မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 2 september 2009

ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် နယ်မြေအတွင်း နယ်ခြားစောင့်တပ်ရင်းအတွက် မြေနေရာတိုင်း

ခိုင်လင်း / ၂ စက်တင်ဘာ ၂၀၀၉


သြဂုတ် (၂၉) ရက်မှစ၍ ကချင်ပြည်ဒီမိုကရေစီသစ်တပ်မတော် (အန်ဒီအေ-ကေ) ဌာနချုပ်ရှိရာ တရုတ်-မြန်မာနယ်စပ် ပန်ဝါမြို့တွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ စစ်ဘက်အရာရှိများနှင့် မြေစာရင်းဌာနမှ ဦးစီးအရာရှိများ ပါဝင်သည့် အဖွဲ့တဖွဲ့ ရောက်ရှိနေပြီး နယ်ခြားစောင့်တပ်ရင်းများ တည်ဆောက်နိုင်ရေးအတွက် မြေတိုင်းတာမှုများ စတင်လုပ်ဆောင်နေသည်။

ပန်ဝါဌာနချုပ်တွင် နယ်ခြားစောင့်တပ်တခု ထားရှိမည်ဖြစ်သကဲ့သို့ ပန်ဝါမြို့အနီးတွင် တပ်သစ်တည်မည် ဖြစ်သည်ဟု အန်ဒီအေ-ကေ အရာရှိတဦးက ပြောသည်။

၎င်းက “မပခက ဗိုလ်မှူးကြီး၊ စစ်ဦးစီး(ပ)ပေါ့။ သူဦးဆောင်ပြီး မြေနေရာလာကြည့်တာ။ တပ်တွေ ဘယ်မှာ ဆောက်မလဲဆိုတာ ညှိနှိုင်းနေတာပါ။ ဥက္ကဋ္ဌ ဦးဆခုန်တိန့်ယိန်း မြစ်ကြီးနားမှာ တိုင်းမှူးတို့နဲ့ ဆွေးနွေခဲ့ပြီးပြီ။ အဲဒီကပြန်လာတာ လေး-ငါးရက်ပဲ ရှိသေးတယ်” ဟု ပြောသည်။

အပစ်ခတ်ရပ်စဲရေးပြုလုပ်ထားသည့် ငြိမ်းအဖွဲ့များကို နယ်ခြားစောင့်တပ်အသွင်ပြောင်း ဖွဲ့စည်းရန် နအဖက ဧပြီ (၂၈) ရက်တွင် ကမ်းလှမ်းပြောဆိုခဲ့ပြီး တရုတ်-မြန်မာနယ်စပ်တလျှောက်ရှိ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလားအဖွဲ့၊ အထူးဒေသ (၂) ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်၊ အထူးဒေသ(၁) ကိုးကန့်တပ်ဖွဲ့၊ ကချင်အထူးဒေသ (၂) ကချင်ပြည်လွတ်လပ်ရေးအဖွဲ့နှင့် ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) အဖွဲ့တို့က လက်မခံကြဘဲရှိနေချိန်တွင် အန်ဒီအေ-ကေ အဖွဲ့က လက်ခံသဘောတူထားသည်။

နယ်ခြားစောင့်တပ်ရင်းတခုတွင် အင်အား (၃ဝဝ) ကျော် ရှိမည်ဖြစ်ပြီး နအဖစစ်တပ်မှ အရာရှိနှင့် အခြားအဆင့် (၃ဝ) ကျော် ပါဝင်ဖွဲ့စည်းမည်ဖြစ်ကာ အုပ်ချုပ်ရေးနှင့် ရုံးတာဝန်များကို စစ်တပ်က တာဝန်ယူမည်ဖြစ်သည်။

နယ်ခြားစောင့်တပ်ဖွဲ့တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်းမရှိသည့် အန်ဒီအေ-ကေမှ အောက်ခြေအဆင့် တပ်ဖွဲ့ဝင်အချို့ နုတ်ထွက်မှုများရှိနေသည်ဟု အဆိုပါ အန်ဒီအေ-ကေ အရာရှိတဦးက ပြောသည်။

၎င်းက “တပ်ထဲမှာ ဆက်ပြီးတာဝန်ထမ်းမဆောင်ချင်လည်း ရတယ်လေ။ ဒါကြောင့် နုတ်ထွက်ခွင့်တောင်းပြီး ထွက်နေတာပါ။ အတင်းအကျပ် လုပ်ခိုင်းလို့မရပါဘူး။ တချို့က သင်တန်းပြန်တက်ရမယ်ဆိုတော့ ကြောက်တာလည်း ပါတာပေါ့။ သင်တန်းက မြစ်ကြီးနား၊ ပြင်ထောင်ကျေးရွာမှာပါ။ အဲဒီမှာ စစ်သင်တန်းကျောင်းရှိတယ်။ အဲဒီမှာ တက်ရမှာပါ” ဟု ပြောသည်။

Geen opmerkingen: