
NEJ / ၁၉ သြဂုတ် ၂၀၀၉
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးရေး စုပေါင်းတောင်းဆိုရန်အတွက် အာဆီယံထိပ်ပိုင်းအရာရှိများသည် သြဂုတ် (၂၀) နှင့် (၂၁) ရက်၊ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့၌ပြုလုပ်မည့် အစည်းအဝေးတွင် ဆွေးနွေးကြမည်ဟု သံတမန်သတင်းရပ်ကွက်ကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။
ဒေါ်အောင်ဆန်းစုကြည်အား ပြန်လွှတ်ပေးရေးအတွက် အာဆီယံနိုင်ငံများ၏ စုပေါင်းသဘောတူညီချက်တရပ် ပေါ်ထွက်နိုင်ရန် ထိုင်းနိုင်ငံက ဆောင်ရွက်နေကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပိရွမ်က ပြီးခဲ့သည့်သီတင်းပတ်တွင် ပြောကြားခဲ့သည်။
ထိုင်းဝန်ကြီးချုပ် မစ္စတာ အဖိဆစ်ကလည်း အမေရိကန်အထက်လွှတ်တော် အမတ် ဂျင်မ်ဝက်ဘ်နှင့် သြဂုတ် (၁၇) ရက်၌ တွေ့ဆုံခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချမှတ်လိုက်သည့် ကိစ္စနှင့်ပတ်သက်၍ အာဆီယံထိပ်တန်း အရာရှိများ ယခုသီတင်းပတ်အတွင်း တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ပြောကြားခဲ့သည်ဟု TNA သတင်းတွင် ဖော်ပြသည်။
မစ္စတာဝက်ဘ်နှင့်တွေ့ဆုံရာတွင် မစ္စတာအဖိဆစ်က အာဆီယံအဖွဲ့ဝင်နိုင်ငံများအတွင်း တနိုင်ငံ၏ ပြည်တွင်းရေးကို တနိုင်ငံက ၀င်ရောက်မစွက်ဖက်ရေးမူကို အခိုင်အမာပြောဆိုခဲ့ပြီး ပိတ်ဆို့အရေးယူမှုဖြင့် မြန်မာနိုင်ငံပြဿနာများကို ဖြေရှင်းနိုင်မည်ဟု ၎င်းအနေဖြင့် မယုံကြည်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ယခုရက်ပိုင်းအတွင်း ပြုလုပ်မည့် အစည်းအဝေး၌ အာဆီယံထိပ်တန်းအရာရှိများသည် မြန်မာအစိုးရအားပေးပို့မည့် စာမူကြမ်းတစောင်ကို အချောသတ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်းလည်း မစ္စတာအဖိဆစ်က ပြောသည်။
မစ္စတာဝက်ဘ်ကမူ မြန်မာနိုင်ငံ၏အခြေအနေသည် လာမည့်နှစ်တွင်ပြုလုပ်ရန်ရှိသည့် ရွေးကောက်ပွဲနှင့်ပတ်သက်၍ အကောင်းဘက်သို့ ရှေးရှုလာနေကြောင်း ထိုင်းဝန်ကြီးချုပ်အား ပြောကြားခဲ့ကြောင်း သိရသည်။
မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် (၃) နှစ်မှ နေအိမ်အကျယ်ချုပ် (၁) နှစ်ခွဲ လျှော့ပေါ့လိုက်ခြင်းနှင့် အမေရိကန်နိုင်ငံသား မစ္စတာယက်တောအား ပြစ်ဒဏ်မှ ကင်းလွှတ်ခွင့်ပေးခဲ့ခြင်းသည် မြန်မာအစိုးရအနေဖြင့် ကမ္ဘာ့နိုင်ငံများ၏ ပြောဆိုချက်များကို နားထောင်လာသည့် သဘောရှိသည်ဟု ထိုင်းနိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကဆစ် ပီရွမ်က အမေရိကန်အထက်လွှတ်တော်အမတ်နှင့် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည်ဟုလည်း ထိုင်းသတင်းတွင် ဖော်ပြပါရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ပါတီအားလုံးပါဝင်ကျင်းပနိုင်ရန်နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားအားလုံးကို လွှတ်ပေးရန် ပြီးခဲ့သည့် ဇူလိုင် (၂၀) ရက်တွင် ထိုင်းနိုင်ငံ ဖူးခက်ကျွန်း အပန်းဖြေစခန်း၌ ပြုလုပ်သည့် (၄၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် တိုက်တွန်းထားသည်။
အဆိုပါ အစည်းအဝေးတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွမ်က အာဆီယံအဖွဲ့အနေဖြင့် ဒေသတွင်း လူ့အခွင့်အရေး အခြေအနေများ တိုးတက်ရန်ဆောင်ရွက်မည်ဆိုပါက မြန်မာနိုင်ငံတွင် အပြောင်းအလဲများ မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သည်ဟု ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၌ စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အဓိပ္ပာယ်ရှိသည့် တွေ့ဆုံဆွေးနွေးရေးကို ဖော်ဆောင်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံးကို ပါဝင်ခွင့်ပေးသင့်ကြောင်းလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။
Geen opmerkingen:
Een reactie posten