မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 10 oktober 2011

စာပေစိစစ်ရေးမရှိလျှင်ပိုကောင်းမည်

ခင်ဦးသာ Monday, 10 October 2011 16:58
.မြန်မာနိုင်ငံ၏မီဒီယာအခန်းကဏ္ဍ၌စာပေစိစစ်ရေးဌာနမရှိသင့်တော့ကြောင်းစာပေစိစစ်ရေးဌာန၏ အဆင့်မြင့်အရာရှိတဦးကမကြာမီရက်ပိုင်းအတွင်းပြောဆိုခဲ့ခြင်းကိုပြည်တွင်းစာနယ်ဇင်းအသိုင်းအ၀ိုင်းက ထောက်ခံကြိုဆိုလိုက်ကြသည်။
ရန်ကုန်မြို့တွင်ယမန်နှစ်ရွေးကောက်ပွဲကာလအတွင်းကတွေ့ရသောဂျာနယ်အရောင်းဆိုင်တခု(ဓာတ်ပုံ - AP)
မြန်မာနိုင်ငံသည်ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးနေပြီဖြစ်၍စာပေစိစစ်ရေးဌာကိုထားရှိရန်မသင့်တော့ဟု စာပေစိစစ်နှင့်မှတ်ပုံတင်ဌာနဒုညွန်ကြားရေးမှူးချုပ်ဦးတင့်ဆွေကပြည်ပအခြေစိုက်လွတ်လပ်သော အာရှအသံ(RFA)အသံလွှင့်ဌာနသို့ပြီးခဲ့သည့်စနေနေ့ကထိုသို့ပြောဆိုခဲ့ခြင်းအပေါ်စာပေအသိုင်းအ၀ိုင်းက ကြိုဆိုကြုခင်းဖြစ်သည်။
ဦးတင့်ဆွေ၏ပြောစကားသည်စာပေလောကသားများအတွက်ဝမ်းမြောက်၊၀မ်းသာ ကြိုဆိုရမည်ဖြစ်ကြောင်း၊စိစစ်ရေးဌာနအားဖျက်သိမ်းမည်ဆိုပါကစာပေ၊စာနယ်ဇင်းအသိုင်းအ၀ိုင်းအနေဖြင့်လည်း တာဝန်ယူမှု၊တာဝန်ခံမှုများရှိလာမည်ဖြစ်သည့်အတွက်ကြိုတင်ပြင်ဆင်ထားရန် လိုအပ်ကြောင်း ပြည်သူ့ခေတ်ဂျာနယ်၏အတိုင်ပင်ခံအယ်ဒီတာနှင့်စာရေးဆရာမောင်ဝံသ က ဧရာဝတီကို ပြောသည်။
စိစစ်ရေးမရှိလျှင်ရေးသားခွင့်ပိုမိုလွတ်လပ်မှုရှိမည်ဖြစ်ပြီး၊ရေးသားထုတ်ဝေပြီးသည့်စာစောင်များကိုသာ အာဏာပိုင်များကစိစစ်ရတော့မည်ဖြစ်ကြောင်း၊စိစစ်ရာတွင်လည်းနိုင်ငံတော်၏မူဝါဒနှင့်ကိုက်ညီမှုရှိမရှိ၊ ဘာသာရေး၊ယဉ်ကျေးမှု၊ဥပေဒနှင့်အညီရေးသားမှုရှိမရှိတို့ကိုသာစိစစ်၍ဥပဒေချိုးဖောက်ပါကအရေးယူမှု၊ တရားစွဲဆိုမှုတို့ကို လုပ်ဆောင်နိုင်မည်ဟု ၎င်းကရှင်း ပြသည်။
“စနစ်တခုကတခုကိုပြောင်းမယ်ဆိုရင်အနည်းနဲ့အများဆိုသလိုပြဿနာတွေရှိလာမှာပါ၊ဒါတွေကိုစိုးရိမ် ကြောင့်ကြနေစရာမလိုဘဲအကောင်းဆုံးဖြစ်အောင်ရင်ဆိုင်စရာတွေကိုပြင်ဆင်ထားဖို့ပဲလိုတယ်”ဟု စာရေးဆရာမောင်ဝံသကဆိုသည်။
စာပေစိစစ်ရေးဌာနမရှိလျှင်ပိုမိုလွတ်လပ်စွာရေးသားလာနိုင်မည်ဖြစ်ပြီးနေ့စဉ်ထုတ်ပုဂ္ဂလိက သတင်းစာများပါထုတ်ဝေခွင့်ရလာမည်ဆိုလျှင်လည်းပြည်သူများကိုမြန်ဆန်သွက်လက်စွာ သတင်းပေးနိုင်မည်ဖြစ်၍ ပြည်သူများအတွက် များစွာအကျိုးရှိလာမည်ဟု ၎င်းက ဆက်ပြောသည်။
“သတင်းမှန်တွေကို ပြည်သူတွေက နေ့စဉ်ဖတ်ခွင့် သိခွင့်ရမယ်ဆိုရင် ဝေဖန်ပိုင်းခြားမှုတွေ ပိုမိုလာမယ်”ဟု ဆရာ မောင်ဝံသ က ဆိုသည်။
OpenNewsဂျာနယ်နှင့်မြန်မာ့ဓနမဂ္ဂဇင်းအယ်ဒီတာချုပ်ဦးသီဟစောကလည်းစာပေစိစစ်ရေးဖြုတ်သိမ်း မည့် ကိစ္စကို ကြိုဆိုကြောင်းပြောသည်။
“စိစစ်ရေးမရှိတာကကောင်းတယ်လို့မြင်တယ်၊အရင်ထက်စာရင်ပိုလွတ်လပ်သွားတာပေါ့၊ကိုယ့်တာဝန်တော့ ကိုယ်ယူရမှာပါ၊အစိုးရကမီဒီယာဥပဒေတခုရေးဆွဲနေတယ်လို့ပြောတယ်၊ဘာတွေပါလဲဆိုတာတော့ မသိရသေးဘူး”ဟုဦးသီဟစော က ဧရာဝတီကို ပြောသည်။
ဒီမိုကရေစီနိုင်ငံများနှင့်ဒီမိုကရေစီစနစ်ကျင့်သုံးနေသောကမ္ဘာ့မည်သည့်နိုင်ငံတွင်မှ စာပေစိစစ်ရေးဌာနမရှိကြောင်း၊မြန်မာနိုင်ငံသည်လည်းဒီမိုကရေစီစနစ်ကျင့်သုံးနေသည်ဆို၍ စာပေစိစစ်ရေးဌာနလုံးဝမရှိသင့်တော့ကြောင်း၊စတုထ္တမဏ္ဍိုင်ဖွံ့ဖြိုးတိုးတက်မှုရှိမှသာကျန်သည့်မဏ္ဍိုင် သုံးရပ်အားပြည့်ပြည့်၀၀အထောက်အကူပြုနိုင်မည်ဖြစ်ပြီးဒီမိုကရေစီစနစ်ပီပြင်လာမည် ဟု ရန်ကုန်မီဒီယာဂရု(ပ်)၏ အမှုဆောင်အရာရှိချုပ် ကိုကို(စက်မှုတက္ကသိုလ်) က ပြောသည်။
အလားတူပုဂ္ဂလိကမီဒီယာများအနေဖြင့်ဂျာနယ်လစ်ဇင်ကိုအခြေခံသောမီဒီယာကျင့်ဝတ်အတိုင်းလိုက်နာ၍ ဥပဒေနှင့်အညီရေးသားကြမည်ဆိုပါကမည်သည့်အရာကိုမှစိတ်ပူပန်စရာမလိုတော့ကြောင်းလည်းဦးကိုကို က ဆိုသည်။
“မီဒီယာတွေကတခုခုဖောက်ဖျက်မိရင်ဥပဒေအရရင်ဆိုင်ရမှာပဲလေ။နောက်တခုကအာဏာပိုင်တွေကစိစစ် ဖြတ်တောက်ပြီးမှထုတ်တာကလွတ်လပ်စွာရေးသားခွင့်ကိုကန့်သတ်တဲ့သဘောပဲ၊ စိစစ်ရေးမထားတော့ဘူးလို့ အခုလို ပြောတာကိုလည်း ပဲ ကြိုဆိုပါတယ်”ဟု ၎င်းက ဆက်ပြောသည်။
စိစစ်ရေးဌာန ဖျက်သိမ်းပြီးနောက် ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများထုတ်ဝေခွင့်ပြုမည်ဟု သိရကြောင်း၊ ပုဂ္ဂလိက နေ့စဉ် ထုတ် သတင်းစာများရှိမှသာ မီဒီယာအခန်းကဏ္ဍ ပီပြင်လာမည်ဖြစ်၍ နေ့စဉ်ထုတ် သတင်းစာများ မရှိမဖြစ်လိုအပ်နေသည်ဟု ဦးကိုကို က ဆိုသည်။
“နိုင်ငံပိုင်သတင်းစာတွေရှိလို့ပုဂ္ဂလိကနေ့စဉ်ထုတ်သတင်းစာမလိုအပ်ဘူးဆိုတာကဘယ်လိုမှမဖြစ်နိုင် တဲ့အရာပါ၊ဘာကြောင့်လဲဆိုတော့ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်နိုင်ငံပိုင်သတင်းစာဆိုတာဟာလွတ်လပ်တဲ့ မီဒီယာ မဟုတ်လို့ပါပဲ”ဟုလည်း၎င်းက ပြောသည်။
ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းကနိုင်ငံပိုင်နေ့စဉ်ထုတ်သတင်းစာများရှိ၍ပုဂ္ဂလိကနေ့စဉ်ထုတ် သတင်းစာများ ထုတ်ဝေခွင့်ပြုရန်အစီအစဉ်မရှိသေးကြောင်း၊မီဒီယာလွတ်လပ်ခွင့်နှင့်တာဝန်ယူမှုတို့ကို ထိန်းကျောင်းပေးနိုင်မည့်ဥပဒေသစ်တရပ်ပြဌာန်းနိုင်ရန်ပြင်ဆင်နေကြောင်းအောက်တိုဘာလ၆ရက်နေ့က ကျင်းပခဲ့သော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြောဆို ခဲ့သေးသည်။
“လွတ်လပ်မှုနှင့်တာဝန်ယူမှု၊လွတ်လပ်မှုနှင့်ဆင်ခြင်တုံတရားတို့ကိုယှဉ်တွဲကျင့်သုံးသည့်မီဒီယာဖြစ်လာစေ ရန်ထိန်းကျောင်းပေးနိုင်မည့်မီဒီယာဥပဒေတစ်ရပ်ပြဌာန်းနိုင်ရေးလေ့လာဆောင်ရွက်နေသည်”ဟု ဦးကျော်ဆန်း က ဆိုသည်။
ရန်ကုန်မြို့၊ဗဟန်းမဲဆန္ဒနယ်မှဒေါက်တာမောင်မောင်ဝင့်၏“နိုင်ငံပိုင်မီဒီယာများကို ပြည်သူများပိုမိုအားထားလာရန်မည်သို့ပြုပြင်ပြောင်းလဲဆောင်ရွက်မည်နှင့်ပြည်တွင်း မီဒီယာလောကကို ပြည်သူ့အကျိုးပြုစတုတ္ထမဏ္ဍိုင်အဖြစ်မားမားမတ်မတ်ဖြစ်ထွန်းလာရန်မည်သို့ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်တို့ကိုသိလိုကြောင်း”မေးမြန်းချက်ကိုဖြေဆိုရာ၌ဦးကျော်ဆန်းက ထိုသို့ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“မီဒီယာကိုကာကွယ်လိုတဲ့အတွက်ဥပဒေပြဌာန်းမှာလား၊ထိန်းချုပ်လိုတဲ့အတွက်လား ဆိုတာ ပြဌာန်းတော့မှ သိရမှာပါ၊ကာကွယ်ပေးတာများရင်တော့မီဒီယာလောကဖွံ့ဖြိုးလာမှာအသေအချာပါပဲ”ဟုဦးကိုကိုက ဆိုသည်။

Geen opmerkingen: