဲ့ တောင်းဆိုမှုကိုလည်း သူ့ခြံထဲတရားမဝင် ဝင်ရောက်ခဲ့တယ်ဆိုတဲ့ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောနဲ့အတူ အမှုဆင်ပြီး လွတ်လပ်ရေးဖခင် အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်ကို ဖမ်းဆီးကာ အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ချုပ်နှောင်ပြီး တရားစွဲဆိုတဲ့ လုပ်ရပ်နဲ့ တုံ့ပြန်ခဲ့တယ်။

အခုတော့ အာဆီယံအပါအဝင် ယဉ်ကျေးတဲ့ နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးက အတန်တန် မေတ္တာရပ်ခံ တောင်းပန်နေတဲ့ကြားက နအဖဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ် ချမှတ်ခဲ့ပြီဖြစ်တယ်။ ဒေါ်စုအပေါ် ချမှတ်ခဲ့တဲ့ ပြစ်ဒဏ်စီရင်ချက်နဲ့ ပတ်သက်ပြီး ပြည်တွင်းရော ပြည်ပမှာပါ အမြင်မှောက်မှားမှုတွေ ပေါ်ထွက်လာစေဖို့ ရည်ရွယ်ချက်နဲ့ ဗိုလ်သန်းရွှေနဲ့ သူ့ရဲ့ “မစ္စတာရှင်းလင်း” အဖွဲ့က ရောက်တတ်ရာရာ ဘာဘာညာညာ ဝါစာကမာတွေပြောပြီး ကြိုးပမ်းလှည့်ဖြားခဲ့ပေမယ့် အနှစ်သာရကတော့ လူထုခေါင်းဆောင်ကို လူထုနဲ့ ဆက်ပြီး အဆက်ဖြတ်ထားတာ၊ သူတို့ရဲ့ ကလီကမာ ရွေးကောက်ပွဲ မတိုင်မီမှာ ဒေါ်စုရဲ့ပါးစပ်ကို ပလာစတာကပ်၊ လက်ကို လက်ထိတ်ခတ်၊ ခြေထောက်ကို ထိတ်တုံးခတ်ထားတာပဲဖြစ်တယ်ဆိုတာ သိပ်ကိုထင်ရှားပေါ်လွင်နေတယ်။

ဗိုလ်သန်းရွှေရဲ့ ကြေညာချက်ထဲမှာပါတဲ့ အချို့သော ဝေါဟာရအသုံးအနှုန်းတွေကို ကြည့်ပြီး ပြည်တွင်းပြည်ပက ထင်ရှားတဲ့ ပုဂ္ဂိုလ်တချို့ရဲ့ မျှော်လင့်ချက်ကြီးတခွဲသားနဲ့ မှောက်မှောက်မှားမှား ပြောသံဆိုသံတွေ ကြားလိုက်ရတာကတော့ အံ့သြစရာပဲ။ ဗိုလ်သန်းရွှေကို သူ့စကားနဲ့သူ ပြန်ချုပ်ချင်လို့ ပရိယာယ်နဲ့ အဲဒီလိုပြောခဲ့တာဆိုရင်တော့ အဲဒီပုဂ္ဂိုလ်များကို တခုတော့ သတိပေးလိုက်ပါရစေ။ အဲဒါကတော့ ဗိုလ်သန်းရွှေ အပါအဝင် နအဖ ဗိုလ်ချုပ်တွေဟာ သူတို့ပြောခဲ့တဲ့ စကားတွေကို နေ့တောင်မကူးခင် မေ့သွားတတ်ကြတဲ့ လူစားမျိုးတွေဖြစ်တယ်ဆိုတာပါပဲ။

နအဖ ဗိုလ်ချုပ်တွေဟာ မြန်မာနိုင်ငံမှာ သူတို့ဆွေစဉ်မျိုးဆက် ကောင်းစားခွင့်ရှိမယ့် စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲစေဖို့ အားသွန်ကြိုးပမ်းရင်း အခုအချိန်မှာ မြန်မာနိုင်ငံက ပြည်သူတွေအတွက်သာမက အိမ်နီးချင်းနဲ့ ဒေသတွင်းက နိုင်ငံတွေအပါအဝင် တကမ္ဘာလုံးအတွက်ပါ အကြီးအကျယ် အန္တရာယ်ရှိစေမယ့် လုပ်ရပ်တခုကို အစပျိုးလုပ်ဆောင်နေကြရတဲ့ အခြေအနေသို့ မလွှဲသာမရှောင်သာ ရောက်ရှိနေကြပြီ။ အဲဒါကတော့ ကမ္ဘာ့အဆိုးဆုံးအာဏာရှင်နိုင်ငံဖြစ်တဲ့ မြောက်ကိုရီးယားကို ဆရာတင်ပြီး အဏုမြူလက်နက်ပိုင်ရှင်ဖြစ်အောင် ကြိုးပမ်းနေတဲ့ကိစ္စပဲ။

မြန်မာပြည်သူတွေကို နအဖ ထင်သလို နှိပ်စက်ကလူပြုနေတာ၊ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီဆိတ်သုဉ်းနေတာတွေကို အိမ်နီးချင်းနိုင်ငံတွေအနေနဲ့ ဘာတခွန်းမှ ဝင်မပြောဘဲ လက်ပိုက်ကြည့်နေလို့ရတယ်။ အဲသလိုနေတဲ့အတွက် မသကာ အဲဒီနိုင်ငံတွေဟာ လူစိတ်ကင်းမဲ့လွန်းလှတယ်လို့ ဝေဖန်ပြစ်တင်တာခံရရုံထက် ဘာမှပိုပြီး မထိခိုက်မနစ်နာနိုင်ဘူး။ ရွာပြင်ရောက်နေတဲ့ လူမိုက်ကို ဆရာတင်ပြီး အဏုမြူလက်နက်ပိုင်ရှင်ဖြစ်ဖို့ ကြိုးစားနေတဲ့ နအဖရဲ့လုပ်ရပ်ကတော့ အမြီးကို မီးရှို့ပြီး သိဃုင်္ိပြည်တပြည်လုံး မီးဟုန်းဟုန်းတောက်အောင် လိုက်ရှို့တဲ့ ဟာနုမာန်မျောက်ရဲ့ လုပ်ရပ်မျိုးဖြစ်နေတာကြောင့် လက်ပိုက်ကြည့်နေရင် ကြည့်နေသူတွေပါ သေချာပေါက် ဘဝပျက်သွားကြရလိမ့်မယ်။

နအဖကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အာဆီယံပဋိညာဉ်စာတမ်းရဲ့ ရည်ရွယ်ချက်တွေထဲမှာ ဟောဒီအချက်တွေ ပါဝင်တယ်။

(၁) အရှေ့တောင်အာရှဒေသကို နျူကလီးယားလက်နက်ကင်းမဲ့တဲ့ ဒေသအဖြစ်လည်းကောင်း၊ လူသားအများအပြား သေကျေပျက်စီးစေနိုင်တဲ့ အခြားလက်နက်ကြီးတွေကင်းမဲ့တဲ့ ဒေသအဖြစ်လည်းကောင်း တည်တံ့စေရန်။

(ဆ) အာဆီယံနိုင်ငံတွေရဲ့ အခွင့်အရေးနဲ့ တာဝန်ရှိမှုကို အလေးထားပြီး နိုင်ငံများအကြား ဒီမိုကရေစီစနစ်ကျင့်သုံးမှု ပိုမိုခိုင်မာလာစေရန်၊ အုပ်ချုပ်မှုဆိုင်ရာ နည်းလမ်းကောင်းတွေနဲ့ တရားဥပဒေစိုးမိုးမှု တိုးတက်လာစေရန်၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို မြှင့်တင်ကာကွယ်ရန်။ ပြည်သူတွေကို ဗဟိုပြုတဲ့ အဖွဲ့အစည်း (ဒီမိုကရေစီအဖွဲ့အစည်း) တရပ်ဖြစ်လာသည်အထိ ပြုစုပျိုးထောင်သွားရန်။

(တ) ပွင့်လင်းမြင်သာထင်သာရှိပြီး ပြင်ပမိတ်ဆွေတွေနဲ့ ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်တွေမှာ အာဆီယံရဲ့ ဗဟိုအချက်အချာကျမှုနဲ့ တက်ကြွတဲ့ အခန်းကဏ္ဍတို့ကို ဆက်လက်ထိန်းသိမ်းသွားရန်။

ဒါ့အပြင် ပဋိညာဉ်စာတမ်းမှာ အဖွဲ့ဝင်နိုင်ငံတွေ လိုက်နာကျင့်သုံးရမယ့် အခြေခံမူတွေ ချမှတ်ထားပြီး အဲဒီထဲမှာပါဝင်တဲ့ အချက်တချို့က အောက်ပါအတိုင်းဖြစ်တယ်။

(ဆ) အာဆီယံရဲ့ ဘုံအကျိုးစီးပွားကို ပြင်းပြင်းထန်ထန် ထိခိုက်စေတဲ့ ကိစ္စရပ်တွေအပေါ် တိုင်ပင်ဆွေးနွေးမှုတွေ ပိုမိုပြုလုပ်ခြင်း။

(ဇ) တရားဥပဒေစိုးမိုးမှု၊ ကောင်းမွန်စွာ အုပ်ချုပ်မှု၊ ဒီမိုကရေစီရှိမှုနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းထားတဲ့ အစိုးရရှိမှုဆိုတဲ့ အခြေခံသဘောတရားများကို လိုက်နာခြင်း။

အခုဖော်ပြခဲ့တဲ့ အာဆီယံပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်တွေ၊ အခြေခံမူတွေနဲ့ နဝတ၊ နအဖတို့ရဲ့ ဆယ်စုနှစ်နှစ်ခုကျော်ကြာ ကာလအတွင်း လုပ်ဆောင်ခဲ့တဲ့ လုပ်ရပ်တွေကို တိုက်ဆိုင်စစ်ဆေးကြည့်လိုက်ရင် သူတို့ဟာ အာဆီယံပဋိညာဉ်စာတမ်းရဲ့ အုပ်ချုပ်မှုဆိုင်ရာ၊ လူ့အခွင့်အရေးဆိုင်ရာ၊ ဒီမိုကရေစီရေးဆိုင်ရာ၊ အဖွဲ့ရဲ့ ဂုဏ်သိက္ခာထိန်းသိမ်းမှုဆိုင်ရာ အနှစ်သာရတွေကို တလျှောက်လုံးချိုးဖောက်လာခဲ့တယ် ဆိုတဲ့အချက်ဟာ ထင်ရှားပေါ်လွင်လှတယ်။ ဒါပေမယ့် အရင်ကချိုးဖောက်ခဲ့တာတွေက အာဆီယံပဋိညာဉ်စာတမ်း ပေါ်ထွက်မလာခင် ချိုးဖောက်ခဲ့တာဖြစ်လို့ ဥပဒေရှုထောင့်ကပြောရင် ကျန်အာဆီယံ ခေါင်းဆောင်တွေအနေနဲ့ နဝတ၊ နအဖ စစ်အုပ်စုကို လျှော့ပေါ့သက်ညှာခွင့်ပေးမယ်ဆိုရင် ပေးလို့ရနိုင်သေးတယ်။

သူတို့ကိုယ်တိုင် ပါဝင်လက်မှတ်ရေးထိုးထားတဲ့ အာဆီယံပဋိညာဉ်စာတမ်း ပေါ်ထွက်လာခဲ့ပြီးတဲ့နောက်မှာတောင် စာတမ်းပါရည်ရွယ်ချက်နဲ့ အခြေခံမူတွေကို ဆက်လက်ချိုးဖောက်နေတာကတော့ နအဖဟာ အာဆီယံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းတခုလုံးကို စိန်ခေါ်အကဲစမ်းနေတာပဲဖြစ်တယ်။ အထူးဖြင့် အာဆီယံအပါအဝင် တကမ္ဘာလုံးက ဝိုင်းဝန်းမေတ္တာရပ်ခံတောင်းပန်နေတဲ့ကြားက ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချမှတ်လိုက်တာဟာ အာဆီယံအပါအဝင် ယဉ်ကျေးတဲ့ လူ့အသိုင်းအဝိုင်းတခုလုံးကို “နားရွက် တံတွေးဆွတ်” လိုက်တာဖြစ်တယ်။

ဗိုလ်သန်းရွှေရဲ့ ပလီပလာစကားတွေကို ဖယ်ရှားပြီး အတွင်းသားကို မြင်အောင်ကြည့်နိုင်မယ်ဆိုရင် ဒေါ်စုကို ပြစ်ဒဏ်စီရင်ချက်ချမှတ်လိုက်တာဟာ နအဖက နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဂုဏ်သိက္ခာတခုလုံးကို မြေပေါ်ချနင်းလိုက်တာ ဖြစ်သလို မြန်မာနိုင်ငံရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဖြစ်စဉ်ကိုလည်း မြေမြှုပ်သဂြုင်္ိဟ်ပစ်လိုက်တာဖြစ်တယ်။

ဒါကြောင့် ကျန်အာဆီယံခေါင်းဆောင်တွေအနေနဲ့ မိမိတို့အဖွဲ့ရဲ့ ရေရှည်တည်တံ့ခိုင်မြဲရေးကိုရှေးရှုပြီး မြန်မာနိုင်ငံပြဿနာ အတွက် အရေးပေါ်အစည်းအဝေးကျင်းပကာ လိုအပ်သလို အရေးယူဆောင်ရွက်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း သတိပေးရေးသားလိုက်ရပါတယ်။

Geen opmerkingen: