
မင်းနိုင်သူ / ၂၀ သြဂုတ် ၂၀၀၉
နယ်ဝေးထောင်များသို့ အပို့ခံထားရသော (၈၈) မျိုးဆက်ကျောင်းသားများအား ထောင်ဝင်စာတွေ့နိုင်မှု အခက်အခဲ များစွာရှိနေကြောင်း မိသားစုဝင်များထံမှ သိရသည်။
“ကြာပြီဗျ။ ထောင်ဝင်စာသွားမတွေ့နိုင်တာ (၅) လကျော်သွားပြီ။ အဓိကကတော့ လေယာဉ်ပျောက်တာပဲ။ ရန်ကုန်-တာချီလိတ်လေယာဉ်ခရီးစဉ်တွေ ဖျက်ထားတယ်။ ကားလမ်းက သွားမယ်ဆိုလည်း မိုးတွင်းဆိုတော့ မလွယ်ဘူး။ အခက်အခဲတွေ ရှိတယ်။ ငွေလွှဲနဲ့ ငွေပဲပို့နိုင်တယ်ဗျ။ ကျန်းမာရေးအခြေအနေကတော့ သူ့ဘာသူ ဆင်ခြင်နေရတယ်တဲ့။ သူရေးတဲ့စာထဲမှာ ပါတာပေါ့။ အရင်ကလည်း နှစ်ရှည်ထောင်ဒဏ်ခံခဲ့ရတဲ့ လူတွေဆိုတော့ ကျန်းမာရေးကတော့ မကောင်းကြပါဘူး” ဟု ရှမ်းပြည်နယ်တောင်ပိုင်း မိုင်းဖြတ်ထောင်အတွင်း အထိန်းသိမ်းခံနေရသော (၈၈) မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုကိုကြီး၏ညီ ကိုအောင်ထွန်းက ပြောသည်။
နအဖစစ်အစိုးရက (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များအား ၂၀၀၇ ခုနှစ်အတွင်း လောင်စာဆီ ဈေးနှုန်းကျဆင်းရေး ဆန္ဒပြမှုဖြင့် ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် တံခါးပိတ်တရားခွင်များမှ ထောင်ဒဏ် (၆၅) နှစ်အထိ ချမှတ်မှုများပြု၍ နယ်ဝေးထောင်များသို့ ပို့ဆောင်ခဲ့သည်။
ထို့ကြောင့် (၈၈) မျိုးဆက်ကျောင်းသားများ၏ မိသားစုများအဖို့ ထောင်ဝင်စာတွေ့ရန် အခက်အခဲများစွာ ရှိနေဆဲဖြစ်သည်။
(၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်သူ ကိုဌေးကြွယ်၏ ညီမ မမီးမီးကြွယ်ကလည်း “ဒီလထဲသွားတွေ့ဖို့ စီစဉ်ထားတယ်။ ပြီးခဲ့တဲ့လတုန်းကလည်း မတွေ့ရဘဲ လှည့်ပြန်ခဲ့ရတာလေ” ဟု ပြောသည်။
ဘူးသီးတောင်ထောင်တွင် အထိန်းသိမ်းခံထားရသော ကိုဌေးကြွယ်ထံ ပြီးခဲ့သည့်လ (၇) ရက်တွင် ထောင်ဝင်စာတွေ့ရန် သွားရောက်ခဲ့သော်လည်း စစ်တွေလေယာဉ်ကွင်းပေါ်သို့ ရောက်ပြီးမှ လေယာဉ်မဆင်းနိုင်သဖြင့် ရန်ကုန်သို့ လှည့်ပြန်ခဲ့ရကြောင်း မမီးမီးကြွယ်က ပြောသည်။
ရှမ်းပြည်နယ် ကျိုင်းတုံထောင်တွင် အထိန်းသိမ်းခံနေရသော ကိုမင်းကိုနိုင်ကို ယမန်နေ့က ထောင်ဝင်စာ သွားရောက် တွေ့ဆုံလိုသည့် အစ်မဖြစ်သူမှာလည်း လေယာဉ်ခရီးစဉ်အဆင်မပြေသဖြင့် သွားရောက်တွေ့ဆုံနိုင်ခြင်းမရှိကြောင်း သိရသည်။
နအဖစစ်အစိုးရက ၂၀၀၇ ခု စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး အရေးအခင်းအပြီးတွင် (၈၈) မျိုးဆက်ကျောင်းသားများ အပါအ၀င် နိုင်ငံရေးလှုပ်ရှားသူများအား နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နယ်ဝေးထောင်များသို့ ပို့ထားရာ မိသားစုများ အနေဖြင့် ထောင်ဝင်စာတွေ့ရန် အခက်အခဲဖြစ်နေကြသည်။
မကြာမီအတွင်း နအဖစစ်အစိုးရက အကျဉ်းသားများအား လွှတ်ငြိမ်းချမ်းသာခွင့် ပေးတော့မည်ဆိုသည့် သတင်းများ ပေါ်ထွက်နေပြီး စရဖအဖွဲ့များက ထောင်များအတွင်းရှိ နိုင်ငံရေးသမားများအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ ကိုကိုကြီး၏ညီ ကိုအောင်ထွန်းက “ကျနော်တို့လည်း အဲလိုတွေတော့ ကြားနေရတာပဲ။ ဒါပေမယ့် နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်မယ်၊ မလွှတ်ဘူးဆိုတာ ကိုယ့်အိမ်ရောက်မှ ကိုယ်ဟင်းချနိုင်မယ့် ကိစ္စပါ” ဟု ပြောသည်။
မြန်မာနိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ စာရင်းများအရ မြန်မာနိုင်ငံတွင် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ရှိသည်။
Geen opmerkingen:
Een reactie posten