မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 10 augustus 2009

ဒေါ်အောင်ဆန်းစုကြည်အမှု စီရင်ချက်ချမည့်တရားခွင် အန်အယ်လ်ဒီ စီအီးစီ တက်ရောက်ရန် မရေရာသေး

မင်းနိုင်သူ / ၁၁ သြဂုတ် ၂၀၀၉ ၊ နံနက် ၁၁:၂၀


ဒေါ်အောင်ဆန်းစုကြည်တို့အား ယနေ့စီရင်ချက်ချမည့် အင်းစိန်အထူးတရားခွင်သို့ အန်အယ်လ်ဒီဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များ တက်ရောက်ရန် စောင့်ဆိုင်းနေကြရဆဲဖြစ်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

“အခုချိန်ထိ အစိုးရဘက်က တစုံတရာအကြောင်းပြန်တာမရှိသေးပါဘူး။ ဗဟိုအလုပ်အမှုဆောင်တွေကတော့ တက်ခွင့်ပြုရင် သွားနိုင်ဖို့ အသင့်ပြင်ထားကြပါတယ်။ တက်ခွင့်ရမယ်ဆိုရင် ဦးအောင်ရွှေနဲ့ ဦးလွင်တို့လို ကျန်းမာရေးမကောင်းတဲ့သူတွေက လွဲရင် ကျန်တဲ့ ဗဟိုအလုပ်အမှုဆောင်အားလုံး တက်ရောက်မယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်တို့အား စီရင်ချက်ချမည့် ယနေ့တရားခွင်သို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်ခွင့်ရရန် အန်အယ်လ်ဒီပါတီက ယမန်နေ့က အာဏာပိုင်များထံ တင်ပြတောင်းဆိုထားသည်။

အင်းစိန်အထူးတရားခွင်က ဒေါ်အောင်ဆန်းစုကြည်တို့အား ယနေ့ စီရင်ချက်ချမည်ဟု ချိန်းဆိုထားသော်လည်း သတင်းသမားများနှင့် သံတမန်များ ၀င်ရောက်ခွင့် ရမည်မရမည်ကိုလည်း ယခုအထိ တိတိပပ ကြားသိရခြင်း မရှိသေးကြောင်း ပြည်တွင်းသတင်းသမားတဦးက ပြောသည်။

၎င်းက “အခုချိန်အထိ ဘာမှ ရေရေရာရာမသိရသေးဘူး။ အရင်ရက်တွေကဆို ဘယ်သူတွေတက်ခွင့်ရမယ်ဆိုတာ အခုချိန်ဆို သိနေရပြီ။ အန်အယ်လ်ဒီ စီအီးစီတွေလည်း တက်ရောက်ခွင့်တောင်းထားတယ်လို့ကြားတယ်။ အန်အယ်လ်ဒီပါတီဆိုတာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါတီတခုဖြစ်တဲ့အတွက် ဒီတောင်းဆိုချက်ကို လိုက်လျောရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည်။

နေအိမ်ခြံဝင်းအတွင်း ၀င်ရောက်ခဲ့သူ မစ္စတာယက်တောသည် ကျန်းမာရေးမကောင်းသဖြင့် ပြီးခဲ့သည့် တနင်္လာနေ့မှ စတင်ကာ ရန်ကုန်ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရသဖြင့် ဒေါ်အောင်ဆန်းစုကြည်တို့အား စီရင်ချက်ချမည့်ရက် ပြောင်းရွှေ့လိမ့်မည် ဆိုသော သတင်းများထွက်ပေါ်ခဲ့သည်။

သို့သော် သြဂုတ် (၉) ရက် တနင်္ဂနွေနေ့တွင် မစ္စတာယက်တော ကျန်းမာရေးပြန်လည်ကောင်းမွန်ပြီဆိုကာ အာဏာပိုင်များက အင်းစိန်ထောင်သို့ ပြန်လည်ပြောင်းရွှေ့ခဲ့ပြီးနောက် ယနေ့အင်းစိန်ထောင်တရားခွင်ကို ပြန်လည်စတင်မည်ဖြစ်သည်။

Geen opmerkingen: