မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 12 augustus 2009

အုပ်ချုပ်ရေးအာဏာသုံးကာ ဒေါ်အောင်ဆန်းစုကြည်အား အကျယ်ချုပ်ချလိုက်ကြောင်း အန်အယ်လ်ဒီပြော


NEJ / ၁၂ သြဂုတ် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်အား ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ (၄၀၁) အရ စည်းကမ်းချက်များထားပြီး နအဖစစ်အစိုးရက နေအိမ်အကျယ်ချုပ် ထားလိုက်ခြင်းဖြစ်ကြောင်း အန်အယ်လ်ဒီ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “မနေ့က တရားရုံးက အမိန့်ချတာကတော့ (၃) နှစ်ပေါ့။ ဒေါ်ခင်ခင်ဝင်းရော၊ ဒေါ်ဝင်းမမရော (၃) နှစ်ပေါ့။ ဒါက ဒေါ်စုတို့ပါတဲ့အမှုကို ပြောတာ။ ဒီအမိန့်တွေချပြီး တရားရုံးကလည်းဆင်းသွားရော ပြည်ထဲရေး ၀န်ကြီး ရောက်လာတယ်။ ရောက်လာပြီးတော့ ပြည်ထဲရေးဝန်ကြီးက အမိန့်တွေကိုဖတ်တယ်။ အမိန့်ဆိုတာက နအဖဆီကပို့တဲ့ သူ့ဆီကို အကြောင်းကြားထားတဲ့စာကို ဖတ်တယ်။ အကြောင်းကြားတဲ့စာမှာ အခုလိုလျှော့ပေါ့တာတို့ ဘာတို့ပါတာပေါ့။ ပြီးတော့ အဲဒီအပေါ်မှာ မူတည်ပြီးတော့ သူထုတ်တဲ့အမိန့်တွေကို ဖတ်တယ်။ သူထုတ်တဲ့အမိန့် တွေအရ ဒေါ်အောင်ဆန်းစုကြည်က (၃) နှစ်ကနေ (၁) နှစ်ခွဲ ပယ်ဖျက် လိုက်တယ်။ (၁) နှစ်ခွဲပဲကျန်တယ်။ အဲဒီ (၁) နှစ်ခွဲကို သူက ဆိုင်းငံ့လိုက်တယ်။ ဆိုင်းငံ့လိုက်တော့ (၁) နှစ်ခွဲပြစ်ဒဏ်ကလည်း လောလောဆယ်ကျခံဖို့ မရှိတော့ဘူး။ ဒါပေမယ့် သူက အဲဒီ (၄၀၁) အရပဲ စည်းကမ်းချက်တွေထားပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှာ နေထိုင်ခွင့်ပြုလိုက်တယ်” ဟု ပြောသည်။

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ (၄၀၁) သည် တရားစီရင်ရေးအာဏာမဟုတ်ဘဲ အုပ်ချုပ်ရေးအာဏာဖြစ်သည့်အတွက် ၎င်းတို့၏အာဏာနှင့် တရားရုံးအမိန့်ကို ပြုပြင်လိုက်ခြင်းဖြစ်ပြီး အာဏာအရ စည်းကမ်းချက်များသတ်မှတ်ကာ နေအိမ်အကျယ် ချုပ် ထားလိုက်ခြင်းဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ရှင်းပြသည်။

“အခုဟာက ဆိုင်းငံ့အပြစ်ဒဏ်က (၁) နှစ်ခွဲ၊ အကျယ်ချုပ်ထားလိုက်ပြီးရင်လည်း သူက (၁) နှစ်ခွဲထက် ကျော်ပြီးထားလို့မရဘူး။ အဲဒီ (၁) နှစ်ခွဲအတွင်းမှာ သူတို့ကျေနပ်ရင် လွတ်ငြိမ်းချမ်းသာခွင့် ပေးမယ်လို့လည်း ပါတယ်။ ဆိုင်းငံ့ထားတဲ့ (၁) နှစ်ခွဲမှာ အခြေအနေအရ ဖျက်ချင်လည်း ဖျက်လိုက်မယ်ပေါ့။ (၁) နှစ်ခွဲကို အစကပြန်စပြီး ကျခံချင်လည်း ကျခံရမယ်။ ဒါ နှစ်မျိုးစလုံး ရှိတယ်။ ပုဒ်မက (၄၀၁) ပဲ” ဟု ၎င်းက ပြောသည်။

စည်းကမ်းသတ်မှတ်ချက်များမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဆရာဝန်နှင့် ဆေးကုသခွင့်ရှိပြီး အထူးကုဆရာဝန်လိုအပ်၍ တောင်းဆိုပါကလည်း စီစဉ်ဆောင်ရွက်ပေးမည်၊ ပြည်တွင်းထုတ်အစိုးရသတင်းစာ ဖတ်ရှုခွင့်ရှိမည်၊ တယ်လီဗေးရှင်း မြ၀တီ၊ မြန်မာ့အသံကြည့်ရှုခွင့်ရှိမည်၊ ပြင်ပကို စာနှင့်ဆက်သွယ်ဆောင်ရွက်ခွင့်ရှိမည်၊ ခွင့်ပြုသည့်ဧည့်သည်ကို တွေ့ခွင့်ရှိမည် စသည်တို့ပါဝင်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

စည်းကမ်းသတ်မှတ်ချက်များကို ယခင်ထက်စာရင် ပိုမိုလိုက်လျောပေးလာသည်ဟု ပြောဆိုနိုင်သော်လည်း မည်သို့ ကိုင်တွယ်မည်ဆိုသည်နှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “ဒါပေမယ့် ဘယ်လိုကိုင်တွယ်မလဲဆိုတဲ့အပေါ် တည်တယ်။ ဥပမာ ဧည့်သည်ခွင့်ပြုတာ ဘယ်သူ့မှခွင့်မပြုဘူးဆို ဘယ်သူမှ မတွေ့ရဘူးဖြစ်မှာပေါ့” ဟု ပြောသည်။

အင်းစိန်အထူးတရားရုံးက ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၊ ၎င်းနှင့်အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ်ချမှတ်လိုက်ပြီး နအဖစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သြဂုတ် (၁၀) ရက် နေ့စွဲဖြင့် ပြည်ထဲရေးဝန်ကြီးသို့ ပေးပို့ခဲ့သော ပြစ်ဒဏ်ဆိုင်းငံ့နှင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြေညာစာကို ဆက်လက် ဖတ်ကြားခဲ့ကြောင်း သိရသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေသူများကို တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

နေအိမ်အတွင်း ရေကူးဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောကို အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် (၇) နှစ် စီရင်ချက်ချမှတ်ခဲ့သည်။

ယခုအခါ ဒေါ်အောင်ဆန်းစုကြည်သည် အတူနေ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမတို့နှင့်အတူ ၎င်း၏နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီး ပြစ်ဒဏ်ဆိုင်းငံ့နှင့် လွတ်ငြိမ်းချမ်းသာခွင့်အရ နေအိမ်အကျယ်ချုပ်ဖြင့် နေထိုင်လျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ချထားလိုက်ခြင်းဖြင့် လာမည့်နှစ် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၀င်ရောက်ခွင့် ရရှိမည်မဟုတ်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

“ရွေးကောက်ပွဲဥပဒေကတော့ မထွက်သေးဘူး။ ဒါပေမယ့်လို့ ရွေးကောက်ပွဲဥပဒေတိုင်းမှာ ပြစ်ဒဏ်ကျခံနေရတဲ့သူတွေက ရွေးကောက်ပွဲဝင်ခွင့်မရှိကြဘူး။ အဲတော့ ဒေါ်စုကို ဒီလိုအနေအထားမျိုးမှာ ထားလိုက်တာလို့ တွေးရင်ရပါတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏အမှုကို အယူခံဝင်ရန် ပြင်ဆင်နေသည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

Geen opmerkingen: