
မင်းနိုင်သူ / ၁၈ သြဂုတ် ၂၀၀၉
မြန်မာနိုင်ငံအပေါ် ပိတ်ဆို့အရေးယူမှုများနှင့်စပ်လျဉ်း၍ အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဘ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့မှုများကို ဒေါ်အောင်ဆန်းစုကြည်က အန်အယ်လ်ဒီပါတီပြောခွင့်ရ ပုဂ္ဂိုလ်များမှတဆင့် ယမန်နေ့က ပြန်လည်ရှင်းလင်း ပြောကြားလိုက်ကြောင်း သိရသည်။
အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက “စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ မစ္စတာဝက်ဘ်က ပြောတယ်တဲ့။ မြန်မာနိုင်ငံအနေနဲ့ Interaction နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်မယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်က ဟုတ်တယ်။ Interaction ပူးပေါင်းဆောင်ရွက်မှုတွေလုပ်ဖို့ လိုတာမှန်တယ်။ သို့သော်လည်းပဲ အဲဒီ Interaction က ပြည်တွင်းမှာ အရင်စဖို့လိုတယ်။ ပြည်တွင်းမှာလုပ်နိုင်မှ နိုင်ငံတကာမှာလုပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေက အောင်မြင်မှုရမယ်လို့ ပြောတယ်တဲ့” ဟု ပြန်လည်ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်က ၂၀၀၇ ခုနှစ်အတွင်း ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့်တွေ့ဆုံစဉ်က ပြောကြားခဲ့သည် များကိုလည်း မစ္စတာဂျင်မ်ဝက်ဘ်အား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
“ဦးအောင်ကြည်နဲ့တွေ့ဆုံတုန်းက ဒီစီးပွားရေးပိတ်ဆို့မှုကိစ္စတွေဟာ သူလုပ်ထားတာ မဟုတ်တဲ့အတွက် သူအနေနဲ့ ရုပ်သိမ်းတယ်ဆိုတာမျိုးက မဖြစ်နိုင်ဘူး။ သို့သော် တိုင်းပြည်အတွက် ထိခိုက်တယ်၊ နစ်နာတယ်ဆိုရင် ဒီစီးပွားရေး ပိတ်ဆို့မှုတွေကို အာဏာပိုင်တွေနဲ့ ပူးပေါင်းဖြေရှင်းမယ်။ သဘောတူ ကြေညာချက်ထုတ်မယ်။ ဒီလိုအဆိုပြုချက်ကို ပေးခဲ့တယ်။ စောစောပိုင်းက သဘောတူသယောင်ရှိပေမယ့် နောက်ပိုင်းမှာ ဘာမှဖြစ်မလာဘူးဆိုတာကို သူရှင်းပြခဲ့တယ်လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ဆက်လက်ပြောသည်။
အမေရိကန်အထက်လွှတ်တော်အမတ်နှင့် အထက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ၏ အာရှနှင့်ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ မစ္စတာ ဂျင်မ်ဝက်ဘ်သည် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ (၃) ရက်ကြာခရီး လာရောက်ခဲ့ပြီး သြဂုတ် (၁၅) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရခဲ့သည်။
မစ္စတာဂျင်မ်ဝက်ဘ်က ယမန်နေ့ ဘန်ကောက်မြို့တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲ၌ ဒေါ်အောင်ဆန်းစုကြည်သည် ပိတ်ဆို့အရေးယူမှု အချို့ကို ရုပ်သိမ်းရန်အတွက် မကန့်ကွက်ပါဟု ၎င်းထင်မြင်ယူဆကြောင်း ပြောဆိုခဲ့သည်ဟု နိုင်ငံခြားမီဒီယာအချို့တွင် ဖော်ပြခဲ့သည်။
ထိုကဲ့သို့ မစ္စတာဂျင်မ်ဝက်ဘ်၏ ပြောဆိုချက် သတင်းများပေါ်ထွက်နေမှုနှင့် ပတ်သက်ပြီး အန်အယ်လ်ဒီပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို မေးကြည့်ပါတယ်။ သူပြောတာက စောစောက ကျနော်ပြန်ရှင်းပြသလိုမျိုး။ အဲဒါတွေပဲ ပြောခဲ့တာ။ သူ့ထင်မြင်ချက်ဆိုတာက သူ့ထင်မြင်ချက်သက်သက်ပဲဖြစ်မယ်။ သူတော့မပြောဘူး။ အဲလိုပဲပြောပါတယ်” ဟု ရှင်းပြသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရာတွင် မစ္စတာဂျင်မ်ဝက်ဘ်က ၂၀၁၀ ရွေးကောက်ပွဲနှင့် စပ်လျဉ်း၍လည်း ပြောဆိုဆွေးနွေးခဲ့ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည် ပထမရှင်းပြတာကတော့ တွေ့ဆုံဆွေးနွေးရေး (ဒိုင်ယာလောခ့်) အရေးကြီးတယ်ဆိုတဲ့အကြောင်း၊ ဒိုင်ယာလော့ခ်ကမှ ကိစ္စရပ်တွေအားလုံးကို ဖြေရှင်းနိုင်မယ်ဆိုတဲ့အကြောင်း၊ တကယ်လုပ်ကြည့်မှ ဒီဥစ္စာအကျိုးရှိတယ် ဆိုတာကို သိမယ့်အကြောင်း၊ အဲဒီလိုပြောပါတယ်။ နောက်တခုက ဆီးနိတ်တာက ၂၀၁၀ ရွေးကောက်ပွဲဝင်ဖို့ မ၀င်ဖို့ ကိစ္စကိုမေးပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က ဒါဟာ ပါတီဝင်တွေနဲ့ အကျေအလည်ညှိနှိုင်း ဆုံးဖြတ်ရမယ့် ကိစ္စ။ တကယ်လို့ ဆုံးဖြတ်ခဲ့ရင်လည်း ပထမဆုံးအသိပေးရမှာ အာဏာပိုင်တွေကိုပဲဆိုတာ သူပြောပြခဲ့တယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။
အမေရိကန်အထက်လွှတ်တော်အမတ် မစ္စတာဂျင်မ်ဝက်ဘ်၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၊ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအင်အားစုအချို့နှင့် တွေ့ဆုံခဲ့သည်။
ထို့နောက် ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရေကူးဝင်ရောက်ခဲ့မှုဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၇) နှစ်ကျခံနေရသော အမေရိကန်နိုင်ငံသား မစ္စတာဂျွန်ဝီလျံယက်တောကို ထောင်ဒဏ်မှကင်းလွတ်ရန် မစ္စတာဂျင်မ်ဝက်ဘ်အနေဖြင့် ဆောင်ရွက်နိုင်ခဲ့ပြီး ၎င်းနှင့်အတူ ထိုင်းနိုင်ငံသို့ ခေါ်ဆောင်သွားနိုင်ခဲ့သည်။
နေအိမ်အကျယ်ချုပ် (၁၄) နှစ်နီးပါး ကျခဲ့နေရသူ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှာမူ နေအိမ်သို့ ဂျွန်ယက်တောဝင်ရောက်လာခြင်းကြောင့် နအဖစစ်အစိုးရ၏ နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရပြီးသည့်နောက် နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲနှင့် ဆိုင်းငံ့ပြစ်ဒဏ် (၁) နှစ်ခွဲ ချထားခြင်းခံနေရသည်။
Geen opmerkingen:
Een reactie posten