မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 2 september 2009

စီးတီးအက်ဖ်အမ်က မီးပျက်မည် ကြေညာ ပြည်သူများ စိတ်ပျက်လက်ပျက်ဖြစ်

အောင်ကျော်မိုး / ၂ စက်တင်ဘာ ၂၀၀၉


စက်တင်ဘာ (၁) ရက်ညပိုင်း၊ ရန်ကုန်မြို့ စီးတီးအက်ဖ်အမ် ရေဒီယိုမှ သတင်းကြေညာရာတွင် ဂက်စ်ပိုက်လိုင်းပေါက်၍ ပြုပြင်ရမည်ဖြစ်သောကြောင့် ပြုပြင်နေစဉ်ကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ပြီး ခွဲတမ်းဖြင့် မီးပြန်ပေးမည် ဖြစ်ကြောင်း ကြေညာခဲ့သည့်အတွက် ရန်ကုန်မြို့ခံများ စိတ်ပျက်နေကြကြောင်း စုံစမ်းသိရသည်။

မြေနီကုန်းတွင် နေထိုင်သူတဦးက “ခါတိုင်းနှစ် မိုးတွင်းဆိုရင် လျှပ်စစ်မီး မှန်မှန်ရတယ်။ ဒီနှစ်ဆို ခုမိုးတွင်းမှာတောင် မီးမှန်မှန် မရဘူး။ ပေးတဲ့မီးက အားနည်းလွန်းတော့ လျှပ်စစ်ပစ္စည်းအများစု သုံးလို့မရဘူး။ နောက် သုံးတဲ့ လျှပ်စစ်ပစ္စည်းတွေလည်း အပျက်များလာတယ်။ ဒါတင်မက မိုးတွင်းရောက်နေတာတောင် ရေက ခက်နေတယ်။ အချိန်တိုင်း စုပ်လို့မရဘူး။ ညဘက်မှပဲ ရေတင်လို့ရတယ်။ ရန်ကုန်မြို့ကြီး တနေ့ထက်တနေ့ ဆုတ်ယုတ်လာနေတယ်” ဟု ပြောသည်။

အဆိုပါ စီးတီးအက်ဖ်အမ်က သတင်းကြေညာပေးနေချိန်၌ ရန်ကုန်တမြို့လုံး မီးပြတ်သွားချိန်ဖြစ်ပြီး နောက်တရက် စက်တင်ဘာ (၂) ရက်၊ ယနေ့ နံနက်ပိုင်းတွင်လည်း မြို့နယ်အတော်များများ၌ အချိန်ပိုင်း မီးပျက်ကြောင်း စုံစမ်းသိရသည်။

ပြီးခဲ့သည့် ၂ဝဝ၈ ခု နိုဝင်ဘာမှစတင်ကာ ရန်ကုန်တမြို့လုံးတွင် လျှပ်စစ်မီးကို ခွဲတမ်းဖြင့်သာ ရရှိခဲ့ကြကာ တနေ့ (၁၄) နာရီခန့် မီးပျက်ရာမှ နောက်ပိုင်းတွင် ပြီးခဲ့သည့်ဇူလိုင်လကုန်အထိ တနေ့ မီး (၁ဝ) နာရီခန့် ပျက်ကြောင်း၊ မင်္ဂလာတောင်ညွန့်၊ တာမွေ အပါအဝင် ဆင်ခြေဖုံး မြို့နယ်တို့၌ လျှပ်စစ်မီးရရှိမှု ပိုမိုနည်းပါးကြောင်း မြို့ခံများက ပြောသည်။

“အခုနှစ် သြဂုတ်လဆန်းကစပြီး မြို့လယ်ဧရိယာအများစုမှာ (၂၄) နာရီနီးပါး လျှပ်စစ်မီးပြန်ရကြတယ်။ ဒါပေမယ့် မီးအားက သိပ်နည်းနေတော့ အများစုက မီးအားမြှင့်စက်တွေ ၀ယ်သုံးနေရတယ်။ မသုံးလို့ကို မဖြစ်ဘူး” ဟု ရန်ကုန်မြို့ ပန်းဆိုးတန်းလမ်း တွင် နေထိုင်သူတဦးက ပြောသည်။

ရန်ကုန်ဧရိယာ အများစုတွင် ပုံမှန်အားဖြင့် မီးအား (၂၂ဝ) ဗို့မှ (၂၄ဝ) ဗို့အကြား ရှိရမည့်အစား ဗို့အား (၁၅ဝ) အောက်သာရှိပြီး အချို့နေရာများတွင် ဗို့အား (၁ဝဝ) ကျော်ရုံသာရှိသောကြောင့် နေအိမ်အများစုက မီးအားမြှင့်စက်များ ဝယ်ယူအသုံးပြုလာကြ ကြောင်း၊ ယခုနှစ် မီးအားမြှင့်စက် ရောင်းအားမှာ ယခင်နှစ်ကထက် (၃) ဆခန့်တက်လာကြောင်း မောင်ထော်လေးလမ်း လျှပ်စစ်ပစ္စည်းအရောင်းဆိုင်မှ အရောင်းစာရေးတဦးက ပြောသည်။

ထိုသို့ လျှပ်စစ်မီး ဗို့အားအပြည့်အ၀မရသဖြင့် ရေတွန်းစက်များ အချိန်ပြည့် အလုပ်မလုပ်နိုင်ဘဲ လှော်ကားရှိ ရေတွန်းစက် (၂) လုံးအနက် (၁) လုံးသာ လည်နိုင်ပြီး ငမိုးရိပ် ရေကူး ရေတွန်းစက်မှာလည်း အပြည့်အ၀မလည်ပတ်နိုင်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရေနှင့် သန့်ရှင်းရေးဌာနက သတင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ရန်ကုန်မြို့ရှိ ဧရိယာအများစုမှာ ည (၁ဝ) နာရီမှ နံနက် (၆) နာရီ အချိန်အတွင်းသာ ရေစုပ်ယူ အသုံးပြုနိုင်ကြောင်း၊ အချို့မြို့နယ်များကိုမူ အလှည့်ကျပေးခြင်း၊ အဝီစိတွင်းရေ သုံးရန် စီစဉ်ပေးခြင်း စသဖြင့် ပြုလုပ်ပေးနေရကြောင်းလည်း စည်ပင်က သတင်းထုတ်ပြန်သည်။

နအဖစစ်အစိုးရက ယခုကဲ့သို့ ရေပြဿနာ၊ မီးပြသနာကို ပြေလည်အောင် ဖြေရှင်းပေးနိုင်ခြင်းမရှိဘဲ တနေ့တခြား အခြေအနေ ဆိုးဝါးလာသည့်အပေါ် ပြည်သူအများက စိတ်ပျက်လက်ပျက် ဖြစ်နေကြောင်း သိရသည်။

Geen opmerkingen: