မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 12 augustus 2009

ဗိုလ်ချုပ်တွေ မျက်နှာနီနေရော့မယ်


ရဲဘော်ဖိုးသံချောင်း

၁၂ သြဂုတ် ၂၀၀၉


နအဖဗိုလ်ချုပ်များ သဘောထားကြီးကြပါပေ့။ ဗိုလ်ချုပ်အောင်ဆန်းအပေါ် လေးစားတန်ဖိုးထားကြပါပေ့။ ဆက်လို့သာရေးရင် စာဖတ်သူတွေက တဟားဟားရယ်ကြတော့မှာပါ။

ဒီအမှုမှာ တရားဥပဒေစကားတွေကို ဖိနပ်ကြားက နတ်စကားထွက်ဆိုတာလို အမြှုပ်ထွက်မတတ်ပြောခဲ့တဲ့ နအဖအာဏာ ပိုင်တွေနဲ့ သူတို့သတင်းစာတွေထဲက ကြေးစားဆောင်းပါးရေးသူတွေဟာ “ယိမ်းနွဲ့ပါးဓားကွ၊ ထုတ်မိရင် ခုတ်ကိုခုတ်ရမှ” လို့ ကြုံးဝါးနေရာကနေ အပြီးသတ်တော့ဝှီးဖတ်ဆိုသလို ဘေးကငှက်ပျောပင်ကိုပဲ ပိုင်းလိုက်ရသလို ဖြစ်သွားပါတယ်။

ဗမာပြည်ရဲ့ ဒီနေ့အခြေအနေမှာ နအဖထင်သလို လုပ်လို့မရဘူးဆိုတာ ဒီအချက်က အထင်သာဆုံးဖော်ပြလိုက်တာဖြစ်ပါတယ်။ နအဖကို ကမ္ဘာအဆုံး တည်တံ့မယ့်အဖွဲ့အစည်းကြီးတခုလို သဘောထားပြီး ဘုန်းတော်ဘွဲ့တွေရေး၊ သခင်အားရကျွန်ပါးဝ လုပ်နေသူတွေလည်း ဒီအချက်ကို သတိထားကြပါ။ နအဖဗိုလ်ချုပ်တွေဟာ အချိန်မရွေးသားကောင်ချနင်းတတ်တယ်ဆိုတာ မမေ့ကြပါနဲ့။

သေချာတာကတော့ ဒီတပွဲမှာ ပြည်သူတွေဘက်က အောင်ပွဲခံလိုက်ပါတယ်။ နအဖအနေနဲ့ အရှက်ပြေ ဘယ်လိုဆင်ခြေတွေပဲ ပေးနေနေ အောင်ခြင်းရှစ်ပါးသီချင်းထဲကလို ဒီတပွဲမှာတော့ “ဆင်မိုက်ကြီးမှာ ဒူးတုပ်ရရှာ” ဖြစ်သွားတာအမှန်ပါပဲ။ ပြည်သူတွေရဲ့ အစွမ်းပြမှု၊ နိုင်ငံတကာက ဖိအားပေးမှုတွေအောက်မှာ မောက်မာလှတဲ့ဗိုလ်ချုပ်တွေ မျက်လွှာချရတာ တွေ့လိုက်ရပါပြီ။ တရားသူကြီးမင်းဆိုသူက (၅) မိနစ်လောက်သာကြာတဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ်သုံးနှစ်ဆိုတဲ့ စီရင်ချက်ကို ချပြီးတာနဲ့ တဆက်တည်းလိုလိုမှာ ပြည်ထဲရေးဝန်ကြီးဆိုသူက ဗိုလ်သန်းရွှေရဲ့မေတ္တာတော်ဆိုတာကို လာကြေညာခဲ့ပါတယ်။ အမှုတခုလုံးဟာ လိမ်ဆင်မှန်း၊ ကြပ်ပြေးက ဒါရိုက်တာလုပ်နေတာမှန်း ရှင်းသထက် ရှင်းသွားတော့တာပါပဲ။

အဲဒီဒါရိုက်တာရဲ့ လက်ချက်မှန်း ထပ်ပေါ်လွင်စေတဲ့ကိစ္စကတော့ ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ထဲမှာချုပ်ထားတာနဲ့ တချိန် တည်းမှာ အိမ်ရဲ့ခြံမြေကို ရောင်းလိုက်ပြီဆိုတဲ့ကိစ္စနဲ့ စိတ်မအေးအောင် နှိပ်စက်ထားတာပါပဲ။ လူတယောက်ကို အိမ်ထဲက မထွက်နိုင်အောင်လုပ်ထားပြီး အဲဒီအိမ်တိုင်ကို လှုပ်နှဲ့နေတာနဲ့တူနေပါတယ်။ စားကောင်းခြင်းမစားရ၊ အိပ်ကောင်းခြင်း မအိပ်ရအောင် ဖန်တီးထားပုံတွေဟာ အတွေ့အကြုံများလှကြောင်း ပြသနေတာပါပဲ။ နောက်ပြီး သတ်မှတ်ထားတဲ့ အိမ်ချုပ်ကလည်း တနှစ်ခွဲတဲ့။ ၂ဝ၁ဝ ရွေးကောက်ပွဲပြီးတဲ့အထိလို့ပဲ ဒဲ့ဒိုးပြောလိုက်ပါတော့လား။

ဒီပွဲမှာ ဗိုလ်ချုပ်တွေ အမြီးကုပ်သွားတယ်ဆိုတဲ့အတွက် ပြည်သူတွေအနေနဲ့ ပေါ့လို့လုံးဝမဖြစ်ပါ။ ဒီအောင်ပွဲဟာ အသေးစား တခုသာဖြစ်ပါတယ်။ လက်ရှိဗမာပြည်အခြေအနေမှာ နအဖဗိုလ်ချုပ်တွေဟာ အရှုံးကိုလွယ်လွယ်နဲ့ လက်မခံဘူးဆိုတာ မမေ့သင့်ပါဘူး။ လက်စားချေဖို့၊ သူတို့သိက္ခာကိုပြန်ဆယ်ဖို့ ရှက်ရမ်းရမ်းလာနိုင်တဲ့ အကြံအစည်တွေကို ပြင်ဆင်နေကြမယ် ဆိုတာ သံသယဖြစ်စရာမလိုဘူးထင်ပါတယ်။ အဲဒီအတွက် အစီအစဉ်တွေ လုပ်ပြီးသားတောင် ဖြစ်ချင်ဖြစ်မှာပါ။

နအဖက ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမပြီးမချင်း အပြင်မှာရှိမနေစေချင်ဘူးဆိုတဲ့အချက်ကတော့ သေချာသွားပြီ။ တကယ်ကျတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီရွေးကောက်ပွဲကို ဝင်မှာမဟုတ်ဘူးဆိုတာ လူတိုင်းသိနေတာပါ။ ဒါနဲ့များ စစ်အာဏာရှင် ဗိုလ်ချုပ်တွေက ဘာကိုပူပန်နေကြတာလဲ။ ဒီနေရာမှာ ဝှက်ဖဲတွေ၊ လှည့်ကွက်တွေ ရှိလေသလားလို့ တွေးကြည့်သင့်ပါတယ်။ တကယ်လို့များ နအဖက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ချေမှုန်းတယ်ဆိုရင်၊ ဒါမှမဟုတ် ၂ဝ၁ဝ ရွေးကောက်ပွဲဥပဒေကို ကြေညာလိုက်တဲ့နောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွင်းမှာ တခုခုဖြစ်တယ်ဆိုရင် အပြင်မှာ ဒေါ်အောင်ဆန်းစုကြည် ရှိမနေတာဟာ သူတို့အတွက် ပိုမကောင်းပေဘူးလား။ ဒေါ်အောင်ဆန်းစုကြည်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထဲက တက်ကြွသူတွေနဲ့ ခွဲထားဖို့ဆိုတာဟာ နအဖရဲ့အရေးကြီးတဲ့ နည်းဗျူဟာတခုဖြစ်တယ်ဆိုတာ မမေ့သင့်ပါဘူး။ တကယ်လို့များ ပြည်သူလူထုကြီး အုံကြွလာတယ် ဆိုရင် သူတို့ရှေ့မှာ ဒေါ်အောင်ဆန်းစုကြည် ရှိမနေတာဟာ နအဖအတွက် အခက်အခဲကြီး ဖြစ်မယ်ဆိုတာကို သူတို့တွက်မိမှာပါ။

ဒီအမှုကြောင့်မို့ ပြည်သူလူထုတွေ ပိုသွေးစည်းလာတယ်၊ တိုက်ပွဲဝင်စိတ်ဓာတ်မြင့်မားလာတယ်၊ သတိပိုရှိလာတယ်လို့ဖြစ် ရမှာပါ။

နအဖစစ်ဗိုလ်ချုပ်တွေ သန္ဓေပြောင်းသွားပြီလို့ နည်းနည်းမှမတွက်သင့်ပါဘူး။ ဘယ်စိတ်ကူးယဉ်မှုဆီကိုမှ ရောက်မသွားစေ သင့်ပါဘူး။ မာနလည်းမတက်သင့်ပါဘူး။

ဒါ့အပြင် ဒီနေရာမှာစဉ်းစားသင့်တဲ့အချက်တခုလည်း ရှိသေးတယ်ထင်ပါတယ်။ နအဖရဲ့ ဒီလုပ်ရပ်ဟာ အခုတလော အမေ ရိကန်နိုင်ငံက သူတို့ကို မက်လုံးပေးနေတာတွေနဲ့များ ဆက်နေသလားဆိုတာပါ။ ဒီရက်ပိုင်းမှာပဲ အမေရိကန်ကွန်ဂရက်အမတ် ဂျင်ဝက်ဘ်ရောက်လာမယ်ဆိုတာ အားလုံးအသိပါ။ သူဘာတွေလုပ်နေတယ်၊ နအဖခေါင်းဆောင်တွေထဲက ဘယ်သူတွေနဲ့ တွေ့မယ်-တွေ့တယ် ဆိုတာတွေကို ဘယ်သတင်းဌာနကမှ မပြောသေးပါဘူး။ အဲဒီလိုအချိန်မှာ နအဖအနေနဲ့ ဒီအမှုမှာ အလျှော့ ပေးလိုက်ခြင်းအားဖြင့် အိမ်ဖြူတော်ကို သံလွင်ခက်လေး ဝှေ့ယမ်းပြနေတာလားဆိုတာကို ဦးနှောက်လှုပ်ရှားရာမှာ ထည့်သွင်း လှုပ်ရှားသင့်ပါတယ်။

နိုင်ငံကြီးတွေအနေနဲ့ သူတို့ရဲ့ လက်တွေ့အနေအထားအရ နိုင်ငံတကာစစ်တုရင်ကွက်မှာ နည်းဗျူဟာတွေချမှတ်ကြ၊ ရွှေ့ကစားကြတာတွေဟာ ဘာမှမဆန်းပါဘူး။ သူတို့အရေးမှာ ကိုယ်ကဝင်မစွက်သလို ကိုယ့်အရေးမှာ သူတို့ကဝင်မစွက်ရင် ရပါပြီ။ အရေးကြီးတာက ဗမာပြည် ပြည်သူတွေနဲ့ ဒီမိုကရေစီအင်အားစုတွေအနေနဲ့ ကိုယ့်လုပ်ငန်းနဲ့ ကိုယ့်ကြမ္မာတွေကို နိုင်ငံကြီးတွေရဲ့ သေနင်္ဂဗျူဟာတွေ၊ နည်းဗျူဟာတွေနဲ့ ချည်နှောင်မထားမိဖို့ သိပ်အရေးကြီးပါတယ်။ ကိုယ့်လမ်းကြောင်း ကိုယ်ရွေးလို့ ကိုယ့်ရွက်ကိုယ်ဖွင့် ကိုယ့်ကြမ္မာ ကိုယ်ဆုပ်ကိုင်မှ ကိုယ့်အနာဂတ်ကို ကိုယ်ဖန်တီးနိုင်ပါမယ်။

ဗမာပြည်အရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်ကိစ္စ နိုင်ငံတကာဇာတ်ခုံပေါ်ကိုရောက်သွားတာမှာ ကောင်းတာလည်းရှိသလို မကောင်းတာတွေလည်း ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။

Geen opmerkingen: