မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 20 juni 2009

“မြန်မာနိုင်ငံ ပြဿနာ ဘာလုပ်နိုင်မလဲ”

Saturday, 20 June 2009 18:05 အေးချမ်းမြေ့
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်၌ နိုင်ငံတကာ သံတမန်များ အပါအဝင် လူ ၁၀၀ ကျော် က ယမန်နေ့တွင် “မြန်မာနိုင်ငံ ပြဿနာ ဘာလုပ်နိုင်မလဲ” ဟူသော ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံအရေးကို တက်ရောက် ဆွေးနွေးခဲ့ကြသည်။

ယင်းဆွေးနွေးပွဲသည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက်မွေးနေ့နှင့် လည်း တိုက်ဆိုင်နေသည်။

ဆွေးနွေးပွဲ ကြီးကြပ်သူ ချူလာလောင်ကွန်း တက္ကသိုလ် နိုင်ငံရေးသိပ္ပံ မဟာဌာန လုံခြုံရေးနှင့် နိုင်ငံတကာ လေ့လာရေး ဒါရိုက်တာ Dr. Thitinan Pongsudhirak က“သူ့မွေးနေ့ဟာ စိတ်မချမ်းမြေ့စရာ အခြေ အနေနဲ့ ဖြစ်ပါတယ်”ဟု လက်ရှိ အကျဉ်းကျနေသည့် ဒေါ်အောင်ဆန်းစုကြည်၏ အခြေအနေကို ရည်ရွယ်၍ ပြောဆို လိုက်သည်။


ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်တွင် ကျင်းပသည့် မြန်မာ့အရေး ဆွေးနွေးပွဲ (ဓာတ်ပုံ - ဧရာဝတီ)
ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော်ကလည်း “မြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေက သဘာဝမကျပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ လူမှန်တယောက်ဟာ အခုလိုမျိုး တရားစီရင်တာမခံသင့်ပါဘူး”ဟု ပြောဆိုသည်။


“ဒေါ်အောင်ဆန်းစုကြည် အစား သူ့နေရာမှာ တခြားသူတဦးဦး အဲဒီတရားခွင်မှာရှိနေရမှာဖြစ်ပါတယ်၊ အဲဒါ ကတော့ ဘယ်သူတွေဖြစ်သင့်သလဲဆိုတာ မြန်မာပြည်သူတွေက သိကြပါတယ်”ဟုလည်း ဦးအောင်ဇော်က ပြောသည်။


နိုင်ငံတကာအနေနှင့် စစ်အစိုးရအဖွဲ့ဝင် တဦးချင်းကိုပစ်မှတ်ထား၍ အရေးယူဒဏ်ခတ်သည့် ဖိအားပေးမှုမျိုး ပိုမို လုပ်ဆောင်သင့်သည်ဟု ဦးအောင်ဇော်က ဆက်ပြောသည်။


မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးအောင်နိုင်ဦးကလည်း စစ်အစိုးရအပေါ် နိုင်ငံတကာ၏ဖိအား သက်ရောက်မှု အကြောင်း ဆွေးနွေးပြောကြားခဲ့သည်။


“တရုတ်နဲ့ အိန္ဒိယ ဝင်မတွန်းဘဲနဲ့ မြန်မာစစ်အစိုးရ ဘယ်လိုမှ မရွေ့ဘူး”ဟု ဦးအောင်နိုင်ဦးက ဆိုသည်။


လာမည့် ၂၀၁၀ ခုနှစ်တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူ၏ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ကို ပါဝင်ခွင့်မရစေရန် ယခုကဲ့သို့ အမှုဆင်၍ တရားစီရင်ခြင်းဖြစ် ကြောင်း မြန်မာ့အရေး လှုပ်ရှားသူများကလည်း ပြောဆိုသည်။


မြန်မာ့အရေးလေ့လာ သုံးသပ်သူ လယ်ရီဂျေဂင်က ဒေါ်အောင်ဆန်းစုကြည်သည် သူ၏ ၆၄ နှစ်ပြည့် မွေးနေ့တွင် ၎င်းလွတ်မြောက်ရေးထက် မြန်မာပြည်လွတ်မြောက်ရေး အတွက်သာ စဉ်းစားနေလိမ့်မည်ဖြစ် ကြောင်း ဆွေးနွေးပြောကြားသွားသည်။


ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ချထားစဉ် ကာလတလျှောက်လုံး သူ့လွတ်မြောက်ရေး အတွက် တခါမှမပြောဘူးဘဲ တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်ကိုသာ ဆက်တိုက်ဆိုသလို ပြောနေခဲ့သည်ဟု သူက ဆိုသည်။


“အခုချိန်မှာ သူ (ဒေါ်အောင်ဆန်းစုကြည်) စဉ်းစားနေမှာကို တွေးကြည့်လို့ရတယ်။ ငါက နောက်ဆုံးသော နိုင်ငံရေးအကျဉ်းသားဖြစ်စေရမယ် လို့ သေချာပေါက်ကို စဉ်းစားနေမှာ”ဟု လယ်ရီ ဂျေဂင်က ဆက်ပြော သည်။


မြန်မာစစ်အစိုးရသည် အလွန်ခေါင်းမာသော အစိုးရဖြစ်ပြီး မည်သည့် တခြားနိုင်ငံကိုမှ အယုံအကြည် မရှိ သောကြောင့် ဘယ်သောအခါမှ ဆွေးနွေးညှိနှိုင်းမှု ပြုလုပ်လိမ့်မည်မဟုတ်ဟု လယ်ရီဂျေဂင်က ဆိုသည်။


ဒေါ်အောင်ဆန်းစုကြည်က စစ်အစိုးရနှင့် ပတ်သက်၍ “အိပ်ချင်ယောင်ဆောင်တဲ့သူက နှိုးရပိုခက်တယ်”ဟု ရန်ကုန်မြို့၌ ၎င်းနှင့်နောက်ဆုံးအကြိမ်ဆုံတွေ့စဉ် ပြောခဲ့သေးကြောင်းလည်း လယ်ရီဂျေဂင်က ပြောပြသည်။


ထို့နောက်လယ်ရီဂျေဂင်က အထီးကျန်ဝါဒကို လက်ကိုင်ထားသည့် မြန်မာ စစ်အစိုးရ၏ ခေါင်းမာသော အယူအဆများနှင့်ပတ်သက်၍ ဆွေးနွေးပြီး ထိုင်းနိုင်ငံအပါအဝင် အာဆီယံနိုင်ငံများ၏ မြန်မာ နိုင်ငံအပေါ် သဘောထားကို The Nation သတင်းစာမှ Kavi Chongkittavorn က ဆွေးနွေးပြောကြားသည်။


အဆိုပါ အခမ်းအနားသို့ တက်ရောက်သူများကလည်း မေးခွန်းများမေးခြင်း၊ ပါဝင်ဆွေးနွေးခြင်းများ ပြုလုပ်ရာ နျူကလီးယားလက်နက် လက်ဝယ်ရှိထားသော မြောက်ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ၏ ဆက်ဆံရေး၊ အာဆီယံအဖွဲ့အနေနှင့် မြန်မာနိုင်ငံအပေါ် ထိရောက်သော စီးပွားရေး ပိတ်ဆို့မှုများ ပြုလုပ်ရေး အစရှိသဖြင့် ဆွေးနွေးခဲ့ကြသည်။


Kavi က မြောက်ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ ဆက်ဆံရေးကို အာဆီယံကလည်း စိုးရိမ်နေသည်ဟု ပြောသည်။


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ချူလာလောင်ကွန်း တက္ကသိုလ်၊ နိုင်ငံရေး သိပ္ပံဌာန၊ ပန်ထစ် ခန်းမတွင် “မြန်မာနိုင်ငံ ပြဿနာ ဘာလုပ်နိုင်မလဲ” ဆိုသည့် ခေါင်းစဉ်အောက်တွင် ပြုလုပ်သည့် ယင်း ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းများအစဉ်တစိုက် ရေးသားခဲ့သူ လယ်ရီဂျေဂင် အပါအဝင် ဘန် ကောက် အခြေစိုက် The Nation သတင်းစာမှ Kavi Chongkittavorn၊ မြန်မာ့အရေး လေ့လာ သုံးသပ်သူ ဦးအောင်နိုင်ဦးနှင့် ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ဦးအောင်ဇော် တို့က ဦးဆောင် ဆွေးနွေးခဲ့ကြသည်။


ဆွေးနွေးပွဲသို့ သံအရာရှိများ၊ သတင်းထောက်များ၊ ချူလာလောင်ကွန်းတက္ကသိုလ်မှ ဆရာ၊ ဆရာမ နှင့် ကျောင်းသူကျောင်းသားများ အပါအဝင် ၁၀၀ ကျော်တက်ရောက်ခဲ့သည်။


ယမန်နေ့က ကျရောက်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်ပြည့် မွေးနေ့ကို မြန်မာနိုင်ငံ အမျိုးသမီးနေ့ အဖြစ် အတိုက်အခံ အဖွဲ့များက သတ်မှတ်ထားသည်။ ၎င်း၏ မွေးနေ့ပွဲကို ကမ္ဘာအရပ်ရပ်ရှိ မြန်မာပြည်သူ များနှင့် နိုင်ငံတကာ အဖွဲ့အစည်းအသီးသီးတို့က ကျင်းပနေချိန်တွင် ဒေါ်အောင်ဆန်းစုကြည်က အင်းစိန် ထောင်တွင်း၌ စစ်အစိုးရ စွဲချက်တင်ထားသည့် အမှုကို ရင်ဆိုင်နေရသည်။


ဂျပန်နိုင်ငံ လွှတ်တော်အမတ်များက ယမန်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး ဆုကို ပေးအပ်ချီးမြှင့်ရာ NLD လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲ ဥက္ကဌ ဦးသန့်ဇင်ဦးက ဒေါ်အောင်ဆန်း စုကြည်ကိုယ်စား လက်ခံရယူကြောင်း သိရသည်။

အလားတူ မလေးရှား၊ တောင်ကိုးရီးယား အစရှိသည့် နိုင်ငံများတွင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်ပွဲများ ကျင်းပကြသည်။

Geen opmerkingen: