မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 5 augustus 2009

ဝါဆို သံဃာများကို အာဏာပိုင်များ တင်းကျပ်

Wednesday, 05 August 2009 19:29 ရန်ပိုင်
ဝါတွင်း သတင်းသုံးဝါဆိုမည့် သံဃာတော်များ၏ အတ္ထုပ္ပတ္ထိအကျဉ်း နှင့် ဓာတ်ပုံကိုပါပေးအပ်ရန် ရန်ကုန်မြို့နှင့် ပဲခူးမြို့တို့တွင် ဒေသ ဆိုင်ရာအာဏာပိုင်များက တောင်းခံနေကြောင်း သိရသည်။

ရွှေဝါရောင်တော်လှန်ရေးနှစ်ပတ်လည် နေ့နီးလာသောကြောင့် ကျောင်းတိုက်များတွင် ၀ါဆိုမည့်သံဃာတော် များထံမှ အထ္တုပ္ပတ္တိအချက်အလက်များသာကမ ဓာတ်ပုံကိုပါ စစ်အစိုးရ အာဏာ ပိုင်များက ကျောင်းထိုင်ဆရာတော်ကြီးများထံတွင် တောင်းထားကြောင်းသိရသည်။

“မနှစ်ကဓာတ်ပုံမတောင်းဘူး၊ ဒီနှစ် ကိုယ်ရေးအထ္တုပ္ပတ္တိ နဲ့တွဲပြီးတောင်းတာ၊ ထူးထူးဆန်းဆန်းပဲ” ဟု ပဲခူးမြို့တွင် သီတင်း သုံး ၀ါဆိုမည့်သံဃာတပါးက ဧရာဝတီကိုပြောသည်။

ပြီးခဲ့သည့်ဇူလိုင်လအတွင်းကလည်း ပဲခူးမြို့ပေါ်ရှိ စာသင်တိုက်ကြီးများနှင့် ဘုန်းကြီးကျောင်းတွင် သီတင်း သုံးနေထိုင်နေ သည့် သံဃာတော်များစာရင်းကို ကြံ့ခိုင်ဖွံဖြိုးရေးအဖွဲ့ဝင်များက လိုက်လံကောက်ခံနေကြောင်းသိရ သည်။

ပဲခူးမြို့ရှိ သံဃာတော်များစာရင်းကို တောင်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်သို့ပို့ရမည်ဟု ထို သံဃာတော်က ဧရာဝတီ သို့ပြောသည်။

“တောင်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်ကိုပေးရမယ်ပြောတယ်၊ဦးပဉ္ဇင်းတော့ ကိုယ်ရေးရာဇ၀င်ရော၊ ဓာတ်ပုံပါမပေးချင်ဘူး၊ဘာ ကြောင့် တောင်းတယ်ဆိုတာလည်းရှင်းမပြဘူး” ဟု ထိုသံဃာတော်က ဆိုသည်။

အတ္ထုပ္ပတ္တိအကျဉ်းတွင် ဘွဲ့တော်၊သီတင်းသုံးမည့်ကျောင်း ၊ မူလဥပဇ္ဈာယ် ဆရာတော်အမည် နှင့် ခမည်းတော်၊ မယ်တော် မှတ်ပုံတင် ၊၀ိနည်းသိက္ခာပုဒ်များ နှင့်အညီ သတင်းသုံးနေထိုင်ပါမည်ဖြစ်ကြောင်း ၀န်ခံချက်ပါရှိပြီး၊ ဓာတ်ပုံကို ယခုနှစ်ကျမှ သာလျှင်ထူးထူးခြားခြားတောင်းခံခြင်းဖြစ်သည်။

ရန်ကုန်မြို့မှ သံဃာတော်တပါးကလည်း ကိုယ်ရေးအချက်အလက်များနှင့် ဓာတ်ပုံကို အာဏာပိုင်များမှ တောင်းခံနေပြီး၊ ဤသို့ကောက်ခံနေခြင်းမှာ ရွှေဝါရောင်တော်လှန်ရေးနေ့ နီးကပ်လာသောကြောင့်ဟုထင်ကြောင်းဧရာဝတီသို့ ပြော သည်။

အခြားမြို့များရှိ သံဃာတော်များကိုမူ ကိုယ်ရေးရာဇ၀င်နှင့် ဓာတ်ပုံမတောင်းသော်လည်း ဤသတင်းကိုကြားကြောင်း မြင်းခြံ နှင့် မန္တလေးမြို့မှ ဆရာတော်ကြီးများက ဧရာဝတီသို့ပြောသည်။

၂၀၀၇ခုနှစ် ရွှေဝါရောင်သံဃာလှုပ်ရှားမှုပြီးနောက် သံဃာတော်များ ခရီးသွားလာခွင့်ကို တင်းကျပ်စွာစိစစ်ခဲ့ပြီး၊ ဇွန်လ အတွင်းကလည်း သံဃာတော်များ နိုင်ငံခြားသို့ ခရီးသွားလာခွင့်ကို အာဏာပိုင်များက ပိတ်ပင် ထားခဲ့သည်။

မြန်မာနိုင်ငံတွင် သံဃာတော်ဦးရေမှာ လေးသိန်းကျော်ရှိပြီး၊ ၂၀၀၇ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ရွှေဝါရောင်သံဃာလှုပ်ရှားမှုကို စစ်အစိုးရက ပြင်းထန်စွာဖြိုခွဲ့ခဲ့၍ သံဃာတော်အများအပြားသေဆုံးခဲ့ပြီး၊အများအပြားအဖမ်းခံခဲ့ရသည်။

Geen opmerkingen: