မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 9 september 2009

ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀တပ်ဖွဲ့ခေါင်းဆောင်များ တွေ့ဆုံမည်

ခိုင်လင်း / ၉ စက်တင်ဘာ ၂၀၀၉


စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါင်းဆောင်များ မကြာမီရက်ပိုင်း အတွင်း ၀တပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန်ရှိသည်။

ဒေသအတွင်း စစ်မက်ဖြစ်ပွားပြီး တရုတ်နယ်စပ်တွင် မတည်မငြိမ်ဖြစ်လာမည်ကို စိုးရိမ်သည့် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ပေးမှုဖြင့် နှစ်ဖက်တွေ့ဆုံမည်ဖြစ်သည်ဟု ၀အရာရှိတဦးက ပြောသည်။

၎င်းက “ဗိုလ်ချုပ်ရဲမြင့် အခုရက်ပိုင်းလာမယ်ဆိုပြီး သိထားတယ်လေ။ ရက်အတိအကျတော့ မသိဘူး။ ကျနော်တို့ ခေါင်းဆောင်တွေနဲ့ ဒီပန်ဆန်းမှာ ဆွေးနွေးကြမှာ။ တရုတ်အာဏာပိုင်တွေက ကြားကစေ့စပ်ပေးတယ်လို့ ကြားရတယ်။ စစ်ပွဲဖြစ်ရင်၊ ဒေသမတည်မငြိမ်ဖြစ်ရင် တရုတ်ပြည်ဘက်ကိုလည်း ထိခိုက်တာတွေရှိတော့ သူတို့လည်း စိုးရိမ်နေပုံရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက ရှမ်းပြည်နယ် အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်အကြား တိုက်ပွဲများကြောင့် တရုတ်ပြည်ဘက်သို့ စစ်ပြေးဒုက္ခသည် (၃၇,၀၀၀) ကျော် ထွက်ပြေးလာခဲ့ကြောင်း၊ တရုတ်ပြည်အတွင်း အမြောက်ကျည် (၃) လုံးပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသားတဦး သေဆုံးခဲ့ပြီး (၂) ဦးဒဏ်ရာရရှိခဲ့ကာ မြန်မာဘက်ခြမ်းတွင် တရုတ်နိုင်ငံသား (၁) ဦးသေဆုံးပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယူနန်ပြည်နယ်ရဲချုပ် Meng Sutie က သြဂုတ် (၃၀) ရက် သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုလ (၆) ရက်၌ စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်တို့ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း နအဖဘက်က ရက်ရွှေ့ဆိုင်းခဲ့ပြီး ယနေ့တွင် မြစ်ကြီးနား၌ နှစ်ဖက်တွေ့ဆုံမှုများ လုပ်နေသည်ဟု ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ယခုတွေ့ဆုံမှုကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန် ကေအိုင်အိုသို့ ဆက်သွယ်၍မရခဲ့ပါ။

အပစ်ခတ်ရပ်အဖွဲ့များနှင့် နအဖတပ်များအကြား တဖက်နှင့်တဖက် စစ်ရေးအသင့်ပြင်ကာ စစ်လှုပ်ရှားမှုများရှိနေချိန်တွင် ယခုကဲ့သို့ နှစ်ဖက်တွေ့ဆုံမှုသတင်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။

Geen opmerkingen: