မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 20 augustus 2009

ဦးဝင်းတင် ဆေးရုံမှဆင်းပြီ

မင်းနိုင်သူ / ၂၀ သြဂုတ် ၂၀၀၉


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးဝင်းတင်သည် အာရှတော်ဝင် ဆေးရုံ၌ (၃) ရက်ကြာ ဆေးကုသခံယူခဲ့ပြီး ယနေ့ နေအိမ်သို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သည်။

နှလုံးခုန်နှုန်း လျော့ကျလာသည့် ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်သည် သြဂုတ် (၁၅) ရက် ညပိုင်းတွင် အာရှတော်ဝင်ဆေးခန်းသို့ တက်ရောက်ခဲ့ရပြီး နှလုံးခုန်စက်ထည့်သွင်းတပ်ဆင်ထားရသည်။

“အာရှတော်ဝင်က ပိုင်ရှင်တွေရော၊ ဆရာဝန်တွေရော အားလုံးအဆင်ပြေအောင် လုပ်ပေးကြပါတယ်။ အခုတော့ သက်သာလာပါပြီ။ တပတ်တခါတော့ ပြန်ပြရမယ်။ ဖုန်းပြောတာတွေ၊ လျှပ်စစ်မီးအသုံးပြုတာတွေ မလုပ်ဖို့ အထူးသဖြင့် ဘယ်ဘက်ခြမ်း မလှုပ်ရှားမိစေဖို့ ညွှန်ကြားထားတယ်” ဟု အတူနေသူ ကိုသက်ဦးနိုင်က ပြောသည်

အသက် (၇၉) နှစ်ကျော်ရှိ ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စတင်တည်ထောင်စကပင် ပါဝင်ခဲ့သည့် တက်ကြွလှုပ်ရှားသော နိုင်ငံရေးသမားတဦးဖြစ်ခြင်းကြောင့် စစ်အစိုးရက ၁၉၈၉ ခုနှစ်မှစတင်ကာ ထောင်ချထားခဲ့သည်။

အင်းစိန်ထောင်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်စပ်လျဉ်း၍ ကုလသမဂ္ဂလူ့အခွင့်အရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံရာတွင် ပွင့်လင်းရဲဝံ့စွာ ထုတ်ဖော်ပြောဆိုမှုများရှိခဲ့သဖြင့် နအဖစစ်အစိုးရ၏ အငြိုးထားခြင်းခံရသည့် နိုင်ငံရေးအကျဉ်းသားတဦးလည်း ဖြစ်ခဲ့သည်။

ထောင်အတွင်း ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိခဲ့ဘဲ နှစ်ပေါင်း (၁၉) နှစ်ကျော်ကြာနေထိုင်ခဲ့ရပြီးနောက် ၂၀၀၈ ခုနှစ် စက်တင်ဘာ (၂၃) ရက်တွင်မှ ပြန်လည်လွတ်မြောက်လာခဲ့သည်။

အစိုးရပညာတော်သင်အဖြစ် နယ်သာလန်နိုင်ငံ၌ ၁၉၅၃ ခုနှစ်တွင် စာနယ်ဇင်းပညာသင်ယူနေစဉ် “ဒို့ပြည်သတင်း”ဟူသည့် လက်နှိပ်စက်ရိုက်သတင်းစာတစောင်ကို ကိုယ်ပိုင်ငွေဖြင့် ထုတ်ဝေကာ နိုင်ငံခြားရောက်မြန်မာများထံ စာတိုက်မှတဆင့် ပေးပို့ခဲ့ဖူးသည့် သတင်းစာဆရာတဦးဖြစ်သည်။

ဝါရင့်သတင်းစာဆရာကြီး အန်အယ်လ်ဒီ ဗဟိုအလှုပ်အမှုဆောင် ဦးဝင်းတင်ကို ၂၀၀၁ ခုနှစ်တွင် ယူနက်စ်ကိုမှ ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်ခွင့်ဆု၊ ကမ္ဘာ့သတင်းစာများအသင်းကြီးက လွတ်လပ်မှု ရွှေကလောင်ဆု၊ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က လွတ်လပ်မှု ရွှေကလောင်ဆုများ ချီးမြှင့်ခဲ့သည်။

Geen opmerkingen: