မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 28 september 2009

တရုတ်လုပ် ဘတ်စ်များ နယ်စပ်လမ်းမှတဆင့် တင်သွင်း

 

ပေါက်ပေါက် / ၂၈ စက်တင်ဘာ ၂၀၀၉

တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန် လမ်းကြောင်းမှတဆင့် မြန်မာပြည်ထဲသို့ တင်သွင်းမည့် တရုတ်နိုင်ငံလုပ် ဘတ်စ်များ ကျယ်ဂေါင်မြို့သို့ ယနေ့ရောက်ရှိလာသည်။
ထိုင်ခုံ (၄၄) လုံးတပ်ဆင်ထားသော ခရီးသည်စီး ဘတ်စ်ကား (၁၁) စီးအား ယနေ့ နံနက်ပိုင်းက မူဆယ်မြို့တဖက်ကမ်း၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့နှင့် ကျယ်ဂေါင်မြို့အကြား စစ်ဆေးရေးဂိတ်တွင် ရပ်နားထားကြောင်း မျက်မြင်ဒေသခံတဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ (၂) ပတ်လောက်က သယ်သွားတဲ့ ဘတ်စ်ကားတွေနဲ့ တပုံစံတည်း၊ တရွယ်တည်းပဲ။ ခရီးသည် (၄၄) ယောက် တင်နိုင်တယ်။ ဒရိုင်ဘာထိုင်ခုံနဲ့ဆို အားလုံး (၄၅) ခုံရှိတယ်။ အတော်လေးရှည်တယ်” ဟု ပြောသည်။
ယခုအကြိမ်သည် တလအတွင်း ဒုတိယအကြိမ်မြောက် တင်သွင်းခြင်းဖြစ်ပြီး ယခုလ (၁၄) ရက်ကလည်း အလားတူ ဘတ်စ် (၁၁) စီးကို မူဆယ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တင်သွင်းခဲ့ရာ စုစုပေါင်း (၂၂) စီး တင်သွင်းခဲ့ပြီးဖြစ်သည်။
ယခုနှစ် လလယ်ပိုင်းကလည်း ဘတ်စ်များအပါအဝင် ဂျပန်နိုင်ငံလုပ် ဇိမ်ခံကားများ တင်သွင်းခဲ့သေးသည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ကားများ တင်သွင်းခွင့်လိုင်စင်ကို မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီကဲ့သို့ နအဖနှင့်နီးစပ်သည့် ကုမ္ပဏီများကသာ ရရှိပြီး နယ်စပ်ကုန်သည်များ လုပ်ခွင့်မရကြောင်း မူဆယ်နယ်စပ် ကုန်သည်တဦးက ပြောသည်။
၎င်းက “အဲဒါတွေက နယ်စပ်ကုန်သွယ်ရေးနဲ့မဆိုင်ဘူး။ နေပြည်တော်ကနေ တိုက်ရိုက်လုပ်တာ။ ကုန်သွယ်ရေးဇုန်ကို ဖြတ်သာ ဖြတ်သွားတာ။ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှာ ဂျူတီဆောင်တာတို့ ဘာမှလုပ်စရာမလိုဘူး။ ဘာအစစ်ဆေးမှလည်း ခံယူစရာမလိုဘူး။ နယ်စပ်ကုန်သည်တွေထဲက အရင်းနှီး ကြီးကြီးမားမားရှိရင်တောင် အဲလိုမျိုး လုပ်ခွင့်မရဘူး။ ကားအပိုပစ္စည်းလောက်ပဲ သွင်းခွင့်ရှိတယ်” ဟု ပြောသည်။
နအဖက ရန်ကုန်မြို့တွင်း လိုင်းပြေးဆွဲနေသည့် ဒိုင်နာကားများကို ဖြုတ်ပြီး ဘတ်စ်များဖြင့် အစားထိုးရန် ရှိပြီုး မြန်မာပြည်အတွင်း သယ်ယူပို့ဆောင်ရေးတွင် ဘတ်စ်များဖြင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် စီမံကိန်းရှိသည့်အတွက် ယခုကဲ့သို့ တရုတ်နိုင်ငံလုပ် ဘတ်စ်များကို မှာယူတင်သွင်းမှု များလာခြင်းဖြစ်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

Geen opmerkingen: