မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 18 augustus 2009

ပူးပေါင်းဆောင်ရွက်ရေး ပြည်တွင်းတွင် ပထမဟု ဒေါ်အောင်ဆန်းစုကြည် ပြောဆို


Tuesday, 18 August 2009 16:02 ကိုထွေး
မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့ အရေးယူမှုများ လျှော့ချရန် အတွက် ပြည်ပနိုင်ငံများနှင့် ညှိနှိုင်း ဆောင်ရွက်ခြင်း မပြုမီ မြန်မာ ပြည်တွင်းတွင် ဦးစွာ ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမေရိကန် အထက် လွှတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ်ကို ပြောဆိုခဲ့သည်ဟု သိရသည်။

စီးပွားရေးပိတ်ဆို့မှုနှင့် ပတ်သက်၍ မစ္စတာ ဂျင်မ်ဝက်ဘ်က မြန်မာနိုင်ငံသည် အခြား တိုင်းပြည်များနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်းပြောရာ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် တုံ့ပြန် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ယမန်နေ့ ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်ကို သွားရောက်တွေ့ဆုံခဲ့သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြန်ကြားရေး တာဝန်ရှိသူတဦး ဖြစ်သည့် ဦးဉာဏ်ဝင်းက ပြောသည်။

“ဒေါ်အောင်ဆန်း စုကြည် အနေနဲ့က ပြည်တွင်းမှာ ပူးပေါင်း ဆောင်ရွက်တာရှိမှ နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်မှုက အကျိုးရှိမယ် လို့ ပြန်ပြောခဲ့တယ် လို့ ပြောပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ လည်းဖြစ်သူ ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ရှင်းပြသည်။

ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးဉာဏ်ဝင်းတို့ အချိန် ၁ နာရီ ကြာ တွေဆုံခဲ့ရာ နိုင်ငံတကာက မြန်မာပြည် အပေါ် ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့ အရေးယူမှု၊ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်ဟု သိရသည်။

စစ်အစိုးရအပေါ် နိုင်ငံတကာက ချမှတ်ထားသော ပိတ်ဆို့မှုများသည် သူ၏ ဆောင်ရွက်ချက်များ မဟုတ်သည့် အတွက် ရုတ်သိမ်းပေး၍ မရနိုင်ကြောင်း၊ ယင်းပိတ်ဆို့မှုများသည် တိုင်းပြည်နှင့် လူထု အတွက် အကျိုး မရှိပါက စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် ၂၀၀၇ခုနှစ်က အဆိုပြုခဲ့ရာ အစပိုင်း တွင် စစ်အစိုးရက သဘော တူသယောင် ရှိသော်လည်း နောက်ပိုင်းတွင် အရာမထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂျင်မ်ဝက်ဘ် ကို ရှင်းပြခဲ့သည် ဟု ၎င်းက ဆက်ပြောသည်။

“အခု နိုင်ငံတကာ သတင်းတွေမှာ ပါနေတယ် ကမ္ဘာလှည့် ခရီးသွားတွေကို မြန်မာပြည် မလာ ဖို့ ဆိုတဲ့ ပိတ်ဆို့မှုကို ရုပ်သိမ်း ပေးဖို့ ဒေါ်အောင်ဆန်းစုကြည် သဘောတူတယ်၊ ပြောတယ် ဆိုတာ လုံးဝ မပြောဘူး ဆိုပြီးတော့ သူက ငြင်းပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ ဂျင်မ်ဝက်ဘ် ပြောဆိုသည့် တရုတ်နိုင်ငံ၏ ကြောက်လန့်စရာကောင်းသည့် သြဇာ လွမ်းမိုးမှုဟူသော စကားကို သဘော မတူကြောင်း၊ တရုတ်သည် အိမ်နီးနားချင်း နိုင်ငံတခု ဖြစ်ကြောင်း မိတ်ဆွေကောင်း အဖြစ် ဆက်ဆံလိုကြောင်း၊ ကမ္ဘာပေါ်ရှိ အင်အားကြီး နိုင်ငံများ အားလုံးကို မိတ်ဆွေသဘော ဆက်ဆံရသည်ကိုသာ လိုလားကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

“ဂျင်မ်ဝက်ဘ်က ရွေးကောက်ပွဲ ၀င်မလားလို့ မေးတယ် တဲ့၊ အဖွဲ့ဝင်တွေနဲ့ စုံစုံညီညီ ညှိနှိုင်းပြီးတော့မှ ဆုံးဖြတ်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောတယ်၊ ဆုံးဖြတ်၍ ရရင်တောင် အဲဒီ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာ အာဏာပိုင်များကို ပထမဆုံး ပြောပြရမယ်၊ ဘေးလူကို အရင် စပြောတာမျိုးကို ဘယ်တော့မှ ပြုလုပ်မှာ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောတယ်” ဟုပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးမှာ ကောင်းမွန်လျက်ရှိပြီး အမှုကိစ္စ အယူခံ ၀င်ရန် အတွက်လည်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် မစ္စတာ ဂျင်မ်ဝက်ဘ်က ဒေါ်အောင်ဆန်းစုကြည်၏ အမြင်ကို တလွဲ မပြောလိုကြောင်း၊ သို့သော်လည့်း  စီးပွားရေး ပိတ်ဆို့မှု တချို့ကို ပြန်ရုတ်သိမ်း ပေးဖို့ ကိစ္စကို ဒေါ်အောင်ဆန်းစုကြည် ကန့်ကွက်မည်မဟုတ်ဟု ယူဆကြောင်း သတင်းထောက်များအား ပြောခဲ့သည်။

မြန်မာစစ်အစိုးရ အပေါ် အမေရိကန်နှင့် ဥရောပနိုင်ငံများက အရေးယူ ထားသည့် စီးပွားရေး ပိတ်ဆို့မှု ရုတ်သိမ်းပေးရန် တိုက်တွန်းသင့်ကြောင်း သူက ဒေါ်အောင်ဆန်းစုကြည်ကို ပြောခဲ့သည်ဟု ဆိုသည်။

အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်မ် ဝက်ဘ် သည် အထက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီ၏ အာရှ နှင့် ပစိဖိတ် ရေးရာကော်မတီ ဥက္ကဌ လည်း ဖြစ်သည်။

၎င်း၏ မြန်မာပြည် ခရီးစဉ်အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ကို သီးခြားစီ တွေ့ဆုံခဲ့သည်။

မစ္စတာ ဂျင်မ်ဝက်ဘ်သည် စီးပွားရေး ပိတ်ဆို့အရေးယူမှုကို ဆန့်ကျင်သူတဦး အဖြစ် လူသိများသည်။

Geen opmerkingen: