မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 6 augustus 2009

စစ်ရေးဖိအားဖြင့် ပြဿနာကို ဖြေရှင်း၍မရကြောင်း စစ်အစိုးရအား မွန်ပြည်သစ် သတိပေး


ဝီရ / ၆ သြဂုတ် ၂၀၀၉


မြန်မာနိုင်ငံတွင် တိုင်းရင်းသားပြဿနာများကို စစ်ရေးနည်းဖြင့် ဖြေရှင်းနိုင်မည်မဟုတ်သကဲ့သို့ ယင်းသို့ဖြေရှင်းပါက စစ်မှန်သောငြိမ်းချမ်းရေးကိုလည်း ရရှိနိုင်လိမ့်မည်မဟုတ်ကြောင်း မွန်ပြည်သစ်ပါတီ ဥက္ကဋ္ဌကြီး နိုင်ထောမွန်က နအဖစစ်အစိုးရအား သတိပေးလိုက်သည်။

သြဂုတ် (၅) ရက်၌ ကျရောက်သည့် (၆၂) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့တွင် မွန်ပြည်သစ်ပါတီဥက္ကဋ္ဌက ၎င်း၏ သဝဏ်လွှာမိန့်ခွန်းတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

၎င်း၏မိန့်ခွန်းတွင် မွန်ပြည်သစ်ပါတီသည် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည်မှာ (၁၄) နှစ်ကျော်ခဲ့သော်လည်း မွန်အမျိုးသားတို့ ကိုယ့်ကံကြမ္မာကိုယ် ဖန်တီးနိုင်ရေးအတွက် တိုက်ပွဲဝင်ရာတွင် အောင်မြင်မှုမရရှိသေးကြောင်း ဝန်ခံထားသည်။

ထို့အပြင် စစ်မှန်သော ပြည်ထောင်စု ပေါ်ပေါက်လာရေးအတွက် အဖွဲ့အစည်းအများစုက ဆောင်ရွက်နေကြသော်လည်း အာဏာရစစ်အစိုးရက ယခုအချိန်အထိ လက်ခံခြင်းမရှိသေးကြောင်း၊ နိုင်ငံရေးအဖွဲ့အစည်းများနှင့် တိုင်းရင်းသားအဖွဲ့ အစည်းတို့ စည်းလုံးညီညွတ်မှု အားနည်းနေခြင်းကြောင့် လိုအပ်သည့်အောင်ပွဲဆီ မရောက်ရှိခြင်းဖြစ်ကြောင်းတို့ကိုလည်း ဖော်ပြထားသည်။

မွန်အမျိုးသားတို့အတွက် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်မရှိဘဲ ပါတီနှင့် ပါတီ၏တပ်မတော်ကို ခွဲထားခြင်း (သို့မဟုတ်) ဖျက်သိမ်းခြင်းကို လက်ခံမည်မဟုတ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပြဿနာကို တွေ့ဆုံဆွေးနွေးခြင်းဖြင့်သာ အဖြေရှာနိုင်မည် ဖြစ်ကြောင်း အကြုံပြုစာကိုလည်း အရှေ့တောင်တိုင်းစစ်ဌာနချုပ်သို့ မွန်ပြည်သစ်ပါတီက ယမန်နေ့က ပေးပို့ခဲ့သည်။

နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် နအဖစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို မွန်ပြည်သစ်ပါတီက လက်မခံဘဲ ဇူလိုင် (၂၇) တွင် ကျင်းပခဲ့သည့် ပါတီဗဟိုကော်မတီဝင်များ၏ အရေးပေါ်အစည်းအဝေးမှ ပယ်ချခဲ့ခြင်းဖြစ်သည်။

နအဖစစ်အစိုးရ၏ ကမ်းလှမ်းချက်ကို လက်မခံပယ်ချခဲ့သည့် မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်အား ကျန်ဘဝတူ အပစ်ရပ် အဖွဲ့များအပါအဝင် အဝေးရောက်မွန်အဖွဲ့အစည်းတို့က ကြိုဆိုထောက်ခံကြောင်း သိရသည်။

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) က မွန်ပြည်သစ်ပါတီ၏ ရပ်တည်ချက်အား ကြိုဆိုကြောင်း UWSA တပ်မှူးတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “နအဖကမ်းလှမ်းချက်က တိုင်းရင်းသားတွေအတွက် ဘာမှအကျိုးရလဒ်ကောင်းတွေ ဖြစ်လာမှာမဟုတ်လို့ မွန်ပြည်သစ် ပါတီက ဒီလိုလက်မခံကြောင်း ဆုံးဖြတ်လိုက်တာကို ကျနော်တို့က ထောက်ခံတယ်။ ဒီလိုရပ်တည်ချက်ကြောင့် ကျနော်တို့ ဒေသမှာ နအဖက တပ်အင်အားတွေ တိုးချဲ့ထားပြီး ဆက်ဖိအားပေးနေတယ်။ ကျနော်တို့တိုင်းရင်းသားတွေဘက်ကတော့ ငြိမ်းချမ်းစွာနဲ့ ဖြေရှင်းချင်တယ်။ ဒါပေမယ့် နအဖဘက်က အရင်ချိုးဖောက်လာရင်တော့ ဘယ်လက်နက်ကိုင်အဖွဲ့မှ တတ်နိုင်မှာ မဟုတ်ဘူး။ ပြန်ပြီး တုံ့ပြန်ရမှာပဲ” ဟု ပြောသည်။

ဘုရားသုံးဆူနယ်စပ်တနေရာတွင် ကျင်းပခဲ့သည့် (၆၂) ကြိမ်မြောက် မွန်အမျိုးသား တော်လှန်ရေးနေ့အခမ်းအနားသို့ ဒေသခံ နအဖ၊ ထိုင်းအာဏာပိုင်များနှင့် အဆိုပါဒေသရှိ ဘဝတူအပစ်ရပ်အဖွဲ့အစည်းတို့လည်း တက်ရောက်အားပေးခဲ့ကြသည်။

နအဖ၏ နယ်ခြားစောင့်တပ်ပြောင်းရန် ကမ်းလှမ်းချက်ကို ပထမဆုံးလက်ခံခဲ့သည့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) အရာရှိများနှင့် နီးစပ်သူ စီးပွားရေးသမားတဦးက “ဒီကေဘီအေမှာက အထက်ပိုင်းက သဘောထားတွေအပေါ်မှာ မူတည်နေတယ်။ သာမန်အောက်ခြေနဲ့ အလယ်အလတ်အဆင့် အဖွဲ့ဝင်တွေက ဒီနယ်ခြားစောင့်တပ်ကိစ္စမှာ လက်မခံနိုင်ကြပေမယ့် သူတို့အတွက် ရွေးစရာလမ်းက သိပ်မရှိဘူး။ ဒီမွန်ပြည်သစ်ရဲ့ ရပ်တည်ချက်နဲ့ ပတ်သက်ပြီး ဒီကေဘီအေရဲ့အထက်ပိုင်းက အသံတွေတော့ မကြားမိဘူး။ သာမန်အဖွဲ့ဝင်တွေကတော့ အားကျကြတာတော့ ကျနော်ကြားရတယ်” ဟု ပြောသည်။

နအဖစစ်အစိုးရ၏ နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရေးကို ငြင်းပယ်လိုက်သည့် လက်နက်ကိုင် အပစ်ရပ်အဖွဲ့များတွင် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ ကချင်လွတ်လပ်ရေးတပ်မတော်၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တို့ပါဝင်သည်။

မွန်ပြည်သစ်ပါတီ စတင်တည်ထောင်ပြီး ယနေ့အချိန်အထိ အနှစ် (၅၀) ကျော်အတွင်း မွန်အမျိုးသားရေးအတွက် တာဝန်ထမ်းရွက်ရင်း အသက်ဆုံးရှုံးသွားခဲ့သူ ရဲဘော်အာဇာနည်ပေါင်း (၉၅၀) ကျော်ရှိကြောင်းနှင့် (၆၂) ကြိမ်မြောက် မွန်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားများကို ဗဟိုဌာနချုပ်တည်ရာ ရေးချောင်းဖျားနယ်မြေ၊ ထားဝယ်ခရိုင်နယ်မြေ၊ မော်လမြိုင်ခရိုင် ကြာအင်းဆိပ်ကြီးနယ်မြေ၊ သထုံခရိုင် ကော့ပိန်းနယ်မြေနှင့် ဘုရားသုံးဆူနယ်စပ်တို့တွင် ခရိုင်အလိုက် အသီးသီးကျင်းပခဲ့ကြောင်း သိရသည်။

Geen opmerkingen: