မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 21 augustus 2009

စာပေစိစစ်ရေးရုံးသို့ စာရေးဆရာကြီးနန်းညွန့်ဆွေ သွားရောက်ကန့်ကွက်

NEJ / ၂၁ သြဂုတ် ၂၀၀၉


စာရေးဆရာကြီး နန်းညွန့်ဆွေသည် သုခမိန်ကလောင်အမည်ဖြင့် မြန်မာသစ်မဂ္ဂဇင်းအတွက် ရေးသားခဲ့သည့် သူ၏ဆောင်းပါးကို စာပေစိစစ်ရေးက ပိတ်ပင်လိုက်သဖြင့် မကျေမနပ်ဖြစ်ပြီး စာပေစိစစ်ရေးရုံးသို့ ကိုယ်တိုင် သွားရောက်ကန့်ကွက်ခဲ့ကြောင်း သိရသည်။

ဆရာကြီးနန်းညွန့်ဆွေသည် ပြီးခဲ့သည့်လက သုခမိန်ကလောင်အမည်ဖြင့် အပယ်ရတနာဆိုသည့် ဆောင်းပါးတပုဒ်ကို မြန်မာသစ်မဂ္ဂဇင်းသို့ ပေးပို့ခဲ့ရာ စာပေစိစစ်ရေးက ပိတ်ပင်ခဲ့သဖြင့် အကျိုးအကြောင်း သွားရောက်မေးမြန်းခဲ့ခြင်းဖြစ်သည်။

အဆိုပါဆောင်းပါးတွင် ဆရာကြီးက သူ့၏ဇနီးသည် စာရေးဆရာမကြီး ဒေါ်ကြည်ဦး မကျန်းမမာဖြစ်ပြီး ဆေးရုံတင်ကာစမှ နောက်ဆုံးကွယ်လွန်ချိန်အထိ လွမ်းမောစရာ အမှတ်တရ အဖြစ်အပျက်များကို ရေးသားထားခြင်းဖြစ်သည်။ ဆောင်းပါးတွင် စာရေးဆရာမကြီး ဒေါ်ကြည်ဦးက အိမ်ထောင်ထိန်းသိမ်းခဲ့ပုံ၊ သား(၃) ယောက်ကို ပြုစုပျိုးထောင်ခဲ့ပုံ၊ စီးပွားရေးလုပ်ခဲ့ပုံ၊ တရားရှုမှတ်ပုံစသဖြင့် ရေးသားထားကြောင်း သိရသည်။

ထိုကဲ့သို့ နိုင်ငံရေးနှင့် ဆက်နွှယ်ပတ်သက်မှု လုံးဝမပါဘဲ၊ အကျဉ်းချခံနေရသည့် သားတဦးဖြစ်သူ ကိုသူရခေါ် လူရွှင်တော်ဇာဂနာအကြောင်း မရေးပါဘဲ ဘာကြောင့် ဆောင်းပါးကို ပိတ်ပင်ခဲ့သည်ကို ဆရာကြီးက နားမလည်နိုင် ဖြစ်ရသည်ဟု ဆိုသည်။

ထို့ကြောင့် မြန်မာသစ်မဂ္ဂဇင်းမှ အယ်ဒီတာတယောက်နှင့်အတူ စာပေစိစစ်ရေးရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့ခြင်းဖြစ်သည်။

စာပေစိစစ်ရေးရုံးမှ စာစစ်မှူးတဦးက “လွန်ခဲ့တဲ့ နှစ်ပတ်လောက်က အသက်ခပ်ကြီးကြီး အဖိုးအိုတယောက် ရောက်လာပြီး ညွှန်မှူးဗိုလ်မှူးတင့်ဆွေ အခန်းကို မေးတယ်။ ဒါနဲ့ကျမက ညွှန်ပြလိုက်တယ်။ နောက်ဗိုလ်မှူးအခန်းဘက်က ဆူဆူညံညံ အသံကြားတာနဲ့ သွားကြည့်တော့ စောစောက အဖိုးအိုက အသံတုန်တုန်ရီရီနဲ့ ဗိုလ်မှူးတင့်ဆွေကို ဝေဖန်နေတာ ကြားရတယ်။ ဗိုလ်မှူးကတော့ ဘာမှပြန်မပြောဘူး။ နောက်မှ အဲဒီအဖိုးအိုက နာမည်ကျော်စာရေးဆရာကြီး နန်းညွန့်ဆွေဖြစ်နေတာ သိရတယ်” ဟု ပြောသည်။

ဗိုလ်မှူးတင့်ဆွေနှင့်တွေ့ဆုံရာတွင် ၎င်း၏ဆောင်းပါးကို ဘာကြောင့်ပိတ်ပင်ရသည်ကို ပြန်လည်ဖြေကြားနိုင်ခြင်း မရှိသည့် အတွက် စိတ်ဆိုးဒေါသထွက်ပြီး စာပေစိစစ်ရေးက ယခုကဲ့သို့ လုပ်နေမှုကို ဝေဖန်ကန့်ကွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဆရာကြီးနန်းညွန့်ဆွေသည် သူ့၏ကလောင်အမည်နှင့်ရေးသားသမျှကို စာပေစိစစ်ရေးက ပိတ်ပင်နေသဖြင့် အခြားကလောင် အမည်များဖြင့် စာပေရေးသားပြီး မဂ္ဂဇင်းတိုက်များသို့ ပို့ပေးနေခဲ့ရာတွင် သုခမိန်ဆိုသည့် ကလောင်အမည်လည်း အပါအ၀င် ဖြစ်ပြီး ဆရာကြီးမှန်း စာပေစိစစ်ရေးက မသိသဖြင့် ပုံမှန်ဖော်ပြခွင့်ရရှိခဲ့သည်ဟု ပြည်တွင်းမဂ္ဂဇင်းတခုမှ စာရေးဆရာတဦးက ပြောသည်။

သရုပ်ဆောင်ဇာဂနာ၏ ဖခင်ဖြစ်သည့် ဆရာကြီးနန်းညွန့်ဆွေသည် အသက် (၈၆) နှစ်ရှိပြီး ၎င်း၏ဇနီးသည် ကိုဇဂနာ၏မိခင် နာမကျန်းဖြစ်နေစဉ်ကလည်း ကိုဇာဂနာကို လာရောက်ကြည့်ရှုခွင့်ပေးရန် နေပြည်တော်အပါအ၀င် သက်ဆိုင်ရာများထံ စာရေးတင်ပြ အသနားခံခဲ့သော်လည်း ခွင့်ပြုချက်မရခဲ့ဘဲ ဆရာမကြီး ဒေါ်ကြည်ဦး ဆုံးပါးခဲ့ရသည်။

Geen opmerkingen: