မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 2 september 2009

တရုတ်-မြန်မာ နယ်စပ်တလျှောက် စစ်ရေးလှုပ်ရှားမှုများ ထပ်မံတိုးမြှင့်နေ


တရုတ်နိုင်ငံ ယူနန်ပြည်နယ် ဇန်ကျန်း ဒေသဘက်မှ မြန်မာနိုင်ငံဘက်သို့ ယမန်နေ့က ပြန်လည်ဝင် ရောက်လာသော ကိုးကန့် ဒုက္ခသည်များ (ဓာတ်ပုံ - Getty Images)

Wednesday, 02 September 2009 19:52 ဧရာဝတီ
တရုတ်-မြန်မာ နယ်စပ်တလျှောက်ရှိ ကိုးကန့်ဒေသတွင် တိုက်ပွဲများ ပြီးဆုံးသွားသော်လည်း စစ်ရေးပြင်ဆင်မှုများ ထပ်မံတိုးမြှင့်လျက် ရှိကြောင်း စစ်တပ်နှင့် နီးစပ်သော အသိုင်းအ၀န်းက ပြောသည်။

တပ်ဖွဲ့ အင်အားများ ထပ်မံတိုးမြှင့်နေခြင်းမှာ မြန်မာနိုင်ငံ လူမျိုးစု ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု (ကိုးကန့်) ခေါ် (MNDAA) တပ်ဖွဲ့ကို အပြီးသတ် ချေမှုန်းနိုင်ရေးအတွက် အမှတ်(၂) စစ်ဖက်ရေးရာ လုံခြုံရေး အကြီးအကဲ ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ စီစဉ် ညွန်ကြားမှု ဖြစ်ကြောင်း ၎င်း အသိုင်းအ၀န်းက ဆိုသည်။

ယင်းဒေသတွင် ယခင်က တပ်ရင်း ၁၀ ရင်းသာ တပ်စွဲ ထားသော်လည်း ယခုအခါ လောက်ကိုင်မြို့ တောင်ဘက်နှင့် မြောက်ဘက်တွင် ရှမ်းပြည် မြောက်ပိုင်း သိန္ဒီ အခြေစိုက် အမှတ်(၁၆) စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် လက်အောက်ခံ တပ်ရင်း ၁၀ ရင်းကို လည်းကောင်း၊ စစ်ကိုင်းတိုင်းရှိ ခြေလျင် တပ်မ (၃၃) မှ တပ်ရင်း ၁၀ ရင်းကို လည်းကောင်း ထပ်မံ ဖြန့်ကျက်ထားသဖြင့် စုစုပေါင်း တပ်ရင်း ၃၀ ရှိသွားပြီ ဖြစ်သည်။

တရုတ်-မြန်မာ နယ်စပ်မှ စစ်ရေးနိုင်ငံရေး အကဲခတ် ဦးအောင်ကျော်ဇောက “ ဒီဒေသက စတုရန်း ကီလိုမီတာ ၁၀၀၀၀၀ ကျော်လောက်ပဲ ကျယ်တာပါ၊ ခုခံတိုက်ခိုက်ဖို့ တပ်ရင်း ၃၀ ကတော့ များလွန်းပါတယ်၊ ဒီနေရာမှာ ရေရှည် တပ်စွဲထားမယ့် သဘောရှိတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ထို့အပြင် မိတ္ထီလာ အခြေစိုက် ခြေလျင် တပ်မ ၉၉ ကိုလည်း တပ်လှန့်ထားကြောင်း၊ ရှမ်းပြည်နယ် တရုတ်-မြန်မာ နယ်စပ် တလျှောက်ရှိ စစ်တပ်များကိုလည်း အသင့် အနေအထား ပြင်ဆင် ထားရန် အမိန့်ပေးထားကြောင်း စစ်တပ်နှင့် နီးစပ်သော အသိုင်း အ၀န်းက ဆိုသည်။

ကိုးကန့်ဒေသတွင် တာဝန်ကျ တပ်ဖွဲ့များကိုလည်း ကိုးကန့်၏ အဓိက ခေါင်းဆောင် ၄ ဦးကို ပစ်မှတ်ထား ဖမ်းဆီးရန် ဒု ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က အမိန့်ပေး ထားကြောင်း သိရသည်။

အဆိုပါ ပုဂ္ဂိုလ်များမှာ ဦးဖုန်ကြားရှင်၊ ဦးဖုန်ကြားဖူး၊ ဦးဖုန်တာရွှင်နှင့် ဦးဖုန်တာလီတို့ ဖြစ်ပြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ က စစ်ဆေးဖော်ထုတ် သိမ်းပိုက်ခဲ့သည့် တရားမ၀င် လက်နက် ခဲယမ်း ထုတ်လုပ် ရောင်းချသော စက်ရုံနှင့် ပတ် သက်၍ တာဝန်ရှိသူများ ဖြစ်သည်ဟု အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သော ကိစ္စရပ်များသည် ယင်းပုဂ္ဂိုလ် ၄ ဦးနှင့်သာသက်ဆိုင်ပြီး ကိုးကန့် လက်နက် ကိုင် တပ်ဖွဲ့ဝင်များအား ဥပဒေဘောင် အတွင်း ပြန်လည် ၀င်ရောက်နေထိုင်ခွင့် ပြုကြောင်း စစ်အစိုးရ က ကြေညာချက် တစောင်ကို သြဂုတ်လ ၃၁ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

သြဂုတ်လ ၃၁ ရက်နေ့တွင်ပင် ယင်းကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများနှင့်ပတ်သက်၍ မိုင်းလား အထူးဒေသ ( ၄ ) သို့ စစ်အစိုးရ၏ တြိဂံဒေသတိုင်း စစ်ဌာနချုပ်မှ စစ်ဦးစီး(ပ) ဒုတိယဗိုလ်မှုးကြီး သန်းထွဋ္ဋ်သိန်း၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ မှ ဗိုလ်မှုး ရန်နောင်စိုးတို့ သွားရောက် ရှင်းလင်းပြောခဲ့သည် ဟုသိရသည်။

အလားတူ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဌာနချုပ်ရှိရာ လိုင်ဇာမြို့သို့ ကိုးကန့်အရေးနှင့် ပတ်သက်၍ ရှင်းလင်းရန် သြဂုတ်လ ၂၉ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဗိုလ်မှုးကြီးသက်ပုံ ရောက်ရှိလာကြောင်း သိရသည်။

ထိုသြဂုတ်လ ၂၉ရက်နေ့တွင် ကိုးကန့်တပ်ဖွဲ့ဝင် အင်အား ရာနှင့်ချီ၍ တရုတ်နိုင်ငံယူနန်ပြည်နယ် အတွင်းသို့ ၀င်ရောက်ပြီး တရုတ်အစိုးရထံတွင် လက်နက်အပ်ခဲ့သည်။

သြဂုတ်လ ၂၈ရက်နေ့ကလည်း ကျေးသီး မန်စံ အခြေစိုက် ရှမ်းပြည်မြောက်ပိုင်း (SSA-N ) တပ်မဟာ ၁ ဒု တပ်မဟာမှုး ဗိုလ်မှုးကြီး ခူးတိုင်း ကို မိုင်းနောင်၊ လဲချား အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂ )မှ ဗိုလ်မှူးကြီး ကျော်ဇံမြင့် က ခေါ်ယူတွေဆုံခဲ့ပြီး ကိုးကန့် ကိစ္စနှင့် ပတ်သက်၍ ရှင်းပြခဲ့သည် ဟု သျှမ်းသံတော်ဆင့် သတင်းစဉ်မှ အယ်ဒီတာ ဦးစိန်ကြည်ကပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၃ ရက်နေ့တွင် အာဏာပိုင်တို့က ကိုးကန့် ခေါင်းဆောင် ဦးဖုန်ကြားရှင်၏ အိမ်ကို ၀င်ရောက်စီးနင်းခဲ့သည်။

ထို့နောက် ကိုးကန့် အပစ်ရပ်အဖွဲ့ အတွင်း စစ်အစိုးရ အကူအညီဖြင့် အာဏာသိမ်းခြင်း ဖြစ်ပွားခဲ့ပြီးနောက် ခေါင်းဆောင်မှု ကော်မတီ အသစ် ဖွဲ့စည်းလိုက်ပြီး ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်က ၎င်း၏ တပ်ဖွဲ့များနှင့် အတူ ၀ နယ်ဘက် သို့ ရှောင်တိမ်းသွားခဲ့ရာမှ စစ်အစိုးရတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၈ ရက်နေ့တွင် ဦးဖုန်ကြားရှင် နှင့် အဖွဲ့၏ တရားမ၀င် လက်နက်စက်ရုံကို တဖက်နိုင်ငံ၏ သတင်းပေး ချက်အရ စစ်အစိုးရ ရဲတပ်ဖွဲ့က စစ်ဆေး ဖော်ထုတ်ခဲ့ကြောင်း၊ ၎င်းတို့အဖွဲ့ကို ကိုယ်တိုင်လာရောက် ဖြေရှင်းရန် ဆင့်ခေါ်ရာမှ တိုက်ပွဲများ စတင်ခဲ့ခြင်း ဖြစ်ကြောင်း စစ်အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ဦးဖုန်ကြားရှင် ဦးဆောင်သော ကိုးကန့် အဖွဲ့သည် ၁၉၈၉ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သည်။

အဆိုပါ ကိုးကန့်ဒေသ စစ်ရေးတိုက်ခိုက်မှုများနှင့် ပတ်သက်၍ တရုတ်မြန်မာနယ်စပ် တည်ငြိမ်ရေးကို ထိန်းသိမ်း ဆောင်ရွက်ရန် မြန်မာစစ်အစိုးရအား တရုတ်နိုင်ငံခြားရေး ၀န်ကြီး ဌာနက တိုက်တွန်းပြောကြားထားသည်။

ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုများကြောင့် တရုတ်နိုင်ငံဘက်သို့ စစ်အစိုးရတပ်မှ ပစ်ခတ်သော လက်နက်ကြီး ကျည်များ ကျရောက်ပေါက်ကွဲ၍ တရုတ်လူမျိုးတဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာ ရရှိသည်ဟုလည်း သိရသည်။

ကိုးကန့်ဒေသ မှ တရုတ်နိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးသွားသော ဒုက္ခသည်ပေါင်း ၃၇၀၀၀ အတွက် တရုတ် အစိုးရက လူသားချင်းစာနာမှု အရ တရုတ်ယွမ်ငွေ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁.၄ သန်းခန့်) သုံးစွဲခဲ့သည် ဟု သြဂုတ်လ ၃၁ ရက်နေ့ ကဆင်ဟွာ သတင်းဌာနတွင် ဖော်ပြထားသည်။

ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) မှ ထုတ်ပြန်သော တရားဝင် စာရင်းအရ တိမ်းရှောင် သွားသူပေါင်း ၃၀၀၀၀ ခန့် ရှိ သည်ဟု သိရသည်။ ယင်းသို့ တရုတ်နိုင်ငံဘက်သို့ ခိုလှုံသွားသူများထဲမှ ၅၈၁၁ ဦး လောက်ကိုင် ဒေသသို့ ပြန်လည် ဝင်ရောက်လာကြကြောင်း ယနေ့ထုတ် အစိုးရ မြန်မာ့လင်း သတင်းစာတွင် ဖော်ပြထားသည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက် ရန်ပိုင် နှင့် ကိုထွေး ပူးပေါင်း ရေးသားသည်။

Geen opmerkingen: