မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 11 juni 2009

ဂိုဂျုတ်တောင်ခရီးစဉ် နိုင်ငံရေးတိုးတက်မှုအတွက် သံသယရှိဟု သုံးသပ်

Wednesday, 10 June 2009 20:28 ကိုထွေး
စင်ကာပူ ၀န်ကြီးချုပ်ဟောင်း မစ္စတာ ဂိုဂျုတ်တောင်၏ မြန်မာပြည် ခရီးစဉ်ကို ကြိုဆိုသော်လည်း နိုင်ငံရေး ပြောင်းလဲ တိုးတက်ရေး အတွက်မူ သံသယရှိသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဦးဝင်းတင် အပါအ၀င် နိုင်ငံရေးသမားများနှင့် သုံးသပ်သူများက ပြောသည်။

နေပြည်တော်တွင် မစ္စတာ ဂိုဂျုတ်တောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံစဉ် (ဓာတ်ပုံ - Straits Times)
ဦးဝင်းတင်က “မြန်မာပြည်နဲ့ ပတ်သက်လို့ ပွင့်လင်းတဲ့ သူ့ရဲ့ပြောဆိုမှုတွေကို တန်ဖိုးထားပါတယ်၊ စစ်အစိုးရဲ့ မှားယွင်းတဲ့လုပ်ရပ်ကို ထောက်ပြပြီး လမ်းကြောင်းမှန်ရောက်အောင် အကြံပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဧရာဝတီသို့ ပြောသည်။

စင်ကာပူသည် မြန်မာနိုင်ငံကို နိုင်ငံတကာနှင့်ထိတွေ့ခွင့် ရစေရန် ဆွဲသွင်းပေးသည့် နိုင်ငံဖြစ်သကဲ့သို့ အာဆီယံသို့ ၀င်ရောက်ရေးထောက်ခံပေးသောနိုင်ငံတခုဖြစ်ကြောင်းလည်း ၎င်းကပြောသည်။

မြန်မာ့အရေးလေ့လာသူတဦးဖြစ်သူ လယ်ရီဂျေဂင်က “၀န်ကြီးချုပ်ဟောင်းတဦးအနေနဲ့ မစ္စတာဂိုဂျုတ်တောင် မြန်မာပြည်လာတာဟာ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စရယ်၊ မြန်မာ့နိုင်ငံရေး နဲ့ပတ်သက်ပြီး အာဆီယံရဲ့ သဘောထားရယ်ကို သံတမန်တဦးအဖြစ် လာပြောရုံပါပဲ။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ လေးစားမှုကို ရထားတဲ့သူ အနေနဲ့ မျက်နှာချင်းဆိုင် ပွင့်ပွင့်လင်းလင်းလာပြောတာပါ ” ဟု ပြောသည်။

မစ္စတာဂိုဂျုတ်တောင်သည် မြန်မာစစ်ခေါင်းဆောင်များနှင့် ယမန်နေ့ မွန်းလွဲ ၁ နာရီက နေပြည်တော်တွင်တွေ့ ဆုံ ဆွေးနွေးခဲ့ကြောင်း အစိုးရသတင်းစာများတွင်ထည့်သွင်း ဖော်ပြထားသည်။

မစ္စတာဂိုဂျုတ်တောင် အနေဖြင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဆီယံ၏သဘောထားထက် သူ၏သဘောထား ကိုသာပြောဆိုနိုင်ဖွယ်ရှိကြောင်း၊ သို့သော် ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် မြန်မာ နိုင်ငံရေး အခြေအနေအပေါ် အာဆီယံခေါင်းဆောင်များ၏ သဘောထားကိုမူ ရှင်းပြသွားမည်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသော အမှုသည် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို ထိခိုက် နစ်နာစေသဖြင့် ထိုအမှုကို ဆက်လက် ခွင့်ပြုရန်မသင့်ကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေ အပါအ၀င် အစိုးရထိပ်တန်း ခေါင်းဆောင်များကို ပြောခဲ့သည်ဟု စင်ကာပူနိုင်ငံထုတ် Straits Times သတင်းစာ တွင် ပါရှိသည်။

“ဒေါ်အောင်ဆန်းစုကြည် အပေါ် စစ်အစိုးရက စွဲဆိုထားသောအမှုသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေး ဖြစ်သော် လည်း နိုင်ငံတကာ၏ အာရုံစူးစိုက်မှုကို လျစ်လျူမရှုသင့်” ဟု မစ္စတာ ဂိုဂျုတ်တောင်က ပြောကြောင်း အဆိုပါ သတင်းစာတွင် ထည့်သွင်းရေးသားထားသည်။

ထို့အပြင် မစ္စတာဂိုဂျုတ်တောင်က ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲသည် တရားမျှတမှုရှိရန် လိုအပ်ပြီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကိုလည်း ပါဝင်ခွင့်ပြုရန် တိုက်တွန်းပြောကြားခဲ့ရာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေနှင့် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် တို့ကသဘောတူလက်ခံခဲ့ကြောင်း ယင်းသတင်းစာတွင် ဖော်ပြပါရှိသည်။

ယခုအခါ အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် မြန်မာ့နိုင်ငံရေး အခြေအနေကို သံတမန်နည်းလမ်းဖြင့် ချဉ်းကပ် ဖြေရှင်းနိုင်ရေး အထူးကြိုးပမ်းလျက်ရှိသည်။

ယနေ့တွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးကဆစ်ဖိရုန်းသည် တရုတ်ျနိုင်ငံသို့သွားရောက်ကာ မြန်မာ ပြည်၏ လက်ရှိနိုင်ငံရေး အခြေအနေကို ဆွေးနွေးမည် ဖြစ်ပြီး ထိုင်းဝန်ကြီးချုပ် အဖိ ဆစ်ဝေ့ချာချီဝသည်လည်း ယခုလအတွင်းတွင် ထပ်မံသွားရောက်မည် ဖြစ်သည်။

မြန်မာနိုင်ငံကို စောင့်ကြည့် လေ့လာ နေသော စင်ပြိုင်အာဆီယံအဖွဲ့မှ ဒက်ဘီ စတူးဟတ်က “အာဆီယံရဲ့ သံတမန်ရေးဆောင်ရွက်ချက်တွေဟာ ကောင်းပါတယ် ဒါပေမယ့် အောင်မြင်မှုမရဘူး ဆိုရင်တော့ နောက်အစီစဉ် တခုကို တွေးထားသင့်တယ်။ ပြင်းထန်တဲ့ အရေးယူဆောင်ရွက်မှု ထပ်လုပ်ဖို့လိုပါတယ်။ စစ်အစိုးရက အာဆီယံကို ပြင်းပြင်းထန်ထန် အရေးယူ ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ထင်ထားတဲ့အတွက် လေးစားမှုမရှိဘူး” ဟု ပြောသည်။

မစ္စတာဂိုဂျုတ်တောင်၏ ခရီးစဉ်သည် မြန်မာ့နိုင်ငံရေး အခြေအနေ တိုးတက်ရန်အတွက် အာဆီယံ၏ နောက်ဆုံး ကြိုးပမ်း အားထုတ်မှုတခုဖြစ်ကြောင်း ၎င်းကဆက်လက်ပြောဆိုသည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများသည် အစဉ်အလာအားဖြင့် အဖွဲ့ဝင်နိုင်ငံများ၏ ပြည်တွင်းရေးကို ၀င်ရောက်စွက်ဖက် လေ့မရှိပေ။

လွန်ခဲ့သောရက်ပိုင်းကလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်နှင့် အင်ဒိုနီးရှားနိုင်ငံခြား ရေးဝန်ကြီး နိုရာ ဟာဆန်ဝီရာယုဒတို့က ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုလိုက် သည်။

Geen opmerkingen: