မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 10 augustus 2009

စစ်ပြေးချိန်










Monday, 10 August 2009 18:42 ရဲနည်
နောက်ဆုံးအသုတ် ထွက်ပြေးလာကြသည့် ကရင်ဒုက္ခသည် ၄၀၀၀ ကျော်မှာ ယခုအခါ ထိုင်းနိုင်ငံအတွင်းရှိ ယာယီစခန်း များတွင် ခိုလှုံနေကြသည်။ သူတို့ အိမ်ကိုပြန်ရမလား၊ ဇာတိမြေကို ထာဝရစွန့်ခွာ သွားကြရတော့မလား ဆိုသည့် ကံကြမ္မာ၏ အဆုံးအဖြတ်ကို စောင့်စားနေကြရသည်။

“ငြိမ်းချမ်းရေး ရလာတဲ့အခါကျတော့ ငါတို့ရွာကို ပြန်မှာပေါ့” ဟု အသက် ၆၀ အရွယ် ကရင်အမယ်အို ဘီးမဲက ပြောသည်။ သူက ယာယီဆောက်ထားသည့် ၀ါးတဲအတွင်း ထိုင်နေရင်း လက်ထဲ၌ ၄ လသားအရွယ် လူမမယ် မြေးကလေးကိုလည်း ပွေ့ချီထားသေးသည်။

ဘီးမဲက သူ၏ ၄ လသားအရွယ်မြေးငယ်ကို ထွေးပွေ့ထားစဉ် (ဓာတ်ပုံ- ရဲနည်၊ ဧရာဝတီမဂ္ဂဇင်း)
သို့သော် သူ့အနေနှင့် မိသားစုဝင်များကို နောက်တကြိမ်ပြန်ဆုံရဖို့ မဖြစ်နိုင်ကြောင်းနှင့် ကရင်ပြည်နယ်အတွင်းရှိ သူ့ရွာကို ပြန်ခွင့်ရရန် အခွင့် နည်းလှကြောင်း ကောင်းစွာသိနေသည်။

နှစ် ၆၀ ကျော် ရက်စက်ကြမ်းကြုတ်လှသည့် ပြည်တွင်းစစ်အတွင်း ဖြတ်သန်းခဲ့ရသော အတွေ့အကြုံအရ သူ သိနေခြင်း ဖြစ်သည်။

လွန်ခဲ့သည့် ၂ ပတ်ခန့်က ဘီးမဲနှင့် သူ၏ မြေးငယ် ၄ ဦး နယ်စပ်ကိုဖြတ်၍ ထိုင်းနိုင်ငံအတွင်းသို့ တခြား ကရင်ဒုက္ခသည် ၅၀၀ ကျော်နှင့်အတူ ပြေးဝင်ခိုလှုံခဲ့ကြရသည်။ သေနတ်သံနှင့် လက်နက်ကြီးသံများက တောင်များအကြား ပဲ့တင် ထပ်နေစဉ်၊ စစ်အစိုးရတပ်များက ရွာများကို ၀ိုင်းပတ်ကာ ပေါ်တာဆွဲနေသည့်အချိန်၌ သူတို့ ထွက်ပြေးလာရခြင်း ဖြစ်သည်။





ဇွန်လဆန်းပိုင်းမှစ၍ စစ်အစိုးရ စစ်တပ်များနှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) ပူးပေါင်းတပ်များက ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) တပ်များအပေါ် ထိုးစစ်များ ပြင်းပြင်းထန်ထန် ဆင်နွှဲခဲ့သည်။ ကရင် ကျေးရွာသားများနှင့် လာပါဟား ပြည်တွင်းဒုက္ခသည်စခန်းမှ လူ ၄၀၀၀ ကျော်လည်း စစ်ဘေးရန်မှ လွတ်မြောက်ရန် အတွက် နယ်စပ်ဖြတ်ကျော်၍ ထိုင်းနိုင်ငံ၊ တာ့ခ် ခရိုင် ထာ့ဆောင်ယန်းမြို့နယ်အတွင်း ပြေးဝင်ခိုလှုံလာခဲ့ ကြရသည်။ ဒုက္ခသည်များမှာ နယ်စပ်ဒေသများ၌ တိတ်တဆိတ်ပုန်းအောင်း နေထိုင်နေကြဆဲ ရှိနေကြပြီး၊ ဒုက္ခသည် စုစုပေါင်း အရေအတွက်ကို ခန့်မှန်းနိုင်ရန် ခက်ခဲလှသည်။

ယခုအခါ ဒုက္ခသည်များက နေရာ ၆ ခုတွင် ခိုလှုံနေကြရသည်။ ထိုင်းနိုင်ငံက ခရီးသွားလုပ်ငန်း စခန်းတခုအဖြစ် သတ် မှတ်ထားသော မဲအူဆူး ကျောက်ဂူ၏ အနောက်ဘက်၌ အုပ်စုဖွဲ့ အခြေချနေကြသော ဒုက္ခသည်များကို ဧရာဝတီ မဂ္ဂဇင်းက သွားရောက်တွေ့ဆုံ မေးမြန်းခဲ့သည်။ ၎င်းဒေသသည် ထိုင်း - မြန်မာနယ်စပ် အတွင်းဘက် ကီလိုမီတာ အနည်းငယ် အကွာတွင် တည်ရှိနေသော နေရာတခု ဖြစ်သည်။

“အခုအချိန်အထိ စာရင်းအရ ဒုက္ခသည် ၁၉၉၈ ဦး ရှိပါတယ်။ အများစုကတော့ မိန်းမတွေနဲ့ ကလေးတွေပါ” ဟု ကရင် လူငယ်များ အစည်းအရုံး (KYO) ၏ အဖွဲ့ဝင်တဦးဖြစ်သည့် ချာကလိုးက ပြောပြသည်။ သူတို့အဖွဲ့က ဒုက္ခသည်များကို ၀ိုင်းဝန်းကူညီနေ ကြသည်။

ဒုက္ခသည်များကို ကူညီရန်အတွက် လူသားချင်းစာနာမှု အကူအညီများပေးနေသော အစိုးရမဟုတ်သည့် အဖွဲ့များ စုဖွဲ့ထား သော ထိုင်း - မြန်မာနယ်စပ် ကူညီထောက်ပံ့ရေး ညွန့်ပေါင်းအဖွဲ့ (TBBC) က အခြေခံရိက္ခာများဖြစ်သည့် ဆန်၊ ပဲ၊ ငါးပိ၊ ဆား တို့ကို ထောက်ပံ့ပေးနေပြီး ပြင်သစ် အန်ဂျီအို Solidarités က ရေနှင့် သန့်ရှင်းရေးပစ္စည်းများ ထောက် ပံ့ ပေးနေ သည်။ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) က ပလတ်စတစ်မိုးကာစများ၊ ရွက်ဖျင်စများ ထောက်ပံ့ပေးလျက်ရှိသည်။

သို့သော်ငြားလည်း မုတ်သုန်မိုးက နေ့ပေါင်းများစွာ ရက်ဆက်ရွာသွန်းနေသည့်အတွက်ကြောင့် ယာယီခိုလှုံနေသူများ ပို၍ ခက်ခဲကြရသည်။

ထိုင်း - မြန်မာ နယ်စပ် မဲဆောက်မြို့မှ မယ်တော်ဆေးခန်းကို တည်ထောင်သူ ဒေါက်တာ စင်သီယာမောင်နှင့် ဆေးဝန်ထမ်းများက ယာယီဖွင့်ထားသည့် ဆေးပေးခန်းရှိ လူနာအများအပြား ကို ကြည့်ရှုပေးနေ ရသည်။ အများစုက ၀မ်းလျှောရောဂါ၊ ၀မ်းကိုက်ရောဂါ၊ မိုးရာသီတွင် ဖြစ်တတ်သည့် အထွေထွေ နာမကျန်းမှုဝေဒနာများ ခံစားနေရသည်။

အထူးသဖြင့် စခန်းတွင်းရှိ ကလေးများက ပို၍ စိုးရိမ်ဖွယ် ဖြစ်သည်ဟု ဆေးမှူးများက ဆိုကြသည်။ ကလေးအများစုက ၀ါးတဲများတွင် ဖြစ်သလို နေထိုင်နေကြရပြီး တချို့သော ကလေးများကလည်း ဗွက်ထနေသော လယ်ကွင်းပြင်များထဲ၌ ပြေးဆော့နေကြသည်။

“သူတို့ စာသင်ဖို့ လိုအပ်တယ်။ ကျနော်တို့ ကူညီပေးဖို့ အသင့်ရှိပါတယ်။ ဒါပေမယ့် ထိုင်း အာဏာပိုင်တွေက အခုနေရာကို ယာယီအဖြစ်သတ်မှတ်ထားတော့ ကျောင်းဆောက်တာမျိုး မလိုလားကြဘူး” ဟု ချာကလိုးက ပြောပြသည်။

ယေဘုယျအားဖြင့် ထိုင်းနိုင်ငံက ကရင်ဒုက္ခသည်များကို ရေတိုစီမံချက်ချကာ လက်ခံကူညီလေ့ ရှိကြသည်။ အကယ်၍ မြန်မာနိုင်ငံဘက်ခြမ်းတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပါက ထိုင်းအာဏာပိုင်များက အရပ်သားများကို နယ်စပ် ဖြတ်ကျော်ခွင့်ပေး၍ ခိုလှုံစေသည်။ တိုက်ပွဲများ ရပ်ဆိုင်းသွားသည့်အချိန်တွင် ဒုက္ခသည်များကို မြန်မာနိုင်ငံဘက်သို့ ပြန်ပို့လေ့ ရှိသည်။

ယခုအခါ KNLA တပ်များက ၎င်းတို့ အခြေစိုက်စခန်းများမှ ဆုတ်ခွာပေးပြီးသည့်နောက်ပိုင်း နောက်ထပ်တိုက်ပွဲများ ဖြစ်ပွားနေသည်ဟူသည့် သတင်းများလည်း မရတော့ပါ။ သို့သော် DKBA တပ်ဖွဲ့များက ဆက်လက်၍ ဖိနှိပ်နေကြသည် ဆိုသည့် သတင်းများ ကြားနေရသေးသည်။ အဓမ္မ စစ်သား စုဆောင်းမှုများ၊ အဓမ္မလုပ်အားစေခိုင်းမှု၊ ငွေ၊ အစားအစာနှင့် ကျွဲ၊ နွား တိရစ္ဆာန်များ အဓမ္မ တောင်းယူခြင်း စသည့် လုပ်ရပ်များကြောင့် လူအများအပြား ဆက်လက်၍ ထွက်ပြေး နေရဆဲ ဖြစ်သည်။ ဤသို့သော အခြေအနေများကြောင့် ဒုက္ခသည်များကို ဆက်လက် လက်ခံထားရဖွယ် ရှိနေသည်။

ဇူလိုင်လ ၉ ရက်နေ့တွင် ထိုင်းနိုင်ငံ၊ ပြည်ထဲရေးဝန်ကြီးဌာန ရွှေ့ပြောင်းထွက်ပြေးလာသူများဆိုင်ရာ စီမံချက်ဌာန၊ နိုင်ငံခြား ဆက်ဆံရေးဌာနခွဲမှ ဒါရိုက်တာ Tassana Vichaithanapat က ဒုက္ခသည်စခန်းနေရာသစ် တခု ဖြစ်သည့် နို့ဖိုးသို့ လာရောက်ကြည့်ရှုခဲ့သည်။

ထိုခရီးစဉ်တွင် သူက ဒုက္ခသည်ကိုယ်စားလှယ်များ၊ ခရိုင်အဆင့် ထိုင်းအာဏာပိုင်များ၊ စစ်တပ် အရာရှိများနှင့် တွေ့ဆုံခဲ့ပြီး ထိုင်းနိုင်ငံအစိုးရက ရေရှည်အာမခံချက်ရှိမည့် အဖြေရှာနေစဉ်ကာလအတွင်း သို့မဟုတ် ဒုက္ခသည်များ နေရပ်ရင်း မပြန်နိုင်မီကာလ၌ ၎င်းတို့ကို လူသားချင်းစာနာသည့် အကူအညီများ ဆက်လက် ထောက်ပံ့ပေးပါရန် အာဏာပိုင်များနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များကို တိုက်တွန်းခဲ့သည်ဟု TBBC က ပြန်ပြောပြသည်။

ထို့အပြင် ထိုင်းစစ်တပ်၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့နှင့် UNHCR ကိုယ်စားလှယ်များ ပါဝင်သော ထာ့ဆောင်ယန်း မြို့နယ် ကော်မတီက ဇူလိုင်လ ၁၅ ရက်နေ့တွင် တွေ့ဆုံ၍ ဤကိစ္စအပေါ် ဖြစ်နိုင်သည့်အဖြေများ ကြံဆခဲ့ကြသေးကြောင်း ကြားသိရသည်။ ဒုက္ခသည်များအနေနှင့် ချက်ချင်း မြန်မာပြည်သို့ပြန်စေရန် သို့မဟုတ် မဲလ ဒုက္ခသည်စခန်းသို့ ရွှေ့ပြောင်းစေရန် သို့မဟုတ် ယခု ဒုက္ခသည်များ အခြေချနေရာ၌ စခန်းအသစ်တခုဖွင့်ရန် စသဖြင့် အဖြေရှာကြည့် ခဲ့ကြသည်။

နောက်ဆုံးတွင် မိုးရာသီကုန်သည်အထိ ဒုက္ခသည်များကို ၎င်းတို့နေထိုင်လက်စ နေရာများ၌ ဆက်လက် နေထိုင်ရန် သဘောတူခဲ့ပြီး မိုးကုန်မှသာ လုံခြုံရေးနှင့် လူသားချင်းစာနာမှုကိစ္စရပ်များကို ထောက်ထား၍ နောက်တဆင့်အတွက် ပြန်လည် စဉ်းစားသုံးသပ်ကြမည်ဖြစ်ကြောင်း TBBC ၏ လုပ်ငန်းအစီအစဉ် ညှိနှိုင်းရေးမှူး အိန်ဂျလီနာ ဆာကစ် က ပြောပြသည်။

“ဖြစ်နိုင်ခြေကတော့ အခြေအနေ တိုးတက်မလာဘူးဆိုရင် သူတို့ကို မဲလ ဒုက္ခသည် စခန်းထဲ နေရာချထားဖို့ ရှိတယ်” ဟု သူက ဆိုသည်။

ဒုက္ခသည် အများစုက ဖြစ်နိုင်လျှင် သူတို့ဒေသရင်း ရွာများသို့ အမြန်ဆုံး ပြန်နေလိုကြသည်။ လူအများစုက စိုးရိမ် ထိတ်လန့်နေကြပြီး သူတို့ချန်ထားခဲ့ရသည့် စပါးခင်းများ၊ သီးနှံများ၊ တိရစ္ဆာန်များ မည်သို့ရှိမည်ကို တွေးပူနေ ကြသည်။ အစိုးရ စစ်သားများ သို့မဟုတ် တပ်ဖွဲ့များက ဖျက်ဆီးမည်၊ သိမ်းယူလိုက်ကြမည် ကိုလည်း စိုးရိမ်ပူပန်နေကြသည်။

တချို့သော ယောက်ျားများက စခန်းများအတွင်း သူတို့မိသားစုကို ထား၍ သူတို့ပိုင်ဆိုင်သည့် ပစ္စည်းဥစ္စာများကို ပြန်လည် စောင့်ရှောက်ရန် ရွာသို့ ပြန်သွားကြသည်။ ယခုအခါ မြန်မာစစ်တပ်များနှင့် DKBA တပ်များက ဤဒေသများကို ထိန်းချုပ် ထားပြီ ဖြစ်သည့်အတွက်ကြောင့်လည်း သူတို့အတွက် အန္တရာယ်များ ကြုံတွေ့နိုင်သေးသည်။

“တကယ်လို့ သူတို့က တွေ့ရင်တော့ ပစ်သတ်မှာပဲ၊ သူတို့ကို KNLA စစ်သားတွေ မိုင်းလာမြှုပ်တာလို့ ထင်ကြမှာ၊ အခုထိလည်း သေနတ်သံတွေ နေ့တိုင်းကြားနေရသေးတယ်” ဟု ချာကလိုးက စိုးရိမ်စိတ်နှင့် ပြောပြသည်။

ရဲနည်ရေးသားသည့် On the Run ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Geen opmerkingen: