မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 4 augustus 2009

တပ်ဖွဲ့အသွင်ပြောင်းရေး နအဖ၏ကမ်းလှမ်းချက် မွန်ပြည်သစ်ပါတီက ပယ်ဖျက်

ဝီရ / ၄ သြဂုတ် ၂၀၀၉


နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို မွန်ပြည်သစ်ပါတီက ပယ်ချလိုက်ပြီး မွန်အမျိုးသားတို့အတွက် မြင်သာသည့်အခွင့်အရေး တစုံတရာ မတွေ့ရသမျှ ၎င်း၏တပ်ဖွဲ့အား မည်သည့်အခါမျှ အသွင်ပြောင်းလိမ့်မည်မဟုတ်ဟု ပြောဆိုလိုက်သည်။

ပါတီ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်တဦးက “နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းဖို့ နအဖရဲ့တောင်းဆိုတာကို လုံးဝ လက်မခံနိုင်ဘူးလို့ ကျနော်တို့ဗဟိုကော်မတီဝင် အစည်းအဝေးက ဆုံးဖြတ်ခဲ့တယ်။ တိုင်းရင်းသားတွေရဲ့အရေးကို အရင် မဖြေရှင်းဘဲ တဖက်သတ် ကျင်းပမယ့် နအဖတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲက အမျိုးသားပြန်လည်သင့်မြတ်ရေးဆီကို ဦးတည်နေတာမဟုတ်ဘဲ မြန်မာ့နိုင်ငံရေးအတွက် အဆိုးဘက်ကိုသာ ဦးတည်နေတယ်။ ဒါကြောင့် ပါတီအနေနဲ့ ဒီရွေးကောက်ပွဲကို ပါဝင်ယှဉ်ပြိုင်မှာ မဟုတ်ဘူးလို့ ဆုံးဖြတ်တယ်။ တပ်ဖွဲ့အသွင်ပြောင်းဖို့ နအဖတို့ကမ်းလှမ်းထားတဲ့ ဌာနေပြည်သူ့စစ်အဖွဲ့အဖြစ်ကိုလည်း လက်မခံပါဘူး” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။

အဆိုပါဆုံးဖြတ်ချက်များအား ဇူလိုင် (၂၇) ရက်မှစ၍ ပါတီဗဟိုဌာနချုပ်တွင် (၆) ရက်ကြာ ကျင်းပခဲ့သည့် ပါတီဗဟိုကော်မတီဝင်များ၏ အရေးပေါ်အစည်းအဝေးမှ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ၎င်းတို့၏ မွန်အမျိုးသားလွတ်မြောက်ရေး တပ်မတော်အား လက်ရှိတည်နေရာအတိုင်း ဆက်လက်ထားရှိသွားမည်ဟုလည်း ထိုအလုပ်အမှုဆောင်ကော်မတီဝင်က ပြောသည်။

၎င်းက “ကျနော်တို့အပစ်ရပ်ကြတုန်းက နဝတရော၊ အခုအုပ်ချုပ်နေတဲ့ နအဖရော တရားဝင်အစိုးရ မဟုတ်သေးဘူး။ နောက်တက်လာမယ့် တရားဝင်အစိုးရနဲ့ဘဲ ဒီကိစ္စ (တပ်အသွင်းပြောင်းရေး) အတွက် ဆွေးနွေးသွားမယ်။ ၂၀၁၀ ရွေးကောက်ပွဲ ပြီးမြောက်လို့ တရားဝင်အစိုးရ တက်လာတဲ့အချိန်အထိ ကျနော်တို့တပ်ဖွဲ့တွေကို ဒီအရှိအတိုင်းပဲ ဆက်ထားသွားဖို့ ဆုံးဖြတ်လိုက်တယ်။ အပစ်ရပ်အဖွဲ့တွေကို ဖိအားပေးပြီး တပ်ဖွဲ့အသွင်ပြောင်းခိုင်းနေတာတွေကိုလည်း ရပ်တန့်ပေးပါ။ ကျနော်တို့ကို ရွေးကောက်ပွဲဝင်စေချင်ရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အတိုက်အခံအားလုံး၊ အင်အားစုအားလုံး ပါဝင်တဲ့ ပြန်လည်သုံးသပ်ရမယ့်အပိုင်းတွေကို အရင်လုပ်ပေးပါလို့ ကျနော်တို့တောင်းဆိုပါတယ်” ဟု ပြောကြားသည်။

တိုင်းရင်းသားလူမျိုးပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးနှင့် ပြည်သူလူထု၏အကျိုးကို ရှေးရှုသောအားဖြင့် လက်ရှိဖြစ်တည်နေသည့် ငြိမ်းချမ်းရေးအတိုင်း ဆက်လက်တည်မြဲစေလိုသော်လည်း အပစ်အခတ်ရပ်စဲရေးသည် နအဖအပေါ်တွင်သာ မူတည်ကြောင်း မွန်ပြည်သစ်ပါတီက သတိပေးထားသည်။

တပ်ဖွဲ့အသွင်ပြောင်းရန် အခြားအပစ်ရပ်အဖွဲ့များအား နအဖက စစ်ရေးအရ ဖိအားပေးမှုများ ရှိသော်လည်း မွန်ပြည်သစ်ပါတီအား ယခုအချိန်အထိ အလားတူ ဖိအားပေးမှုမျိုး မရှိသေးကြောင်း သိရသည်။

ကျင်းပပြီးစီးသွားသည့် အရေးပေါ်အစည်းအဝေးမှ ပါတီ၏သဘောထားအား လာမည့်သြဂုတ် (၅) ရက်တွင် ကျင်းပမည့် မွန်အမျိုးသားတော်လှန်ရေးနေ့တွင် နအဖစစ်အစိုးရထံ တင်ပြသွားမည်ဖြစ်ကြောင်း အဆိုပါအလုပ်မှုဆောင်ကော်မတီဝင်က ရှင်းပြသည်။

မွန်ပြည်သူတို့၏ သဘောထားကိုလည်း အရေးပေါ်အစည်းအဝေး မတိုင်မီကာလများတွင် သွားရောက်ကောက်ယူခဲ့ရာ မြန်မာ့နိုင်ငံရေးပြဿနာရပ်များအား ပွင့်လင်းညင်သာသည့်နည်းဖြင့်သာ ဖြေရှင်းသွားရန် ပြည်သူအများစုက လိုလားကြသည်ဟု သိရသည်။

မွန်ပြည်သစ်ပါတီသည် ၁၉၉၅ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ တောင်းဆိုချက်များကို လက်မခံသဖြင့် ၂၀၀၅ ခုနှစ်တွင် စစ်အစိုးရ၏ အမျိုးသားညီလာခံသို့တက်ရောက်မှုအား ဖျက်သိမ်းခဲ့သည်။

Geen opmerkingen: