မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 13 augustus 2009

ကချင်တိုင်းရင်းသား ဝန်ထမ်းများအား ကိုယ်ရေးရာဇ၀င် အချက်အလက် ကောက်ယူ

ခိုင်လင်း/ ၁၃ သြဂုတ် ၂၀၀၉


ယခုအပတ်အတွင်းမှစ၍ ကချင်ပြည်နယ်အတွင်းရှိ အစိုးရဌာနများတွင် ၀န်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေသည့် ကချင်တိုင်းရင်းသားများ၏ ကိုယ်ရေးရာဇဝင် အချက်အလက်များကို သက်ဆိုင်ရာ မြို့နယ် မယက အာဏာပိုင်များက မြို့နယ်တွင်းရှိ ဌာနအသီးသီးထံမှ ကောက်ယူနေသည်။

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အပါအဝင် ပညာရေး၊ ကျန်းမာရေး၊ ဆက်သွယ်ရေး၊ ကြေးနန်းနှင့်စာတိုက်၊ မြေစာရင်း၊ စည်ပင်သာယာ စသည့်ဌာနများတွင် လုပ်နေကြသည့် ကချင်တိုင်းရင်းသားများကို ဌာနဆိုင်ရာအရာရှိများက ကိုယ်ရေးရာဇဝင် အချက်အလက် ကောက်ယူနေခြင်းဖြစ်သည်ဟု ဗန်းမော်ဒေသခံတဦးက ပြောသည်။

“စစ်တပ်တို့၊ ရဲတို့တော့ နဂိုတည်းက အဲလိုအချက်အလက်တွေ ရှိပြီးသားနဲ့တူတယ်။ အဲဒီဌာနတွေတော့ ကောက်တာ မကြားဘူး။ ကျန်တဲ့ဌာနတွေမှာရှိတဲ့ ကချင်တွေပဲ ရွေးပြီး မိဘ၊ မောင်နှမ၊ ဆွေမျိုးသားချင်းတွေရဲ့ အလုပ်အကိုင်တွေပါ မေးတာ။ စာရွက်ဖောင်တွေမှာ ဖြည့်ရတာ။ တောထဲက လက်နက်ကိုင်အဖွဲ့တွေထဲမှာ ဆွေမျိုး ရှိမရှိကို အဓိကသိချင်တာပါ။ ကိုယ့်အထဲက ကေအိုင်အေထဲမှာ ရောက်နေတဲ့သူတွေ ရှိမရှိ အဲဒါကိုပဲ မေးတာပါ” ဟု ဝန်ထမ်းမိသားစုဝင် ဗန်းမော်ဒေသခံ တဦးက ပြောသည်။

ယခုကဲ့သို့ ကချင်တိုင်းရင်းသားများကိုသာ ကိုယ်ရေးရာဇဝင်အချက်အလက် မေးမြန်းနေသဖြင့် ဝန်ထမ်းများအကြား အလုပ်ဖြုတ်တော့မလားဆိုသည့် စိုးရိမ်ပူပန်မှုများလည်း ရှိလာနေသည်ဟု အဆိုပါဒေသခံက ပြောသည်။

မြို့နယ်အုပ်ချုပ်ရေးဌာန ဦးစီးမှူးရာထူးစာမေးပွဲများ စစ်ဆေးရာတွင် ကချင်တိုင်းရင်းသားများအား ရွေးချယ်ခြင်း မရှိတော့သည်မှာ သုံးပတ်ရှိခဲ့ပြီဟု မြစ်ကြီးနားဒေသခံ ကချင်အမျိုးသားတဦးက ပြောသည်။

“ကျနော်မိတ်ဆွေရဲ့ သားလည်း စာမေးပွဲဟိုတလောက သွားဖြေတာ၊ မအောင်ဘူး။ မြို့နယ်ဦးစီးမှူးတွေထဲမှာ ကချင်တွေ မထားချင်တော့တာ သေချာတယ်။ ကချင်ပြည်နယ်ထဲက မြို့နယ်တွေ၊ မြို့နယ်ခွဲတွေမှာ ကျနော်သိသလောက်တော့ ဦးစီးမှူးတွေက ဗမာတွေပဲ များတယ်။ ဒီမှာပြောနေတာတော့ ကေအိုင်အေနဲ့ ပတ်သက်ဆက်နွှယ်မှုတွေ ရှိနေတဲ့ဝန်ထမ်းတွေကို ဖြုတ်မယ်ပေါ့။ ကေအိုင်အိုက နယ်ခြားစောင့်တပ် လက်မခံတော့ စစ်တွေဘာတွေ ပြန်တိုက်တဲ့ခါ သူတို့လူ ကိုယ့်ထဲ ရောက်မနေအောင် စိစစ်နေတာလို့ ယူဆနေကြတယ်” ဟု မြစ်ကြီးနားမြို့ခံတဦးက ပြောသည်။

ကချင်တိုင်းရင်းသား ဝန်ထမ်းများ၏ ကိုယ်ရေးရာဇဝင်အချက်အလက်များမှာ ဝန်ထမ်းရွေးချယ်ခံရန် လျှောက်လွှာ စတင်ကတည်းက ပေးထားရပြီး ယခုတဖန် အသေးစိတ် ပြန်ပြီးကောက်ခံလာနေခြင်းဖြစ်သည်ဟု ဝန်ထမ်းမိသားစုဝင်တဦးက ပြောသည်။

Geen opmerkingen: