မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 19 augustus 2009

ဒီကေဘီအေ ဗိုလ်မှူးကြီးစောချစ်သူ လုပ်ကြံခံရ ရန်ကုန်တွင် ဆေးကုသမှု ခံယူ


NEJ / ၁၉ သြဂုတ် ၂၀၀၉


တိုးတက်သောဗုဒ္ဒဘာသာကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) ၉၉၉ တပ်မဟာအခြေချ ဗျူဟာမှူး ဗိုလ်မှူးကြီး စောချစ်သူသည် အောက်လက်ငယ်သားများ၏လုပ်ကြံမှုခံရ၍ ရန်ကုန်မြို့တွင် ဆေးကုသမှု ခံယူနေရသည်ဟု ဒီကေဘီအေနှင့် နီးစပ်သည့် ဘာသာရေးခေါင်းဆောင် တဦးက ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ တပ်မဟာ(၇) ထိုးစစ်ကအပြန်မှာ ၉၉၉ တပ်ရင်း (၇) က တပ်ရင်းမှူး ဗိုလ်စံပြုံး (ဆန်ပြုတ်) လုပ်ကြံခံရတဲ့ကိစ္စအပါအ၀င် အခြားကိစ္စတွေကြောင့် ဗိုလ်ချစ်သူလုပ်ကြံခံရတယ်လို့ သိရတယ်။ ရန်ကုန်ကနေ နိုင်ငံခြားထိ သွားကုဖို့လုပ်နေကြတယ်။ အခြေအနေအတော်ဆိုးတယ်လို့ သိရတယ်” ဟု ပြောသည်။

ဒီကေဘီအေ ၉၉၉ အခြေချဗျူဟာရုံးစိုက်ရာ မြ၀တီခရိုင် ရွှေကုက္ကိုရွာတွင် နေထိုင်သူတဦးက “ဒီကိစ္စဟုတ်ပါတယ်၊ သတင်းပိတ်ထားတယ်၊ ခရီးသွားတယ်လို့ပြောတယ်၊ ဖြစ်တာ ဗိုလ်ဆန်ပြုတ် အသုဘအပြီး ဇွန်လကုန်လောက်မှာဖြစ်တာ” ဟု ပြောသည်။

ဒီကေဘီအေ ၉၉၉ တပ်ရင်း (၇) မှ တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး အဆင့်ရှိသူ ဗိုလ်စံပြုံး (ခေါ်) ဗိုလ်ဆန်ပြုတ်သည် ပြီးခဲ့သည့် ဇွန် (၂၆) ရက်တွင် အမည်မသိအဖွဲ့တဖွဲ့၏ ချုံခိုတိုက်ခိုက်ခံရသဖြင့် ၎င်း၏ရဲဘော်များနှင့်အတူ သောင်ရင်းမြစ်အတွင်း သေဆုံးခဲ့သည်။

ဗိုလ်ဆန်ပြုတ်လုပ်ကြံခံရမှုနှင့် ပတ်သက်၍ လက်အောက်ငယ်သားများ၏ မယုံသင်္ကာဖြစ်မှုခံရပြီး တပ်မဟာ(၇) ထိုးစစ်အတွက် မြန်မာစစ်တပ်မှပေးသည့် သိန်းထောင်ချီသည့်ငွေများနှင့် အခြားစီပွားရေးသမားများ ပေးသည့်ငွေများကို စောချစ်သူက မောင်ပိုင်စီးသည့်အတွက် လုပ်ကြံခံရခြင်းဖြစ်နိုင်သည်ဟု ဒီကေဘီအေနှင့်စီးပွားရေးတွဲလုပ်သူ ကုန်သည်တဦးက ပြောသည်။

ယခုဖြစ်ရပ်နှင့်ပတ်သက်၍ ၉၉၉ အခြေချဗျူဟာသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ကောလာဟလသတင်းများသာဖြစ်သည်ဟု ပြန်လည်ဖြေကြားသည်။

(၉၉၉) အခြေချဗျူဟာမှူးသည် လွန်ခဲ့သည့်ဇွန်လက နအဖ၏အထောက်အပံ့ဖြင့် တလနီးပါးကြာမြင့်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) ဒေသကို ထိုးစစ်ဆင်ရာတွင် အဓိကဦးဆောင်ခဲ့သူဖြစ်သည်ဟု ကရင်အမျိုးသားအစည်းအရုံးက ပြောသည်။

Geen opmerkingen: