မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 3 augustus 2009

ကျန်စစ်သားမင်းနှင့် စောလူးမင်း


မောင်သြ

၎ သြဂုတ် ၂၀၀၉


၁၅-၇-၀၉ နေ့က ထုတ်ဝေတဲ့ မြန်မာစစ်အစိုးရ မောင်ပိုင်စီးထားတဲ့ သတင်းစာတွေမှာ ဆောင်းပါးရှင် မောင်မှတ်ရဲ့ ‘ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်လျက် လက်ကမ်းလျက်ပါ’ ကို ဖတ်ခဲ့ရပါတယ်။

ဒီနေ့မြန်မာနိုင်ငံမှာ ထုတ်ဝေနေတဲ့ သတင်းစာတွေဆိုတာကလည်း လက်ရှိစစ်အစိုးရအာဘော်၊ စစ်အစိုးရပေါ်လစီ၊ စစ်အစိုးရအကြိုက်၊ စစ်အစိုးရလမ်းညွှန်ချက် မူဝါဒတွေအောက်မှာ မျက်နှာချိုသွေးရေးသားနေတဲ့ ကပ်ဖားရပ်ဖား ဆောင်းပါးတွေချည်းပါ။ ရေးတဲ့သူတွေကလည်း ရှေးခေတ် နန်းတွင်းစာဆိုတော်တွေလို မင်းလိုလိုက် မင်းကြိုက်ဆောင် ဘုန်းတော်ဘွဲ့စာရေးသူများ ၀င်စားတာလားလို့ ထင်မှတ်စရာပါပဲ။ ဆောင်းပါးရှင် မောင်မှတ် တယောက်ကိုလည်း အဲဒီလိုပဲ ရှေးနန်းတွင်းခေတ် ဘုန်းတော်ဘွဲ့တွေရေးခဲ့တဲ့ စာရေးသူဝင်စားတာပဲလို့ မှတ်ယူမိပါတယ်။

အခုခေတ် အခေါ်အဝေါ်အရတော့ ရှေးခေတ်ကလို ဘုန်းတော်ဘွဲ့ မခေါ်တော့ပါဘူး။ အုပ်ချုပ်တဲ့ စစ်အစိုးရအကြိုက် ဖော်လံဖား ရေးရတာမျိုးဆိုတော့ ဖော်လံဖား ပေါ်လစီဘွဲ့တွေရေးတဲ့ ကပ်ဖားရပ်ဖား ဆောင်းပါးရှင်တွေလို့ပဲ ခေါ်ဝေါ်သမုတ်ရတော့ မပေါ့ဗျာ။ မောင်မှတ်လည်း ဒီပုတ်ထဲက ဒီပဲပါပဲ။ စစ်အာဏာရှင်တွေရှိနေသရွေ့ မောင်မှတ်တို့လို ဖော်လံဖားဆောင်းပါးရှင်တွေ ရေးလို့မကုန် တောင်လိုပုံနေမှာပဲ။ မောင်မှတ်အပြင် အခြားကလောင်ဝှက်တွေကလည်း ရှိနေဦးမှာပါ။ ဒါမှလည်း ဆောင်းပါးရေးခတွေနဲ့ မြိုးမြိုးမြက်မြက် ထောကြပေမပေါ့။ အခွင့်အရေးတွေကလည်းရ၊ နောက်ဆို စာပေပါရဂူဘွဲ့တို့၊ ၀ဏ္ဏကျော်ထင်ဘွဲ့တို့လို လူမှုထူးချွန်ဆုဘွဲ့တွေပါ ထပ်ရဦးမယ်။ ဟုတ်လား မောင်မှတ်ရေ …။

မောင်မှတ်ရဲ့ ဆောင်းပါးထဲက အမြင်မတူတာလေးတွေ အယူအဆ ကွဲပြားတာလေးတွေ ထုတ်ဖော်ကြည့်ကြရအောင်။ ပုဂ္ဂိုလ်ရေးဆန်တာလည်း မဟုတ်ပါ။ ပါတီကိစ္စစွဲရှိတာလည်း မဟုတ်ပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ်ဟာ ခွဲခြားလို့မရဘူး၊ ခေါင်းနဲ့ ပန်းလိုပဲ။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် မပါခဲ့ပေမယ့် အန်အယ်လ်ဒီ အပြတ်အသတ် အောင်ပွဲဆင်ခဲ့တယ်။ အနိုင်ရခဲ့တယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုစွမ်းရည်နဲ့ မဆလ စစ်အာဏာရှင်တွေကို ရွံမုန်းနာကြည်းတဲ့ အချက်တွေကြောင့်ပဲ။ ဒါကြောင့် မဆလ စစ်အာဏာရှင်တဖြစ်လဲ (တစည) ကို အပြတ်ရှင်းနိုင်ခဲ့တာပါ။ ရွေးကောက်ပွဲဥပဒေဆိုတာကလည်း အဲဒီတုန်းက အာဏာသိမ်းခဲ့တဲ့ န၀တ စစ်အစိုးရက ကြီးကြပ်ပြီးရေးဆွဲတာပါ။ ၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းကလည်း ဒေါ်အောင်ဆန်းစုကြည် ၀င်ရွေးခွင့်မရအောင် ကိုယ်ရေးကိုယ်တာကိစ္စတွေနဲ့ ချည်တုပ်ပြီး ရေးဆွဲခဲ့တာပါ။ အခုလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီအဖွဲ့ကို ဘယ်လိုတွေ ချည်တုပ်ပြီး ရေးဆွဲထားမလဲဆိုတာ စောင့်ကြည့်ရဦးမယ်။

မောင်မှတ်က အနာဂတ်နဲ့ဆိုင်တဲ့ ရွေးကောက်ပွဲကြီးမှာ လူတဦးတယောက်၊ ပါတီတစုတဖွဲ့ကိစ္စကို ဦးတည်ပြီး ပြောနေတာဟာ အဓိပ္ပာယ်မရှိဘူးလို့ ဆိုတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီလို့ပဲ တည့်တည့်ပြောလိုက်ရောပေါ့ မောင်မှတ်ရယ်။ မြန်မာနိုင်ငံကြီး လွတ်လပ်ရေးမရမီက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလအဖွဲ့ချုပ်ကြီးက ဦးဆောင်ပြီး လွတ်လပ်ရေးရအောင် ဆောင်ရွက်ခဲ့တာ မောင်မှတ်သိမှာပါ။ အဲဒါ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလအဖွဲ့ချုပ်ကြီးကို လူထုက ယုံကြည်လို့ အားကိုးလို့ပဲ။ အဲဒီလိုပဲ မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး နည်းမှန်လမ်းမှန် ပြည့်ပြည့်၀၀ ရရှိဖို့အတွက်လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီက ဦးဆောင်နိုင်စွမ်းရှိတယ်ဆိုတာကို လူထုက ယုံကြည်တယ်၊ အားကိုးတယ်။

ဒီနေ့ မြန်မာနိုင်ငံမှာ လူထုက ဒေါ်အောင်ဆန်းစုကြည်ကို ပုံအောပြီးတော့ လေးစားယုံကြည်အားကိုးကြတယ်။ ဘာကြောင့်လဲ၊ ရဲရင့်သတ္တိရှိတယ်။ ကိုယ်ကျိုးစွန့် အနစ်နာခံတယ်။ အများပြည်သူရဲ့ အကျိုးစီးပွားကို ကြည့်တယ်။ ပညာတတ်တယ်။ အမြော်အမြင်ရှိတယ်။ ထက်မြက်တယ်။ မြန်မာနိုင်ငံနဲ့ ပြည်သူအတွက် သူ့ဘ၀ကို ပေးဆပ်ထားသူဖြစ်တယ်။ နိုင်ငံနဲ့ ပြည်သူ့ထံက အယူသမားမဟုတ်ဘူး။ ဒါကြောင့်လည်း ကမ္ဘာ့နိုင်ငံပေါင်းစုံက ခေါင်းဆောင်တွေ၊ ပြည်သူတွေကပါ ဒေါ်အောင်ဆန်းစုကြည်အပေါ် ယုံကြည်လေးစားကြတာဖြစ်တယ်။

ယနေ့ မြန်မာနိုင်ငံရဲ့ အနာဂတ်တိုးတက်ဖွံ့ဖြိုးရေး၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတိုက်ပွဲမှာ ဘယ်ပါတီ၊ ဘယ်အဖွဲ့အစည်းနဲ့ ဘယ်အဖွဲ့ဝင်တွေက တိုက်ပွဲဝင် အနစ်နာခံခဲ့ကြပါသလဲ။ ဘယ်သူတွေ ကိုယ်ကျိုးစွန့်ခဲ့ပါသလဲ။ ဘယ်သူတွေ ထောင်ကျခံ တန်းကျခံ ဒုက္ခတွေရောက်ခဲ့ပါသလဲ။ အန်အယ်လ်ဒီအဖွဲ့ချုပ်နဲ့ အန်အယ်လ်ဒီခေါင်းဆောင်တွေ၊ အဖွဲ့ဝင်တွေနဲ့ ကိုမင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေသာဖြစ်တယ်။

၂၀၀၇ ခုနှစ် ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းသံဃာတော်တွေ ဦးဆောင်ပြီး ကျောင်းသားပြည်သူတွေ၊ အန်အယ်လ်ဒီအဖွဲ့ချုပ် မြို့နယ်အဆင့်ရှိအဖွဲ့ဝင်တွေ၊ တိုင်းနဲ့ ပြည်နယ်ကိုယ်စားလှယ်တွေ လူထုအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြလမ်းလျှောက် မေတ္တာပို့ဆုတောင်းခဲ့ရာမှာ နအဖလက်ကိုင်တုတ် ကြံ့ဖွံ့၊ စွမ်းအားရှင် လူမိုက်လူတေတွေနဲ့ လက်နက်ကိုင် လုံထိန်းရဲတပ်သား၊ စစ်သားတွေရဲ့ အကြမ်းဖက်ချေမှုန်းမှုကြောင့် အဓိကရုဏ်းဖြစ် သေကျေပြီး ဖမ်းဆီးထောင်ချခံခဲ့ကြရတာ မမေ့နိုင်စရာပါ။ ဥဒါန်းမကြေနိုင်စရာပါ။ အဲဒီမှာ ဂျပန်နိုင်ငံသား သတင်းထောက်တဦးပါ ပစ်သတ်ခံခဲ့ရတယ်။

‘ဆူပူအကြမ်းဖက်မှု ဖန်တီးသူများ ၀ိုင်းဝန်းဖယ်ရှား၊ ဆူပူအကြမ်းဖက်မှုကို မလိုလား’ … ဆိုတဲ့ နအဖ သတင်းစာထဲက ပြည်သူ့ဆန္ဒသဘောထားကို ပြန်ကြည့်ရင် ဆူပူအကြမ်းဖက် ရိုက်နှက်သတ်ဖြတ်တာ ဘယ်သူတွေလဲ။ ကိုယ့်မျက်ချေး ကိုယ်ပြန်မြင်ပါ။ မောင်မှတ်ဟာ ဗုဒ္ဒဘာသာဝင်တဦးသာဆိုရင် သံဃာတော်တွေကို သွေးမြေကျအောင် ရိုက်နှက်ပါ့မလား၊ စဉ်းစားပါ။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိပါဘူးဆိုတာကိုလည်း သတင်းစာရှင်းလင်းပွဲတွေမှာ စစ်အစိုးရတာဝန်ရှိသူတွေ ပြောကြားခဲ့သလို မောင်မှတ်ကပါ ရောယောင်ပေါကြောင်နဲ့ ထပ်ပြောပြန်ပြီ။ အဲဒီတော့ နိုင်ငံရေးအကျဉ်းသမားတွေဆိုတာ ဒါတွေပဲဟေ့လို့ ပြောပြလိုက်မယ်။ (လိုအပ်သလောက်ပဲ တင်ပြလိုက်မယ်)

၁။ နိုင်ငံရေးအကျဉ်းသားများနှင့် သာမန်အကျဉ်းသားများ ထောင်တွင်း၌ စကားပြောခွင့်မပြု။
၂။ နိုင်ငံရေးအကျဉ်းသားများ ထောင်တွင်း၌ ဆံပင်ညှပ်သွားခြင်း၊ ရေချိုးဆင်းခြင်း၊ ဆေးခန်းသွားပြခြင်း၊ ထောင်ဝင်စာထွက်ခြင်းတို့တွင် ခေါင်းစွပ်များနှင့် စွပ်သွားရခြင်း။ (ICRC နှင့် လူ့အခွင့်အရေးအဖွဲ့များကြောင့် နောက်ပိုင်း ခေါင်းစွပ် မစွပ်ရတော့)
၃။ ထောင်ဝင်စာတွင် မိသားစုနှင့် စကားပြောရာ၌ ထောင်ဝန်ထမ်းများလိုက်၍ ရေးသားမှတ်တမ်းများယူပြီး အာဏာပိုင်များသို့ တင်ပြခြင်း။
၎။ ရိုးရိုးအကျဉ်းသားများနှင့်မတူဘဲ သီးသန့်မှန်ခန်းမှ တယ်လီဖုန်းနှင့် ပြောရခြင်း။ (အင်းစိန်အကျဉ်းထောင်)
၅။ နိုင်ငံရေးအကျဉ်းသားများကိုသာ ဝေးလံသော အကျဉ်းထောင်များသို့ ပို့ထားခြင်း။
၆။ ထောင်ပြစ်ဒဏ် လျှော့ရက်မရှိ။
၇။ နိုင်ငံရေးအကျဉ်းသားများ ထောင်မှလွတ်လျှင် လျှို့ဝှက်ခေါ်ယူ၍ ကားများဖြင့် အိမ်တိုင်ရာရောက် လိုက်ပို့ပြီး မိသားစုများနှင့် ဓာတ်ပုံရိုက်မှတ်တမ်းယူခြင်း။
ဒါလောက်ဆိုရင် လုံလောက်ပါပြီ။ နောက် မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးပြဿနာ လုံးဝမရှိပါဘူးလို့ အရှက်မရှိတဲ့ မျက်နှာနဲ့ ဗြောင်လိမ်ရဲသေးတယ်။

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးပြဿနာတွေ ဒုနဲ့ဒေး၊ ဖုံးကွယ်လို့ မရလောက်အောင်ကို များပြားလွန်းနေတာကြောင့် ကမ္ဘာ့လူ့အခွင့်အရေးကော်မတီက မစ္စတာ ပီညဲရိုးတို့၊ မစ္စတာ ကင်တားနားတို့ ကိုယ်တိုင် လာရောက်စုံစမ်းစစ်ဆေး ဖော်ထုတ်ခဲ့တယ်။ ပြီးတော့ ၁၇-၇-၀၉ နေ့က ထိုင်းနိုင်ငံ ဖူးခက်အပန်းဖြေစခန်းမှာ ကျင်းပတဲ့ အာဆီယံဝန်ကြီးများအဆင့်နဲ့ ARF အစည်းအဝေးမှာလည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပြုပြင်ပြောင်းလဲမှုမရှိခဲ့ရင် အာဆီယံနိုင်ငံများရဲ့ ရှေ့ဆက်သွားရမယ့် ခရီးလမ်းကြောင်းမှာ တိုးတက်ဖွံ့ဖြိုးမှု၊ နှောင့်နှေးကြန့်ကြာမှုတွေရှိနိုင်ကြောင်း ပြောသွားခဲ့ခြင်းဟာ မြန်မာနိုင်ငံမှာ လက်တွေ့ လူ့အခွင့်အရေးပြဿနာတွေ ရှိနေကြောင်း ထင်ရှားစေပါတယ်။

မြန်မာနိုင်ငံရဲ့ အဓိက ဒီမိုကရေစီဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေ နှောင့်နှေးအောင်၊ ရပ်တန့်အောင်၊ ပျက်စီးအောင် ပြည်တွင်းပြည်ပ ဆန့်ကျင်ဘက်အုပ်စုတွေက Sanction ဆိုတဲ့ ပိတ်ဆို့ဟန့်တားမှုတွေကြောင့် ဖြစ်တယ်ဆိုပြီး ၀ါးလုံးချေးသုတ် ရမ်းတာတော့ အောက်တန်းကျလွန်းပါတယ်။ ကိုယ့်မျက်ချေးလည်း ကိုယ်ပြန်မြင်မှပေါ့။

၉၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုဖြစ်တဲ့ အန်အယ်လ်ဒီအဖွဲ့ချုပ်ကြီးရဲ့ အောင်ပွဲခံမှုရလဒ်နဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲကျင်းပပေးတဲ့ တပ်မတော်အစိုးရကိုယ်တိုင်က ကိုယ့်ကတိစကားတွေ ကိုယ်ဖျက်၊ ကိုယ်ထုတ်ပြန်တဲ့ ဥပဒေတွေကို ကိုယ်ပြန်ချိုးဖောက်ပြီး ဒီမိုကရေစီဖော်ဆောင်မှုတွေကို လုံးဝဆန့်ကျင်ခဲ့တယ်။ ကော်မရှင်က အသိအမှတ်ပြုထားတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်တွေကို ဖမ်းဆီးထောင်ချ၊ ကိုယ်စားလှယ်တွေကိုလည်း အဖွဲ့ချုပ်အဖွဲ့ဝင်အဖြစ်က နေလည်းကောင်း၊ ကိုယ်စားလှယ်အဖြစ်ကနေ လည်းကောင်း မထွက်ထွက်အောင် အတင်းအဓမ္မ ဖိနှိပ်ခြိမ်းခြောက်ပြီး နုတ်ထွက်စေခဲ့တယ်။

တရားဝင် ဖွဲ့စည်းရပ်တည်ခွင့်ရတဲ့ အဖွဲ့ချုပ်ရုံးခန်းတွေကိုလည်း ပိတ်ပင်ထားပြီး လွတ်လပ်စွာ စည်းရုံးခွင့်တာဝန်တွေကိုလည်း ဟန့်တားခဲ့တယ်။ အဲဒီကတည်းက တပ်မတော်အစိုးရဟာ မိမိကျင်းပပေးခဲ့တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီနဲ့ လက်တွဲပူးပေါင်းပြီး တွေ့ဆုံဆွေးနွေးဆောင်ရွက်သွားကြမယ်ဆိုရင် မြန်မာနိုင်ငံဟာ ခုလို အခြေအနေမျိုး ရောက်မှာမဟုတ်ဘူး။ ကဲ … မောင်မှတ်ရေ။ ဒီမိုကရေစီဖော်ဆောင်မှု လုပ်ငန်းစဉ်တွေကို ပျက်ပြားအောင်၊ နှောင့်နှေးအောင်လုပ်တာ ဘယ်သူလဲဆိုတာ တရားခံကို မြင်လောက်ပါပြီ။

အဲဒီတော့ ပြောရေးရှိက ပြောရဦးမယ်။ ဆိုရေးရှိက ဆိုရဦးမယ်။ မြန်မာနိုင်ငံကို စီးပွားရေးအရရော၊ ဒီမိုကရေစီကျင့်စဉ်အရရော၊ Sanction ပိတ်တာ ဘယ်သူ့ကြောင့်လဲ။ အုပ်ချုပ်သူတွေရဲ့ ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးကို လွန်မင်းစွာ ချိုးဖောက်ခဲ့တာ ကြောင့်ဆိုတာ ယုံမှားသံသယဖြစ်စရာ မရှိပါဘူး။

ပိတ်ဆို့မှုအားလုံး ပွင့်လင်းပျက်ပြယ်သွားစေချင်တယ်ဆိုရင် မောင်မှတ်တို့ ယုံကြည်အားထားတဲ့ တပ်မတော်အစိုးရကို ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး အမျိုးသားရင်ကြားစေ့ရေးအတွက် တပ်မတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ အတိုက်အခံခေါင်းဆောင်းတွေ အမြန်ဆုံးတွေ့ဆုံဆွေးနွေးသင့်ကြောင်း ဆောင်းပါးတပုဒ် ရေးလိုက်စေချင်ပါတယ်။

၂၂-၇-၀၉ ရက်နေ့က ထိုင်းနိုင်ငံ ဖူးခက်မြို့မှာ ကျင်းပတဲ့ ARF အာဆီယံ ဒေသဆိုင်ရာအစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က နအဖအစိုးရအား ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရင် မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှု စီးပွားရေးကိစ္စတွေအပြင် အခြားအခွင့်အလမ်းတွေကိုပါ ကူညီဆောင်ရွက်ပေးသွားမယ်လို့ ပြောကြားခဲ့တာဟာ မြန်မာနိုင်ငံအတွက် အထူးအခွင့်အရေးတရပ်ဖြစ်ပါတယ်။

အဲဒါကိုမှ ဆက်ပြီး ခေါင်းမာနေဦးမယ်ဆိုရင်တော့ ကျန်စစ်သားမင်းက စောလူးမင်းကို ခွေးသေ၀က်သေ နေရစ်ပေတော့လို့ ထားခဲ့သလိုမျိုး နအဖစစ်အုပ်စုကို ထားခဲ့ရပါလိမ့်မယ်။

Geen opmerkingen: