မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 1 september 2009

ပြည်သူက မြစ်တစင်း၊ စစ်အစိုးရက ရေခွက်ငယ်


Monday, 18 May 2009 18:13 ကေတီဦး
မြန်မာ စစ်အစိုးရဟာ သူတို့ရဲ့ လမ်းပြမြေပုံ (၇) ချက်ထဲက ၂၀၁၀ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် အတိုက်အခံ နိုင်ငံရေးသမားတွေကို ပါဝင်ခွင့်မရအောင် နည်းလမ်းမျိုးစုံနဲ့ ကြိုးစားဖယ်ရှင်းနေပြီ ဖြစ်ပါတယ်။ ဒီအထဲမှာ နောက်ဆုံးလုပ်ရပ်ကတော့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးရမဲ့အချိန်မှာ နောက်ထပ်ဖမ်းဆီးထားနိုင်အောင် လုပ်ကြံဇာတ်လမ်းတခု ဖန်တည်းပြီး အင်းစိန်ထောင်ကို ပို့၊ နောက်တော့ ရာဇဝတ်ပြစ်မှု ပုဒ်မ (၂၂) နဲ့ တရားစွဲဆိုလိုက်ပြန်တာပါပဲ။

ဒီလုပ်ရပ်ဟာ ပြည်သူလူထုထောက်ခံမှု အပြည့်အဝရထားတဲ့ လူထုခေါင်းဆောင်ကို လူထုနဲ့ မထိတွေ့နိုင်အောင် စီမံတဲ့ အစီအမံ အကောက်ကြံမှုတခုသာ ဖြစ်တယ်ဆိုတာ မြန်မာပြည်သူပြည်သားတွေသာမက ကုလသမဂ္ဂအပါအဝင် ကမ္ဘာ့နိုင်ငံတကာကပါ သိသာမြင်သာတဲ့ ကိစ္စဖြစ်ပါတယ်။ စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲဆိုထားတဲ့ ရာဇဝတ်ပုဒ်မ (၂၂) ဟာ တားဆီးပိတ်ပင်မှုကို ဖောက်ဖျက်တယ်ဆိုတဲ့ ပုဒ်မဖြစ်ပါတယ်။


အမေရိကန်နိုင်ငံသားတယောက်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံထဲကို အင်းလျားရေပြင်ကိုဖြတ်ပြီး ရေကူးခိုးဝင်လာတယ်ဆိုတဲ့ ကိစ္စဟာ တကယ်တော့ မဖြစ်နိုင်တဲ့ ကိစ္စတခုပါ။ စစ်တပ်ကြီးနဲ့ ဝိုင်းထားတဲ့၊ လုံခြုံရေးစည်း သုံးဆင့်ချထားတဲ့၊ မိန်းမသား ၃ ယောက်တည်း နေထိုင်တဲ့ အိမ်တအိမ်ထဲကို အပြင်လူဝင်ဖို့ ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ ဒါကို ယခင်ထောက်လှန်းရေး အဖွဲ့ဝင်ဟောင်း ဦးအောင်လင်းထွဋ်ကရော ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံကို လုံခြုံရေးတာဝန်ယူခဲ့ဖူးသူက သတင်းဌာနတွေကတဆင့် သုံးသပ်ပြောဆိုသွားခဲ့ကြပါပြီ။ ဖြစ်ခဲ့တယ်ဆိုရင်လဲ လုံခြုံရေးတာဝန်ယူထားတဲ့ နအဖစစ်အစိုးရမှာသာ တာဝန်ရှိပါတယ်။ တရားးစွဲခြင်းစွဲရင် လုံခြုံရေးတာဝန်ပေါ့လျော့တဲ့ စစ်အစိုးရကိုသာ ပြည်သူလူထုက တရားစွဲဆိုရမှာဖြစ်ပါတယ်။

အခုတော့ အဓိပ္ပါယ်မရှိ စစ်တပ်ကြီးဝိုင်းထားတဲ့ ခြံတခုထဲကို စဉ်းစားဆင်ခြင်ဉာဏ်နဲတဲ့ လူတယောက် ဝင်ရောက်ကူးကျော်တာနဲ့ ကူးကျော်ခံရတဲ့ မိန်းမသား ၃ယောက်ကို တရားခံဖြစ်စေတယ်ဆိုတာ လုံးဝ (လုံးဝ) အခြေအမြစ်မရှိ၊ အကျိုးအကြောင်းမလျော်ကန်တဲ့ လုပ်ကြံစော်ကားမှုတရပ်သာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာလူထုတခုလုံးက ထောက်ခံတဲ့ အမျိုးသားခေါင်းဆောင်အဖြစ် ကမ္ဘာ့အစိုးရတွေနဲ့ အဖွဲ့အစည်းမျိုးစုံက အသိအမှတ်ပြုခံရသူပါ။ သူမဟာ တိုင်းပြည်ရဲ့ အချိန်အခါ၊ အခြေအနေ၊ လိုအပ်ချက်နဲ့အညီ ပေါ်ထွက်လာခဲ့တဲ့ အရည်အချင်းပြည့်စုံတဲ့ ခေါင်းဆောင်လည်း ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တည်ထောင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာလဲ စစ်အစိုးရကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲရဲ့ အနိုင်ရပါတီ ဖြစ်တယ်။

ပြည်သူက ရွေးချယ်တင်မြှောက်ထားတဲ့ အနိုင်ရပါတီတခုရဲ့ ခေါင်းဆောင်ကို အခုလို ၁၃ နှစ်ကြာ နေအိမ်အကျယ်ချုပ် ချုပ်ထားခြင်း၊ အင်းစိန်ထောင်ကိုပို့ပြီး ရာဇဝတ်မှုနဲ့ တရားစွဲဆိုခြင်းဆိုတာတွေဟာ ဒေါ်အောင်ဆန်းစုကြည်ကိုသာမက ပြည်သူလူထုကို စော်ကားမော်ကား ပြုကျင့်နေခြင်းနဲ့ အတူတူပါပဲ။ ပြည်သူကို စော်ကားတဲ့ စစ်အစိုးရကို ဦးဆောင်နေသူ စစ်ဗိုလ်ချုပ်ကြီးတွေဟာ လောဘ ဒေါသ မောဟဖုံးလွှမ်းပြီး အမှန်ကို မမြင်နိုင်ဘဲ ပြည်သူကို အထင်သေးနေလို့ပဲ ဖြစ်ပါတယ်။

အမှန်တကယ်တော့ ပြည်သူလူထုဆိုတာ အင်မတန်မှ အင်အားကြီးမားတဲ့ မြစ်တစင်းနဲ့ တူပါတယ်။ ပြည်သူလူထုဆိုတာ ဘယ်ခေတ်၊ ဘယ်အချိန်၊ ဘယ်ကာလမှာမဆို အမြဲတစေ ဒီပြည်သူလူထုပါပဲ။ မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ ပြည်သူလူထုတွေဟာ ကမ္ဘာဦး၊ ပုံတောင်ပုံညာ၊ ကျောက်ခေတ်၊ အညာသားတွေက စလို့၊ ရေကြည်ရာမျက်နုရာ ပြောင်းရွှေ့နေထိုင်ကြတဲ့ တိုင်းရင်းသားပေါင်းစုံ စုပေါင်းထားတဲ့ ပြည်သူလူထု ဖြစ်ပါတယ်။ သမိုင်းတင်ပြီးနောက် ကာလတလျှောက်လုံး ပြည်သူတွေဟာ ဒီပြည်သူတွေပါပဲ။ သားစဉ်မြေးဆက် မြစ်ကြီးတစဉ်း စီိးဆင်းနေသလို စီဆင်းနေပါတယ်။ ခိုင်မြဲစွာ တည်ရှိနေပါတယ်။ အစိုးရဆိုတဲ့ အုပ်ချုပ်သူတွေကတော့ မင်းလို့ပဲခေါ်ခေါ် ဘုရင်လို့ပဲသုံးသုံး သမ္မတလို့ပဲဆိုဆို ဝန်ကြီးချုပ်လို့ပဲ နာမည်ပေးပေး ဥက္ကဌကြီးလို့ မှည့်မှည့် ဗိုလ်ချုပ်မှူးကြီးလို့ ပြောပြော အမြဲတမ်း ပြောင်းလဲနေတဲ့အရာပါ။

ပြောရရင်တော့ အုပ်ချုပ်သူအစိုးရဆိုတာ မြစ်ကြီးနဲ့တူတဲ့ ပြည်သူလူထုနဲ့ နှိုင်းယှဉ်ရင် ခွက်တခုထဲက ရေမျှသာဖြစ်ပါတယ်။ လူအများက ခွက်ထဲကရေ ကြည်ရင် သန့်ရင် သောက်သုံးမယ်။ မကြည်ရ မသန့်ရင် မသောက်သုံးတော့ဘူး။ ချိုးလို့ရရင် ချိုးမယ်၊ သုံးလို့ရရင် သုံးမယ်၊ ခြေဆေးလို့ရရင် ခြေဆေးမယ်။ ခြေတောင်ဆေးလို့မရလောက်အောင် မသန့်မစင်တော့ဘူးဆိုရင်တော့ ဒီလိုခွက်ထဲက ညစ်ပတ်နံစော်နေတဲ့ ရေကို ဘယ်သူကမှ သုံးစွဲတော့မှာ မဟုတ်ပါဘူး။ ရေပုပ်ရေသိုး ရေညစ်ပတ်တွေကို သွန်ပစ်မယ်။ သွန်မရသေးရင် ဒီအတိုင်း စွန့်ပစ်ထားမယ်ပေါ့။

အစိုးရဆိုတာလဲ ဒီလိုပါပဲ။ မကောင်းတဲ့ အုပ်ချုပ်သူ အစိုးရတခုကို သုံးစွဲဖို့ ဆက်လက်ထားရှိဖို့ဆိုတာ ဘယ်ပြည်သူလူထုကမှ စဉ်းစားမှာမဟုတ်တော့ပါဘူး။ စစ်တပ်အစိုးရ မြန်မာပြည်ကို ဦးဆောင်ခဲ့တာ ၁၉၆၂ ခုနှစ်ကတည်းကပါ။ အဲဒီအချိန်ကတည်းက စစ်တပ်အစိုးရတွေဟာ စီမံခန့်ခွဲမှု အလွန်ညံ့ဖျင်းတဲ့အပြင် လူထုကို နည်းအမျိုးမျိုးနဲ့ ဖိနှိပ်ခဲ့ကြလို့ ၁၉၈၈ ခုနှစ်မှာတော့ လူထုရဲ့ သည်းခံနိုင်မှုဟာ အဆုံးစွန်ကို ရောက်ခဲ့ပါတယ်။ ပြည်သူလူထုဟာ စစ်တပ်ကြီးစိုးတဲ့ အစိုးရမျိုးနွယ်မှန်သမျှကို မလိုလားတော့ဘူး၊ မနှစ်သက်တော့ဘူးဆိုတဲ့အကြောင်း ကြီးမားကျယ်ပြန့်လှတဲ့ လူထုအုံကြွမှုတွေနဲ့ သက်သေပြခဲ့ကြပြီး ဖြစ်သလို ၁၉၉၀ ခုနှစ် မေလ ရွေးကောက်ပွဲ၊ ပြီးတော့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ရွှေဝါရောင်တော်လှန်ရေးကြီးတွေနဲ့လည်း ထပ်ဆင့် အတည်ပြုခဲ့ပြီးဖြစ်ပါတယ်။

ပြည်သူလူထုရဲ့ စစ်အစိုးရ အပေါ်သဘောထားကို သတင်းစာဆရာ ဘတ်တေးလစ်တနာရဲ့ “Outrage” စာအုပ်မှာ ရေးခဲ့တာက ၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကာလမှာ စစ်တပ်က အပစ်အခတ်ရပ်စဲပေးဖို့ တောင်းဆိုဆန္ဒပြခဲ့ကြတဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီးက ဆရာဝန်၊ ဆရာမတွေကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ အချိန်ဟာ End point တခုပါပဲတဲ့။ ဘယ်လို End point မျိုးလဲဆိုရင် တပ်မတော် ဂုဏ်ရှိတယ်ဆိုတဲ့ နေ့တွေကို ဘယ်တော့မှ ပြန်မရောက်နိုင်တော့တဲ့ အချိုးအကွေ့ point တခုပါတဲ့။ ဒီစကားဟာ သိပ်ကိုမှန်ကန်တယ်လို့ ထင်မြင်မိပါတယ်။ စစ်တပ်အစိုးရဟာ ဒီအတိုင်း ပြည်သူကို ဖိနှိပ်ခြင်းတွေနဲ့သာ မူဝါဒမပြောင်းလဲဘဲ အကျိုးမရှိတဲ့ ခေါင်းမာမှုတွေနဲ့ ဆက်လက် ချီတက်နေဦးမယ်ဆိုရင်တော့ ဂုဏ်သိက္ခာတွေ ဘယ်တော့မှ ပြန်လည်ရရှိနိုင်မယ် မဟုတ်တော့ပါဘူး။

စစ်အစိုးရဟာ ၁၉၈၈ ခုနှစ်အရေးတော်ပုံကြီး ပြီးကတည်းက ဂုဏ်သိက္ခာမှန်သမျှ ဆုံးရှုံးခဲ့ပြီး ပြည်သူရဲ့ စိတ်ကုန် စွန့်ပစ်ခြင်းကို ခံရတဲ့ ခွက်တခုထဲက ရေပုပ်ရေသိုး ဖြစ်ခဲ့ပါပြီ။ စစ်အစိုးရကို ယခု ဦးဆောင်နေတဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဦးစီးတဲ့ စစ်ဗိုလ်ချုပ်တွေဟာ လမ်းပြမြေပုံကြီးကိုပဲ ဘယ်လိုပင် ဖက်ထားထား၊ မဲ အလိမ်အညာတွေနဲ့ အတည်ပြုခဲ့တဲ့ ၂၀၀၈ ခနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်လောက်ပဲ အားကိုးကိုး၊ နောက်လာမဲ့ ၂၀၁၀ ခုနှစ်မှာ ဇွတ်အတင်းပြုလုပ်ဦးမယ့် အတုအယောင် ရွေးကောက်ပွဲကိုပဲ ဘယ်တော့မှ မပုပ်မသိုးတော့မယ့် ထမင်းထုပ်ကြီးလို့ထင်ထင် ဒါတွေအားလုံးဟာ ၁၉၈၈ ခုနှစ် ကျောင်းသားလူငယ်တွေ ဦးဆောင်ခဲ့တဲ့ အရေးတော်ပုံ၊ ၁၉၉၀ ခု ရွေးကောက်ပွဲရဲ့ လူထုဆန္ဒဖောပြမှုမဲရာခိုင်နှုန်း၊ ၂၀၀၇ ခုနှစ် သံဃာတော်များ ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးတို့နဲ့ နှိုင်းယှဉ်ရင် အရာရာဟာ အချည်းအနှီး ဖြစ်သွားမှာ ဖြစ်ပါတယ်။

လူထုရဲ့ စစ်မှန်တဲ့ ဆန္ဒထောက်ခံမှု မပါဝင်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတခု ဘယ်၍ဘယ်မျှ ခိုင်မာမှုရှိသလဲဆိုတာကို မမေ့နိုင်စရာ၊ မှတ်သားစရာ နမူနာအနေနဲ့ ပြောပြရရင် စစ်ခေါင်းဆောင် ဗိုလ်နေဝင်း ဦးဆောင်နေတဲ့ကာလ ၁၉၇၄ ခုနှစ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို မေလမှာ အတည်ပြုခဲ့ပြီး ၁၉၇၄ ခု ဒီဇင်ဘာလမှာ ဦးသန့်အရေးအခင်းလို လူထုအုံကြွမှုတခု ကြီးမားစွာ ပေါ်ပေါက်ခဲ့တာ အထင်ကရ ရှိခဲ့ပါတယ်။ ကြားကာလ ၇ လသာ ခြားခဲ့ပါတယ်။

စစ်အစိုးရအနေနဲ့ ယခုအချိန်မှာ ၂၀၀၈ ခုနှစ်က မတရားတဲ့ နည်းလမ်းပေါင်းစုံသုံးပြီး စစ်တပ်ကြီးစိုးနိုင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေတခု အတည်ပြုနိုင်ခဲ့ပြီဆိုပြီး လူထုကို ပမာမခန့်နဲ့ ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်မယ်၊ ရွေးကောက်ပွဲမှာ လူထုကနှစ်သက်တဲ့ ဘယ်သူမပါရအောင် လုပ်မယ်၊ ဘယ်ဝါမပါရအောင် လုပ်မယ်၊ ပြီးတော့ တို့စစ်တပ်က ၂၅%၊ ကျန်တဲ့ ၇၅% အတွက် ဒို့နဲ့ ပလင်းတူဗူးဆို့ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်တွေရယ်၊ ဒို့နဲ့ ၁၀၀ မရ ၅၀၊ ၅၀ မရ ၁၀၊ ၁၀ မရ ၅ နဲ့ ဝင်ပူးကြတာပေါ့ဆိုတဲ့ ဈေးချိုချို ပွယောင်းယောင်း မုန့်လေပွေလို လူတွေနဲ့ပဲ ရွေးကောက်ပွဲ လုပ်ချင်ယောင် ဆောင်လိုက်ကြမယ်။ လူထုကနှစ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည်တို့လို ခေါင်းဆောင်တွေနဲ့ အခြား ထက်မြက်တဲ့ ခေါင်းဆောင်အားလုံးကိုတော့ လွှတ်ချိန်တန်လည်း လွှတ်မနေဘူး။ အမှုဆင်ပြီး ထောင်ထဲထည့် ထားလိုက်ကြရင် ဖြစ်တာပဲလို့ ပေါ့ပေါ့လေးတွေးရင် အမှားကြီး မှားပါလိမ့်မယ်။

ပြည်သူဆိုတာ မြစ်တစင်းပါ။ မြစ်ကြီးတမြစ်ရဲ့ သံစဉ်တွေဟာ အမြဲ တဖြောင့်ထဲမရှိနိုင်ပါဘူး။ မြစ်တမြစ်ရဲ့ သံစဉ်တွေဟာ တခါတရံ ငြိမ်ငြိမ်သက်သက် သံစဉ်ရှိမယ်၊ တခါတရံ လှိုင်းကျက်ခွပ်ကလေးတွေ လှုပ်ရှားသလို တိုးတိုးတိတ်တိတ် သံစဉ်ရှိမယ်။ ဒါပေမဲ့ တကြိမ်တခါမှာတော့ အင်မတန်အင်အားကြီးတဲ့ လှိုင်းတံပိုးကြီးတွေနဲ့ သူလိုရာကို ဝုန်းဝုန်းဒိုင်းဒိုင်း ဆွဲမြိုဝါးယူသွားနိုင်တဲ့ အခြေအနေမျိုးကို ရုတ်ချည်း ပြောင်းလဲသွားနိုင်ပါတယ်။ ထို့နည်းအတူ စားဖို့ ၊ နေဖို့၊ ဝတ်ဖို့၊ သားရေးသမီးရေး ဘဝအရေးတွေနဲ့ ရုန်းကန်နေကြရတဲ့ ပြည်သူလူထုရဲ့ နိုင်ငံရေးသံစဉ်တွေဟာလဲ အနိမ့်အမြင့် အတက်အကျ သံစဉ်တွေ ရှိနိုင်ပါတယ်။ အခွင့်မသာလို့ မြစ်ပြင်ကြီး ငြိမ်သက်သလို ငြိမ်သက်နေပေမဲ့ တချိန်ချိန်မှာ အင်မတန်ကြီးမားတဲ့ လှိုင်းဂယက်တွေနဲ့ ဝုန်းဒိုင်းကျဲ ထကြွလာနိုင်ပါတယ်။

ပြည်သူဆိုတဲ့မြစ်ကြီးဟာ နှစ်အသောင်းအသိန်းအသန်း ပျောက်ကွယ်မသွားဘဲ သားစဉ်မြေးဆက် စီးဆင်းပြီး အနိမ့်အမြင့် သံစဉ်တွေနဲ့ ခိုင်မာစွာ တည်ရှိနေဦးမှာဖြစ်ပါတယ်။ စစ်အစိုးရကတော့ ပြည်သူက စွန့်ပစ်ခံရတဲ့ ညစ်ပတ်နေသော ခွက်တခုထဲက ရေ။ ရေမှ ပြန်လည်သန့်စင်ရန် ခက်ခဲသွားပြီဖြစ်တဲ့ ရေဆိုးရေညစ်။ ဒီရေညစ်ရေပုပ်တွေကို အသိဉာဏ်ရှိတဲ့ ဘယ်သူကမှ သုံးစွဲတော့မှာ မဟုတ်ပါဘူး။ ချွင်းချက်အနေနဲ့ အသိဉာဏ်မဲ့တဲ့ ကျီးတို့ ခွေးတို့ ဝက်တို့လို အဟိတ်တိရိစ္ဆန်တို့သာ သောက်သုံးကြပါလိမ့်မယ်။

မြန်မာပြည်သူပြည်သားတွေဟာ ညစ်ပတ်နေတဲ့ ခွက်တခုထဲက ရေညစ်ရေဆိုးတွေနဲ့ အလားတူတဲ့ စစ်အစိုးရကို ၁၉၈၈ ခုနှစ်ကတည်းက နည်းလမ်းမျိုးစုံနဲ့ သွန်ချပြီး ရေကြည်ရေသန့်နဲ့ လဲလှယ်ဖို့ ကြိုးစားနေကြပါပြီ။ ဒါကို ၁၉၈၈ ခု အရေးတော်ပုံ၊ စစ်အစိုးရကိုယ်တိုင် ပြုလုပ်ခဲ့တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲ၊ ရွှေဝါရောင်တော်လှန်ရေးတွေက သက်သေအရာ တည်ခဲ့ပါပြီ။ ဒီလူထုသက်သေတွေကို မျက်ကွယ်ပြုပြီး ကလိမ်ကကျစ်နဲ့ အာဏာစွန့်လွှတ်ဖို့ ကြောက်လန့်တကြား တောင်ပြောမြောက်ပြော၊ တောင်လုပ်မြောက်လုပ် ဘယ်လိုလုပ်လုပ် နောက်ဆုံးတော့ ပြည်သူကသာ အနိုင်ရမှာ အသေချာပါပဲ။

စစ်အစိုးရရဲ့ ရုန့်ရင်းကြမ်းတမ်းတဲ့ လက်နက်နဲ့ဖိနှိပ်မှုတွေ၊ ဂုဏ်သိက္ခာမဲ့ ညစ်ပတ်မှုတွေ၊ အဆင်ခြင်မဲ့ ကလိမ်ကျမှုတွေကြောင့် ကျောက်ခွက်တခုထဲက ရေကို သွန်ထုတ်တဲ့အခါ ခက်ခဲလေးလံနေသလို ခက်ခဲနေလို့ ပြည်သူတွေဟာ အခိုက်အတန့် ငြိမ်သက်နေပေမယ့် ပြည်သူဆိုတဲ့ မြစ်ကြီးဟာ တနေ့နေ့ တချိန်ချိန်မှာတော့ အင်အားကြီးတဲ့မြစ်ရဲ့ လှိုင်းတံပိုးတွေနဲ့ ကျောက်ခွက်ထဲက ရေဆိုးရေညစ်တွေကိုသာမက ကျောက်ခွက်ကိုပါ ဝါးမြိုချေဖျက် ရိုက်ခွဲတွန်းလှဲပစ်မှာ အသေအချောပါပဲ။

အချုပ်အားဖြင့်ပြောရရင်တော့ နအဖစစ်အစိုးရဟာ ပြည်သူကို အထင်မသေးသင့်ပါ။ မထေမဲ့မြင် မပြုမူသင့်ပါ။ ပြည်သူဆိုတဲ့ ခိုင်မြဲလှတဲ့၊ အင်အားကောင်းလှတဲ့ မြစ်ကြီးကို အံမတုပါနှင့်။ ပြည်သူလူထုက ကိန်းသေ။ ရှိမြဲရှိနေမဲ့အရာ။ အုပ်ချုပ်သူအစိုးရဆိုတာ ကိန်းရှင်။ ရွှေ့လျှားပြောင်းလဲ မခိုင်မြဲတဲ့အရာ။ ဖားကိုတုလို့ ခရုခုန်လျှင် အိုင်ပွက်ယုံသာ ရှိပါလိမ့်မယ်။ ပြည်သူဆိုတဲ့ မြင့်မိုရ်တောင်ကို ဇီးစေ့နဲ့ပေါက်ရင် တနေ့နေ့ တချိန်ချိန်မှာ စစ်အစိုးရဆိုတဲ့ ဇီးစေ့သာလျှင် ကွဲပါလိမ့်မယ်။ ပြည်သူဆိုတဲ့ နံရံကို ခေါင်းနဲ့ မတိုက်ချင်ပါနဲ့။ စစ်အစိုးရဆိုတဲ့ ခေါင်းသာလျှင် ကွဲပါလိမ့်မယ်။ ပြည်သူဆိုတဲ့ မြစ်ကြီးနဲ့ နှိုင်းစာလျှင်လဲ စစ်အစိုးရဟာ ခွက်တခုထဲကရေမျှသာဖြစ်လို့ ပြည်သူက အပြစ်ပေးပြီဆိုရင် နောင်တရချိန် ရှိနိုင်မယ် မဟုတ်ပါဘူး။

ပြည်သူရဲ့ စစ်မှန်တဲ့ ပူးပေါင်းပါဝင်ဆောင်ရွက်မှုမရှိတဲ့ အစိုးရတရပ်ဟာ ရေရှည်မှာ ဘယ်လိုမှ ရပ်တည်နိုင်မှာမဟုတ်ဘူးဆိုတာ အသေအချာပါပဲ။ နောက်ဆုံးတော့ မြေကြီးလက်ခတ်မလွဲ ကျဆုံးလိမ့်မယ်ဆိုတာ သတိပေးလိုက်ပါရစေ။ အကောင်းဆုံးကတော့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ၊ စစ်အစိုးရအဖွဲ့ဝင်တွေ အားလုံးဟာ ပြည်သူနဲ့အလှမ်းဝေးရာ နေပြည်တော်စစ်အစိုးရ အမည်ခံ သူပုန်စခန်းမှာ ပုန်းရှောင်ပြီး တိုင်းသူပြည်သားတွေ အမှန်တကယ် လိုချင်နေတဲ့ ဒီမိုကရေစီတိုင်းပြည်သစ် တည်ဆောက်ရေးကို ဖျက်လိုဖျက်ဆီး အဖျက်အမှောင့် အနှောင့်အယှက်တွေ ပေးမနေတော့ဘဲ ပြည်သူ့လူထုရှေ့မှောက်မှာ အချိန် အလွန့်အလွန် မနှောင်းမှီ လွန်ခဲ့သမျှ ဝန်ချတောင်းပန်ပြီး လက်နက်ချ အလင်းဝင်ရောက်ကြရင် အကောင်းဆုံးပါပဲလို့ တိုက်တွန်းနှိုးဆော် အကြံပြုလိုက်ပါတယ်။

Geen opmerkingen: