ရဲဘော်ဖိုးသံချောင်း
၁ စက်တင်ဘာ ၂၀၀၉
ဗမာပြည်မှာ နိုင်ငံရေးလေရူးတွေ စတိုက်လာနေပါပြီ။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအကြို ဖျာခင်းကြ၊ တောခြောက်ကြ၊ မီးရှူး မီးပန်းတွေလွှတ်ကြ၊ တချို့လူတွေ အကြီးအကျယ် အလုပ်တွေရှုပ်နေကြပါတယ်။ နအဖရဲ့ မေတ္တာစေတနာကို ဘုန်းတော်ဘွဲ့တွေ ရေးကြ၊ လျှာကုဋေနဲ့ချီးကျူးကြ။ သူတို့ပြောတာ လက်မခံချင်သူတွေကို ပြင်းပြင်းထန်ထန်ထိုးနှက်ကြ၊ သူတို့ အချင်းချင်းထဲမှာ တော့ လက်ပံပင်ဆက်ရက်ကျသလို သောသောကိုညံလို့ပါ။ ဒါပေမယ့် ဒီအချိန်မှာ ပြည်သူလူထုကတော့ သူတို့နဲ့ သူတို့ရဲ့ လုပ်ရပ်တွေကို မျက်စောင်းတောင်မှ ထိုးမကြည့်ပါဘူး။ အိပ်ရေးပျက်မခံကြပါဘူး။
၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတဲ့အဆိပ်ကို သကာလူးပြီးပေးလာတာမှာ နအဖစစ်အစိုးရက ပေးသမျှသကာကို ယူထားရမယ်လို့ ဆိုနေကြပါတယ်။ ကျန်တဲ့အဆိပ် (၉၀) ရာခိုင်နှုန်း မျိုရတာကိုတော့ ဘာမှမဖြစ်သလိုတွေ ပြောနေကြတယ်။ အဲဒီလိုရသမျှယူထားလို့ ပြောတဲ့လူတွေထဲမှာ တော်တော်များများဟာ ရသမျှကိုယ့်အတွက် အမြတ်ပဲဆိုတဲ့သဘောနဲ့ ပြောနေကြတာလို့ ယူဆရပါတယ်။ သူတို့ရမှာတွေထဲမှာ နအဖစစ်ဗိုလ်တွေရဲ့ မျက်နှာသာပေးမှု၊ ဆုလာဘ်တွေလည်း ထည့်တွက်မှာကတော့ မလွဲပါဘူး။
တိုက်ဆိုင်ချင်တော့ ဒီအချိန်မှာ နိုင်ငံတကာလေထုထဲမှာလည်း လေကြောင်းပြောင်းအလဲတွေ တွေ့နေရပါတယ်။ ပြည်ပက လေသံပြောင်းလာတာနဲ့ ပြည်ပရောက်တချို့ကလည်း ချက်ချင်းလေသံပြောင်းကုန်ကြတာကို အံ့သြစရာတွေ့ရပါတယ်။ ကိုးကန့်ဒေသမှာ သေနတ်သံတွေ ပြန်မြည်နေချိန်မှာ တချိန်က “တပ်မတော်ကြီး” တခု တည်ထောင်မယ် တကဲကဲပြောနေသူ တွေဟာ “စစ်ဗိုလ်တမတ်သားကိုလည်း လက်ခံမှာပဲ” လို့ ပြောတာကို ကြားရတာဟာ ဗမာပြည်နိုင်ငံရေးရဲ့ ၀မ်းနည်းစရာ ဟာသတခုပဲလို့ ဆိုရပါလိမ့်မယ်။ တကယ်တော့ သူတို့အရင်ကပြောခဲ့တဲ့၊ အခုနဲ့ လုံးဝဆန့်ကျင်ဘက်ဖြစ်တဲ့ စကားတွေဟာ ပဲ့တင်လှိုင်းထဲမှာပဲ ရှိပါသေးတယ်။ တချို့ဝက်ဘ်ဆိုက်တွေရဲ့ မျက်နှာဖုံးစာမျက်နှာပေါ်မှာပဲ ရှိပါသေးတယ်။
ဗမာပြည်ရဲ့စီးပွားရေးကို တရုတ်အုပ်စီးသွားမှာ စိုးရိမ်ရတယ်။ ဗမာပြည်ဟာ တရုတ်သြဇာအောက် ရောက်သွားလိမ့်မယ်။ ဒါကြောင့်မို့ အမေရိကန်က အစောတလျင်ဝင်ရမယ်လို့ ဗြောင်ပြောခဲ့တဲ့ ဂျက်ဝက်ဘ်ဆိုတဲ့အမတ်ဟာ နအဖရဲ့လက်ထဲက သူတို့နိုင်ငံသား ဂျွန်ယက်တောကို ခေါ်ထုတ်သွားပြီး ဗမာပြည်ဒီမိုကရေစီလှုပ်ရှားမှုထဲကိုတော့ သပ်ကြီးတချောင်း စိုက်ထားခဲ့ပါတယ်။ သူ့ကြောင့်မို့ နယူးယောက်က လေဘာတီကျောက်ရုပ်ကြီးရဲ့ မီးရှူးတိုင်ဟာ စည်းကမ်းရှိတဲ့ ဒီမိုကရေစီကို ဖော်ပြနေတာလားလို့ မေးရမလိုတောင်ဖြစ်သွား ပါတယ်။ တကယ်က ၀က်ဘ်လိုလူဟာ နအဖနဲ့စီးပွားရေးလုပ်နိုင်ဖို့အတွက် နအဖကို ဘယ်လို ထုံးသုတ်ရွှေချပေးရမလဲ စဉ်းစားနေတာသာဖြစ်ပါတယ်။ ဘာပဲပြောပြော သူဟာ ဒီနေ့ဗမာပြည်နိုင်ငံရေးရဲ့ အခရာကျတဲ့ ပြဿနာမှာ ဘက်တဘက်ကို ခြေစုံပစ်ဝင်ရပ်လိုက်ပါပြီ။ ဒါဟာ ဗမာပြည်နိုင်ငံရေးထဲကို အတိအလင်း ၀င်ခလောက်ဆန်တာပါပဲ။
ပြောရရင် ဗမာပြည်သူတွေဟာ နိုင်ငံရေးအရဆိုရင် နိုင်ငံကြီးပေါင်းစုံနဲ့ ဆက်ဆံဖူးခဲ့ပါပြီ။ ရှင်ကြီးဝမ်းလည်းဝင်ဖူး၊ ရှင်ငယ်ဝမ်းလည်းဝင်ဖူးလို့ ဆိုနိုင်ပါတယ်။ ရှင်တရှင်တည်းရဲ့ ၀မ်းထဲကိုသာ ၀င်ဖူးသူတွေသာ အဲဒီအရှင်က သဘောထားပြောင်းပြီ ဆိုတဲ့အခါမှာ သူတို့လည်းလိုက်ပြီး ပြောင်းကြတာပါ။ ဒါပေမယ့် ထူးခြားတာက ဒီလိုပြောင်းလိုက်တော့ သူတို့ကိုယ်သူတို့ ကိုယ့်ပြည်သူတွေနဲ့ တဖက်စီရပ်လျက်ဖြစ်နေတာကို တွေ့ရတာပါပဲ။ တပါတည်းမှာ သူတို့တွေ့ရမှာက သူတို့ဟာ ဒေါ်အောင်ဆန်းစုကြည်ကိုရော၊ တခြားနိုင်ငံရေးအကျဉ်းသမားတွေကိုပါ ချောင်ထိုးလိုက်ပြီဆိုတဲ့အဖြစ်ပါပဲ။ နိုင်ငံရေးသမားတွေအဖို့မှာ ဒီတကွေ့မှာ ရပ်တည်ချက်ဟာ သူ့တဘ၀လုံးကို အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာ မမေ့သင့်ပါဘူး။
အခုကြားနေရတဲ့အသံတခုက ရွေးကောက်ပွဲကိုဝင်ပြီး နောက်မှ နအဖကို တဖြည်းဖြည်းပုံပြောင်းယူမယ်ဆိုတာပါ။ အခုလို တရားမ၀င်အာဏာသိမ်းပြီး မင်းလုပ်နေတာကိုတောင် ပြောင်းလဲလို့မရဘဲ ဖွံ့စည်းပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းပြီး “တရားဝင်” မင်းလုပ်နေမယ့် ဗိုလ်ချုပ်တွေကို တဖြည်းဖြည်းချင်းပြောင်းလဲယူမယ်ဆိုတာကကော ဖြစ်နိုင်ပါ့မလား။ ဖြစ်နိုင်တယ်လို့ ပြောသူကို သူ့အရိပ်ကတောင် ရယ်ပါလိမ့်မယ်။ ကိုယ်က သူ့ပြောင်းမှာလား၊ သူက ကိုယ့်ပြောင်းမှာလားဆိုတာ ဖိုးသူတော်ဖြစ်မှ သိပါလိမ့်မယ်။ အမှန်ပြောရရင် ဒီလိုပြောသူဟာ ရေရှည်အနာဂတ်အတွက် တာဝန်မယူရာကျလွန်းတယ်လို့ ထင်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကိစ္စ၊ တိုင်းပြည်ရဲ့ ကံကြမ္မာတခုလုံးနဲ့ဆိုင်နေတဲ့ ကိစ္စတွေမှာ နောင်ခါလာနောင်ခါဈေးလို့ သဘောထားတာဟာ တိုင်းပြည်ကို ရောင်းစားနည်းတမျိုးသာ ဖြစ်ပါတယ်။ ဗမာပြည်ရဲ့ ဒီနေ့အနေအထားမှာဆိုရင် ဒါဟာ စစ်ဗိုလ်တွေ လက်ထဲကို ရောင်းစားတာသာဖြစ်ပါတယ်။
ဒီတလော ပြည်ပက မီဒီယာတွေထဲက ဗမာပြည်နဲ့ပတ်သက်တဲ့ ဆောင်းပါးတွေထဲမှာ “ဗမာပြည်မှာ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးရင် ဘယ်သူကအာဏာကို ချုပ်ကိုင်ထားမလဲ” ဆိုတဲ့အကြောင်းကို အတော်လေးရေကြ၊ ဆွေးနွေးကြတာ တွေ့ရပါတယ်။ အဲဒီဆောင်းပါးတွေထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့်ဆိုတာအပါ တချို့ကိစ္စတွေမှာ အမြင်ကွဲချင်ကွဲမယ်၊ ဒါပေမယ့် ၂၀၁၀ ပြည့်နှစ်ရွေးကောက်ပွဲပြီးရင်လည်း ဗမာပြည်ရဲ့အာဏာကို ဗိုလ်ချုပ်တွေကပဲ ချုပ်ကိုင်ထားမယ်ဆိုတဲ့ အချက်ကိုတော့ ဘယ်သူမှ မငြင်းကြတာကို တွေ့ရပါတယ်။ နောက်ပြီး အဲဒီအခါကျရင် စစ်တပ်ကချုပ်ကိုင်ထားတဲ့အစိုးရကို ပြောင်းယူနိုင်လိမ့်မယ်လို့လည်း ဘယ်သူကမှ ဟောကိန်းမထုတ်တာ သတိထားစရာပါပဲ။
နောက်အံ့သြစရာအချက်တချက်ကတော့ နအဖဗိုလ်ချုပ်တွေက အမျိုးသားရင်ကြားစေ့ရေးစကား တခွန်းမှမပြောဘဲနဲ့လည်း ဗိုလ်သန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို အိမ်ချုပ်တနှစ်ခွဲချလိုက်တာဟာ အမျိုးသားရင်ကြားစေ့ရေးအတွက် အလားအလာ ကောင်းဖြစ်တယ်လို့ ပြောကြတာပါပဲ။ ဒီလို ဒေါ်အောင်ဆန်းစုကြည်အိမ်ချုပ် ထပ်ချခံရတာကို ဂျင်ဝက်ဘ်ကလည်း သူ့ခရီးစဉ် အောင်မြင်တယ်လို့ သုံးသပ်တာလည်း မမေ့နိုင်ပါဘူး။
တချို့သော ရွှေပြည်အေးတရား ဟောသူများကတော့ ကျေအေးသင့်ပြီဆိုတာမျိုး လူလိမ္မာစကား ပြောကြပါတယ်။ ဒီနေရာမှာ ကျေအေးချင်တယ်ဆိုတာ တဖက်တည်းက ကျေအေးလို့ရတာမဟုတ်ဘူးဆိုတာ မမေ့သင့်ပါဘူး။ ၁၉၅၈ ခုနှစ်တုန်းက ဗိုလ်နေ၀င်းနဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့ အာဏာသိမ်းတဲ့အခါမှာ ဦးနုစကားနည်းရန်စဲလုပ်လိုက်တာဟာ တိုင်းပြည်လည်းငါးပါးရော သံဃာစင်ပါမှောက်ရုံမက သူကိုယ်တိုင်လည်း အကြီးအကျယ် ဒုက္ခရောက်ခဲ့ပါတယ်။ ဒါဟာ တဖက်သတ်ကျေအေးလို့ မဖြစ်ဘူးဆိုတာရဲ့ အထင်ရှားဆုံး သာဓကတခုဖြစ်ပါတယ်။
သူတို့ရဲ့အမြင်မှာ အတိုက်အခံတွေ၊ ပြည်သူတွေဘက်က မျှော်လင့်ချက်မရှိတော့ဘူး၊ နအဖကပဲ ထင်သလို လုပ်နိုင်နေတယ်၊ ဒါကြောင့်မို့ အလျှော့သာပေးလိုက်ပါဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ တိုင်းပြည်တပြည်မှာ အာဏာရနေတဲ့လူက ပိုပြီး လုပ်နိုင်ကိုင်နိုင်တာ၊ ဥပဒေဆိုတဲ့စကားလုံးကိုသုံးပြီး ထင်တိုင်းလုပ်တာတွေ လုပ်နိုင်တာအမှန်ပါပဲ။ ဒါပေမယ့် အဲဒီတဖက်တည်း ကိုသာမြင်ပြီး ကျန်တဖက်ရဲ့လုပ်ကိုင်မှုနဲ့ အလားအလာတွေကို ထည့်မတွက်ရင် မှားပါတယ်။ ပဋိပက္ခတခုမှာ ဘက်နှစ်ဖက်ရှိတယ်ဆိုတာ မမေ့သင့်ပါဘူး။ ဘက်တဖက်ကချည့် အမြဲအသာရနေ၊ နိုင်နေတာမဟုတ်ပါဘူး။ အခြားတဖက်က ပြန်လှန်တုံ့ပြန်တာ၊ ဆန့်ကျင်တာမရှိရင် အဲဒီနှစ်ဖက်ရဲ့ တပြိုက်နက်တည်းရှိမှုကို ပဋိပက္ခလို့တောင် ခေါ်တော့မှာမဟုတ်ပါဘူး။ ပဋိပက္ခလို့ဆိုလိုက်တာနဲ့ ဘက်နှစ်ဖက်ထဲမှာ အားသာနေတဲ့ ဘက်ဆိုတာကို အမြဲလိုရှိနေတာ တွေ့ရမှာပါ။ ဒါပေမယ့် အဲဒီဘက်အားသာမှု၊ အထက်စီးရမှုဟာ တသက်လုံးတည်ရှိတာမဟုတ်ဘူးဆိုတာ ဘယ်ပဋိပက္ခမှာမဆို တွေ့နေရတဲ့ နိယာမပါ။ နောက်ဆုံးမှာ အသစ်ကို နေရာပေးရတာချည်းပါပဲ။
အရေးကြီးတာက အဲဒီပဋိပက္ခမှာ ကိုယ်က ဘက်ဘက်က ပါမလဲဆိုတာပါပဲ။
dinsdag 1 september 2009
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten