မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 19 augustus 2009

နိုင်ငံရေးအကျဉ်းသားများနှင့် စရဖ တွေ့ဆုံ

ွ့ဆုံ
အောင်ကျော်မိုး / ၁၉ သြဂုတ် ၂၀၀၉


အင်းစိန်ထောင်အပါအဝင် နယ်ထောင်အသီးသီးတွင် အကျဉ်းချထားခံရသည့် နိုင်ငံရေးအကျဉ်းသားများအနက် အချို့ကို တပ်မတော် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ဝင်များက ပုံမှန်သွားရောက်တွေ့ဆုံနေကြောင်း စုံစမ်းသိရှိရသည်။

“နေပြည်တော်ကနေ ကျနော်တို့ စရဖ အဖွဲ့ဆီ မော်လမြိုင်ထောင်ထဲမှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို သွားတွေ့ဖို့ ညွှန်ကြားတယ်။ လူဦးရေ ဘယ်နှယောက်ရှိမလဲ ကျနော်မသိဘူး။ ကျနော်တို့ဆီ တယောက်ချင်းစာရင်းပေးတယ်။ သွားတွေ့ပြီး မေးရမယ့်မေးခွန်းတွေ ညွှန်ကြားချက်ထဲမှာ ပါတယ်။ အဲဒီညွှန်ကြားချက်အတိုင်းမေးတယ်။ နောက် နိုင်ငံရေးအကျဉ်းသားက ပြန်ပြောသမျှတွေကို ရတခ၊ စရဖမှာ ပြန်ပြီး ရီပို့လုပ်တယ်။ နောက် အထက်ကနေ နေပြည်တော်အထိ တင်တယ်။ နေပြည်တော်ရောက်ပြီး နောက်ထပ် ညွှန်ကြားချက်လာတယ်။ မေးခွန်းတွေ ထပ်ပေးလာတယ်။ တချို့မေးခွန်းတွေ အတူတူပဲ၊ တချို့မေးခွန်းတွေ ကတော့ အသစ်။ အဓိက မေးတာက ဖွဲ့စည်းပုံအခြေခံဥပဒေ ၂ဝဝ၈ ကို ဘယ်လိုသဘောထားသလဲ။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကို ဘယ်လိုသဘောထားသလဲ။ တကယ်လို့ လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ရွေးကောက်ပွဲမှာ ဝင်အရွေးခံဖို့ နိုင်ငံတော်အစိုးရက ခွင့်ပြုခဲ့ရင် ဝင်အရွေးခံမလား၊ စတဲ့မေးခွန်းတွေ ပါတယ်” ဟု အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) မှ အမည်မဖော်လိုသူ စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ဝင်တဦးက ပြောသည်။

၎င်းအနေဖြင့် အထက်ညွှန်ကြားချက်အရ အချို့နိုင်ငံရေး အကျဉ်းသားများကို (၂) ခေါက်၊ အချို့ကို (၃) ခေါက် တွေ့ဆုံမေးမြန်းပြီးပြီဖြစ်ကြောင်း၊ ထောင်တွင်းတွေ့ဆုံမေးမြန်းရာ၌ အခြား ထောင်တာဝန်ကျများပင်လျှင် အနားတွင် ရှိမနေစေဘဲ နိုင်ငံရေးအကျဉ်းသားများနှင့် တဦးချင်း၊ တချိန်မှာ တယောက်ကိုသာ တွေ့ဆုံမေးမြန်းကြောင်း ရှင်းပြသည်။

အလားတူ စရဖအဖွဲ့ဝင်များက နိုင်ငံရေးအကျဉ်းသားများအား မေးမြန်းမှုမျိုး မြစ်ကြီးနားအကျဉ်းထောင်တွင်လည်း ရှိကြောင်း ထောင်ဝန်ထမ်းတဦးက ပြောသည်။

၎င်းက “ထောင်တာဝန်ရှိသူတွေအနေနဲ့ စရဖ က ခေါ်ခိုင်းတဲ့ နိုင်ငံရေးအကျဉ်းသားကို ခေါ်ပေးရတယ်။ အနားမှာ ဘယ်သူမှ မရှိရဘူး။ အကျဉ်းသားတချို့ကို စရဖက (၃) ကြိမ်လောက် လာတွေ့တာ ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မြန်မာနိုင်ငံသို့ သွားရောက်ခဲ့သည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရန်၊ အစိုးရနှင့် အတိုက်အခံအကြား ခိုင်မာသည့် တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်နှင့် ၂၀၁၀ ရွေးကောက်ပွဲကို စစ်မှန်သည့် ရွေးကောက်ပွဲဖြစ်စေမည့် အခြေအနေများ ဖန်တီးပေးရန် အချက်သုံးချက်ကို အဓိကတောင်းဆိုခဲ့သည်။

ယင်းသို့ ဘန်ကီမွန်း၏ တောင်ဆိုချက်အရ မြန်မာစစ်အစိုးရက အကျဉ်းသားများကို လူသားချင်း စာနာထောက်ထားမှု အခြေခံကာ လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်နိုင်ရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် စီစဉ်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ပြောကြားခဲ့သည်။

မစ္စတာဘန်ကီမွန်းက လုံခြုံရေးကောင်စီကို မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး ဇူလိုင် (၁၃) ၌ အစီရင်ခံတင်ပြရာတွင် မြန်မာသံအမတ်ကြီး ဦးသန်းဆွေက ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

မြန်မာစစ်အစိုးရသည် ယခင်ကလည်း အကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး ၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါရှိခဲ့သည်။

ရန်ကုန်မြို့မှ ဝါရင့်သတင်းစာဆရာကြီးတဦးက “သူတို့အတွက် အနှောင့်အယှက် အန္တရာယ်မဖြစ်နိုင်ဘူးလို့ ယူဆသူတွေကို ရွေးလွှတ်ပေးတတ်တယ်။ အခုလည်း နိုင်ငံရေးအကျဉ်းသားတွေကို လွတ်လွတ်လပ်လပ်မဟုတ်ဘဲ နှောင်ကြိုးတခုခုနဲ့ လွှတ်ပေးမယ်လို့ ယူဆရတယ်” ဟု ပြောသည်။

လာမည့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ပြည်တွင်းပြည်ပကို မြင်စေချင်ပါက ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ခွန်ထွန်းဦး၊ မင်းကိုနိုင်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို မည်သည့်ခြွင်းချက်မှ မထားဘဲ လွှတ်ပေးသင့်ကြောင်း ၎င်းက ပြောသည်။

ယခုကဲ့သို့ နိုင်ငံရေးအကျဉ်းသားများကို စရဖအဖွဲ့ဝင်များက ထောင်ထဲဝင်ပြီး မေးမြန်းနေသည့်ကိစ္စ အကျဉ်းသားမိသားစုဝင် များကလည်း စိတ်ဝင်စားနေကြပြီး ၎င်းတို့၏မိသားစုဝင်များ မကြာမီ ပြန်လွတ်လာနိုင်သည်ဟု မျှော်လင့်နေကြသည်။

Geen opmerkingen: