မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 24 augustus 2009

အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု တိုက်ပွဲအရှိန်တိုးမြင့်သွားမည်


NEJ / ၂၄ သြဂုတ် ၂၀၀၉


နအဖစစ်အစိုးရက တိုင်းရင်းသားများနှင့်အပစ်ရပ်အဖွဲ့များအပေါ် ထားသည့်သဘောထားသည် ပြည်တွင်းစစ်ဖြစ်ပွားရန် ဖော်ဆောင်နေသည့် အတွက် အမျိုးသားဒီမိုကရေစီတပ်ပေါင်းစု (မဒတ) က လက်နက်ကိုင် တော်လှန်ရေးတိုက်ပွဲများကို အရှိန်အဟုန်မြင့် လုပ်ဆောင်သွားမည်ဟု ပြောသည်။

ယမန်နေ့က ပြုလုပ်သည့် (မဒတ) ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးအပြီးတွင် အဖွဲ့၏အထွေထွေအတွင်းရေးမှူး မိုင်းဘုန်းကျော်က ပြောကြားခြင်းဖြစ်သည်။

၎င်းက “မဒတအနေနဲ့ လက်နက်ကိုင်တိုက်ပွဲ တိုးမြင့်ဖို့ကိစ္စလုပ်ရတာက နအဖဟာ ငြိမ်းချမ်းစွာ အကြမ်းမဖက်တဲ့ လှုပ်ရှားမှုတွေကို တခုပြီးတခု ဖြိုခွဲနေတယ်။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထပ်ပြီးအကျဉ်းချတယ်၊ နေအိမ်အကျယ်ချုပ်တိုးတယ်၊ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးလမ်းစကို ပိတ်လိုက်တဲ့ အနေအထားက နအဖဘက်က ထင်ရှားတယ်။ ဒါကြောင့် မဒတဘက်က စစ်ရေးအရှိန်မြင့်ဖို့လိုတယ်၊ နအဖကို တိကျတဲ့ ဖိအားတွေ တစုံတရာမပေးနိုင်လို့ကတော့ နအဖဟာ နိုင်ငံရေးဆွေးနွေးပွဲတွေ လုပ်မှာမဟုတ်ဘူး” ဟု ပြောသည်။

ကေအိုင်အေ၊ ယူဒဗလျူအက်စ်အေ စသည့် နအဖနှင့်အပစ်ရပ်ထားသည့် တိုင်းရင်းသားအဖွဲ့တို့၏ ရပ်တည်ချက်များသည် နိုင်ငံရေးအရ ဖြေရှင်းမည့်နည်းလမ်းများ ဖြစ်ကြောင်း၊ ၎င်းတို့၏ ရပ်တည်ချက်များကို လက်မခံပါက ပြည်တွင်းစစ်ဖြစ်လာနိုင် ကြောင်း မိုင်းဘုန်းကျော်က ပြောသည်။

အပစ်ရပ်အဖွဲ့များတွင် မဒတအဖွဲ့ဝင်ဟောင်းများပါရှိကြောင်း၊ ၎င်းတို့နှင့်အမြဲအဆက်အသွယ် နားလည်မှုများရှိကြောင်း၊ နအဖဖိအားများကြောင့် ပြန်လာကြပါက လက်ခံကြိုဆိုရန် အသင့်ပြင်ဆင်ထားမှုများ ရှိကြောင်း၊ အပစ်ရပ်ဒေသများတွင် တပ်အင်အားအလုံးအရင်းချကာ ရန်စမှုများ၊ နယ်ခြားစောင့်တပ်နှင့် ပြည်သူ့စစ်အဖွဲ့များအဖြစ် အသွင်ပြောင်းရန် ဖိအားပေးမှု များသည် အပစ်ရပ်ကိစ္စ ပျက်ပြယ်သွားရန်ဖြစ်ပြီး ပျက်ပြယ်သွားပါက မြန်မာပြည် တောင်ပိုင်းနှင့်မြောက်ပိုင်း မျက်နှာပြင်တွင် ပြည်တွင်းစစ်မီး မလွဲမသွေတောက်လောင်မည်ဟုလည်း မဒတ က ပြောသည်။

လက်နက်ကိုင်စစ်ရေးလှုပ်ရှားမှုများကို တိုးမြင့်လုပ်ဆောင်နေသော်လည်း လှုပ်ရှားမှုများနှင့် ပတ်သက်၍ မဒတ က အသေးစိတ်ပြောကြားခြင်းမရှိပေ။

ပြီးခဲ့သည့် ကြာသပတေးနေ့က စတင်သည့် (၃) ရက်ကြာ ဗဟိုအလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ မဒတအဖွဲ့ဝင်များ ဖြစ်သည့် ရခိုင်၊ ချင်း၊ ကရင်၊ လားဟူ၊ မွန်၊ ပအို့ဝ်၊ ပလောင်၊ ၀ စသည့်အဖွဲ့များ တက်ရောက်ကြပြီး ထိုအဖွဲ့များသည် လက်ရှိ လက်နက်ကိုင်တိုက်ပွဲဝင်နေကြသည့် အဖွဲ့များဖြစ်သည်။

မဒတ ကို ၁၉၇၆ ခု မေလ (၁၀) ရက်၌ မာနယ်ပလောတွင် စတင်ဖွဲ့စည်းစဉ်က ရခိုင်ပြည်လွတ်မြောက်ရေးပါတီ၊ ကယန်းပြည်သစ်ပါတီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးပါတီ၊ ပြည်ထောင်စုပအို့ဝ် အမျိုးသားများအဖွဲ့ချုပ်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ကရင်အမျိုးသားအစည်းအရုံး၊ ကချင်လွတ်လပ်ရေးအဖွဲ့၊ လားဟူအမျိုးသားညီညွတ်ရေးပါတီတို့ ပါဝင်သည်။

Geen opmerkingen: