မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 10 augustus 2009

ဒေါ်အောင်ဆန်းစုကြည်အမှုကို ထင်မြင်ချက်အမျိုးမျိုး ပေးနေကြ


Monday, 10 August 2009 17:57 ကြည်ဝေ
ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားသောအမှုနှင့် ပတ်သက်၍ လူအများက စိတ်ဝင်စား လျက်ရှိပြီး မည်သို့ အမိန့်ချမည်ကို ထင်မြင်ချက်အမျိုးမျိုး ပေးနေကြသည်။

အစိုးရအနေနှင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိမ့်မည်ဟု ထင်မြင်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဦးဝင်းတင်က ပြောဆိုသည်။

“ဒေါ်စုကို ထောင်ချမှာပဲ၊ ထောင်ချချင်လို့ကို သေချာလုပ်ခဲ့တာပဲဗျာ၊ အရပ်စကားနဲ့ ပြောရင် ဒေါ်စုကို ကြောက်တယ်ဗျာ၊ ဒေါ်စုအပြင်မှာ ရှိလို့ မရဘူးဗျာ၊ ကျနော့်အမြင်ကတော့ သူတို့ ဒေါ်စုကို မလွှတ်ပါဘူး”ဟု ဦးဝင်းတင်က ဆိုသည်။

အစိုးရအနေနှင့် ယခုအချိန်တွင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက်သာ လုပ်ဆောင်နေကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ရှိပါက ရွေးကောက်ပွဲ ကျင်းပရာတွင် ၎င်းတို့အတွက် အဟန့်အတား ဖြစ်လိမ့်မည်ဟု ယူဆထားသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချလိမ့်မည်ဟု ခန့်မှန်းကြောင်း ဦးဝင်းတင်က ဆက် ပြောသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ၏ ပြောခွင့်ရ ပုဂ္ဂိုလ်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေလည်း ဖြစ်သော ဦးဉာဏ်ဝင်းကမူ တရားဥပဒေ အတိုင်းသာ ဆုံးဖြတ်ပါက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမည်
ဖြစ်ကြောင်း ပြောဆိုသည်။

“ကျနော်တို့ အမြင်အရတော့ ဥပဒေကြောင်းအရ ဆိုရင် ဒေါ်အောင်ဆန်းစုကြည်က အခုစွဲတဲ့ ပုဒ်မတွေ၊ အပြစ်တွေကို လုံးဝ မကျူးလွန်ဘူး၊ ဒီဟာကိုလည်း ကျနော်တို့က ပြည့်ပြည့်စုံစုံ ဥပဒေ အချက်အလက်နဲ့ တရားရုံးကို တင်ပြထားတယ်၊ ဒါပေမယ့် ဘာအမိန့်ကျမလဲ ဆိုတာကတော့ တရားရုံးပေါ်မှာ မူတည်တယ်”
ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ရန်ကုန်မြို့မှ ရှေ့နေတဦးက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ် အကျယ်ချုပ် ဆက်ထားလိမ့်မည်ဟု ယူဆကြောင်း ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မည်သို့အမိန့်ချမည်ဟု ထင်မြင်ကြောင်း မေးခွန်းအား ရန်ကုန်မြို့တွင်နေထိုင်သူ အသက် ၂၅ နှစ်မှ ၅၀ အတွင်း ၂၃ ဦးကို မေးခဲ့ရာ ထိုအထဲမှ ၁၆ ဦးက ထောင်ချ လိမ့်မည်ဟု ဖြေဆိုကြပြီး ၃ ဦးက လွှတ်လိမ့်မည်ဟု ထင်မြင်ကြောင်းနှင့် ကျန် ၄ ဦးက နှစ်ခုစလုံး ဖြစ်နိုင်သည်ဟု ဖြေဆိုကြကြောင်း ရန်ကုန်အခြေစိုက် သတင်းထောက်တဦးက ပြောပြသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချချင်လို့လုပ်တာပဲ လို့ လူတွေက ထင်ကြတယ်၊ သူတို့ သတင်းစာရှင်းလင်းပွဲ လုပ်တာက လုပ်တာပဲ၊ ဒေါ်စုကို သူတို့ပဲ အကောက်ကြံ တာ လို့ လူတွေက ထင်နေကြတယ်” ဟု ၎င်းကဆိုသည်။

ထို့အပြင် တက္ကသိုလ်ဆရာ၊ ဆရာမများကလည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချမည်ဟုပင်ထင်မြင်ကြောင်း ပြောဆိုနေကြသည်ဟု ရန်ကုန်တက္ကသိုလ် အသိုင်းအဝန်းမှကြားသိရသည်။

ဇူလိုင်လ ၃၁ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ အမှုကို အပြီးသတ် စီရင်ချမည်ဟု ကြေညာခဲ့သော်လည်း ထိုနေ့က အမှုကို စီရင်ချက်မချဘဲ သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီသို့ ထပ်မံ ရွှေ့ဆိုင်းချိန်းဆိုလိုက်သည်။

အပြီးသတ်စီရင်ချက်ချမည်ဟု ကြေညာထားသည့် ဇူလိုင် ၃၁ ရက်နေ့က အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင် ဈေးများ၊ လမ်းများပိတ်ကာ လုံခြုံရေးထူထပ်စွာ ချထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံသော ပြည်သူများက အင်းစိန်ထောင်အနီးတဝိုက်တွင် လာရောက်စုဝေးခဲ့ကြသည်။

Geen opmerkingen: