မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 2 september 2009

ပန်းတိုင်းပွင့်ကြပါစေ၊ ပွင့်သောပန်းတိုင်း မွှေးကြပါစေ



မောင်သြ

၃ စက်တင်ဘာ ၂၀၀၉


၂၀၁၀ ရွေးကောက်ပွဲ …။

ယနေ့စစ်အစိုးရလက်ထက်မှာ ထုတ်ဝေနေတဲ့ သတင်းစာကြီးနှစ်စောင်မှာ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းကိုသာ ဇောင်းပေးရေးသားနေတာတွေ တွေ့နေရပါတယ်။ အဓိက ကတော့ ၂၀၀၈ ခုနှစ် မေလက (၉၂.၄၈) ရာခိုင်နှုန်းနဲ့ ပြည်သူလူထုက တခဲနက်ထောက်ခံခဲ့ပြီးပြီဆိုတဲ့ အခြေခံဥပဒေမူကြမ်းအပေါ် အခြေခံမယ့် ၂၀၁၀ ရွေးကောက်ပွဲကြီး အကြောင်းပါပဲ။

“လူထုက ရွေးကောက်တင်မြှောက်သူများနဲ့ ပြည်ထောင်စုလွှတ်တော်ကြီး ခေါ်ယူကျင်းပပြီး သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ အခြားအဖွဲ့အစည်းများ ဖွဲ့စည်းပြီး အေးချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဟာ မရှေးမနှောင်း ဖြစ်ပေါ်တိုးတက်လာတော့မယ့် အခွင့်အလမ်းကြီးပါပဲ” လို့ နအဖအကြိုက် ဖော်လံဖား ဆောင်းပါးရှင် မောင်နွယ်စစ်ရဲ့ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်ရတာဖြစ်ပါတယ်” ဆိုတဲ့ ဆောင်းပါးကို (၁၆.၈.၀၉) နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖတ်လိုက်ရပါတယ်။

ယနေ့ပြည်သူလူထုအများစုက ဒီရွေးကောက်ပွဲကို မိမိတို့ရဲ့ နေ့စဉ်စားသောက်နေထိုင်ရေး နဲ့ ရောင်းဝယ်လုပ်ကိုင်နေရ ခြင်းလောက် စိတ်မ၀င်စားနိုင်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို မျှော်လင့်နေတာတော့ ရှိပါတယ်။ အစိုးရအသစ်ပေါ်လာရင် အထွေထွေစားသောက်ကုန်ပစ္စည်းများရဲ့ ကုန်ဈေးနှုန်းတွေများ ကျဆင်းလာမလား၊ ရေ မီး လျှပ်စစ် မှန်မှန်ရလာမလား။ ခြိမ်းခြောက်ဟိန်းဟောက်တာကို ကြောက်နေရတဲ့ ငြိမ်ဝပ်ပိပြားတဲ့ ဘ၀က လွတ်မြောက်လေမလား၊ အနိုင်ကျင့် စိုးမိုးခံရတဲ့ ဘ၀ကနေ ကင်းဝေးလေမလား၊ လွတ်လပ်စွာ တွေးခေါ်ရေးသားနိုင်တဲ့ စာပေလွတ်လပ်ခွင့်နဲ့ ထုတ်ဝေခွင့်တွေ အမှန်တကယ် ရရှိလေမလား၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားလုပ်အားပေးခိုင်းစေမှုတွေ၊ အသက်မပြည့်သေးတဲ့ ကလေးစစ်သား စုဆောင်းမှုတွေ၊ မတရား လယ်ယာမြေသိမ်းဆည်းမှုတွေ၊ ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်မှုတွေ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများအပေါ် ရက်စက်စွာ တိုက်ခိုက်နှိမ်နင်းသတ်ဖြတ်မှုတွေ၊ ဌာနဆိုင်ရာရုံးတွေမှာ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားနေတာတွေ၊ စီးပွားရေးကျပ်တည်းလို့ ပြည်ပကို ထွက်ပြေးစွန့်ခွာပြီး ပြည်ပနိုင်ငံတွေမှာ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်နေကြရတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေ ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်ဇာတိမြေကို ပြန်လာပြီး လုပ်ကိုင်စားသောက်နိုင်ကြလေမလား။

(၁၃) နှစ်၊ (၁၄) နှစ်အရွယ် ပျက်စီးနေတဲ့ မိန်းကလေးငယ်တွေရဲ့ ကိုယ်နဲ့ရင်းနှီးပေးဆပ် လုပ်ကိုင်စားသောက်နေရတဲ့ အမှောင်ဘ၀တွေ အလင်းဘ၀ကို ပြန်ရောက်လာနိုင်မလား၊ သွင်းကုန်ထုတ်ကုန် ပြည်တွင်းပြည်ပ စီးပွားရေးဈေးကွက် အားလုံးကို တပ်မတော်ခေါင်းဆောင်တွေရဲ့ မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းက လွှမ်းမိုးခြယ်လှယ်ချုပ်ကိုင်နေတာတွေ ကင်းဝေးပပျောက်သွားလေမလား၊ သို့လော သို့လော မျှော်လင့်နေရတာတွေက တပုံတပင်ကြီးပါ။

ဘာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ ၂၀၁၀ ရွေးကောက်ပွဲကြီး ပြီးမြောက်သွားရင် ဒီမိုကရေစီကျင့်စဉ်တွေအပေါ် အခြေခံရေးဆွဲထားတဲ့ ဥပဒေတွေနဲ့အညီ ကျောသားရင်သားမခွဲခြားဘဲ အုပ်ချုပ်မယ့်၊ ပြည်သူထဲကလာတဲ့ ပြည်သူ့အာဏာ စစ်စစ်၊ ပြည်သူ့ခေါင်းဆောင်စစ်စစ်ကိုပဲ မျှော်လင့်နေပါတယ်။ ဘောင်းဘီဝတ်ကနေ ပုဆိုးဝတ်ပြောင်းလာမယ့် ခေါင်းဆောင်မျိုးဆိုရင်တော့ တရုတ်ကြီးနဲ့ ပေါက်ဖော်ကြီး ဘာမှထူးခြားပြောင်းလဲလာမှာ မဟုတ်တဲ့အတွက် မလိုရေးချ မလိုပါဘဲ။

နောက် ဆောင်းပါးရှင် မောင်နွယ်စစ်က “မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေလိုတဲ့ စိတ်ရင်းစေတနာနဲ့ တိုင်းရင်းသား ပြည်သူတွေအပေါ် နိုင်ငံတော်က မေတ္တာစေတနာ အပြည့်အ၀ထား ဆောင်ရွက်ပေးနေလို့ ဖွံ့ဖြိုးမှုအပေါင်းလက္ခဏာတွေ တဝေေ၀၊ ပန်းတိုင်းပွင့်ပြီး ပွင့်တဲ့ပန်းတိုင်း မွှေးထုံသင်းကြိုင်နေတာပါ” တဲ့။ ဟုတ်ပါ့မလား မောင်ကာဠုရေလို့ပဲ ပြောရမယ်ထင်ပါရဲ့ …။ ပွင့်သောပန်းတိုင်း မွှေးနေကြတယ်ဆိုတော့ ဘယ်ခြံဝန်းထဲက ဘယ်သူ့အိမ်က ဘယ်သူ့သားသမီးတွေများ ပန်းတွေပွင့်ပြီး မွှေးနေကြတာလဲ … မောင်နွယ်စစ်ရေ။ ကျနော်တို့လို အလယ်အလတ်တွေနဲ့ အောက်ခြေလူတန်းစား သားသမီးမှာတော့ ပန်းတွေ ပွင့်မယ်မကြံသေးဘူး အခြေခံဘ၀နဲ့ မြေကျမြေခနေကြရတဲ့ အနွမ်းဘ၀ထဲမှာ အလွမ်းခရီးကို မညည်းတမ်း မမောတမ်း လျှောက်လှမ်းနေကြရတာပါ။

ညကလပ်တွေမှာ ငွေကို ရေလိုသုံးနေတာတင်မက ငွေကို လေလိုပါသုံးပြီး အပျော်ကြူး အမော်ထူး၊ မူးချင်တိုင်းမူး ရူးချင်တိုင်းရူး သုံးဖြုန်းနေကြတဲ့ လူကြီးသားသမီးတွေရဲ့ဘ၀ကို ပွင့်သောပန်းတိုင်း မွှေးနေကြတယ်လို့ ပြောတာလား မောင်နွယ်စစ်။

နောက်တခုရှိသေးတယ်။ “နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌရုံးက (၁၀-၈-၀၉) ရက်စွဲပါ စာအမှတ် ၀၄/နယက(ဥ)/လငခ … အရ ဒီမိုကရေစီရှေ့ခရီးကို ချောမွေ့စေချင်တဲ့ စေတနာ၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ရှေးရှုတဲ့ စေတနာ၊ အာဃာတစိတ်တွေ ပျောက်ပြယ်ချင်တဲ့ စေတနာ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ် အလေးအမြတ်ထားတဲ့ စေတနာသဘောထားတွေ ပေါ်လွင်ပါတယ်” တဲ့။

အဲဒီဆောင်းပါးစာအရ ရင်ထဲအသည်းထဲ၊ အသွေးအသားထဲက စစ်စစ်မှန်မှန်ထားရှိတဲ့ စိတ်ရင်းစေတနာရင်း သဘောထား ဆိုရင် လက်ခံယုံကြည်စရာပါ။ အကွေ့အကောက်၊ အပစ်အခတ်၊ အညစ်အပတ်၊ အလိမ်အညာ အကောက်အကျစ်အထွေထွေ သဘောထားမျိုး မရှိခဲ့ဘူးဆိုရင်လည်း အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား ခံ့ညားပါ့ဗျာ။

ဒါပေမယ့် သမိုင်းကြောင်းပြန်ကြည့်မိတော့ ၁၉၉၆-၉၇ လောက်က ကုက္ကိုင်းလမ်းဆုံနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ လုံခြုံရေး ပြည်သူ့ရဲဝန်ထမ်းအစောင့်တွေ၊ ရယက၊ မယက အဖွဲ့ဝင်လူကြီးတွေ အပြည့်အ၀ လုံခြုံရေးချထားတဲ့ကြားထဲက ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ကားကို အဖျက်သမား လူရမ်းကားတွေ (ကြံ့ဖွံ့/စွမ်းအားရှင်) က အကြမ်းဖက် ၀ိုင်းရိုက်ခဲ့တာကို ပြန်ကြည့်ရင်ပဲဖြစ်ဖြစ်၊ ၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးကို ပြန်ကြည့်ရင်ပဲဖြစ်ဖြစ်၊ မသေလို့ ကျန်ခဲ့ရ အကျယ်ချုပ်ဘ၀နဲ့ (၁၄) နှစ်ကျော်ကျော် နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားခဲ့တဲ့ စေတနာတွေ၊ ထောက်ထားညှာတာမှုတွေ၊ အာဃာတစိတ်တွေဟာ “ယုန်ရုပ်ရေး ပြသော်လည်း ယုံတ၀က် မယုံတ၀က် ယုံရခက်ကြီးပါ” ဆိုတဲ့ သီချင်းလေးလို ဖြစ်နေရပြန်ပါတယ်။

အခုလည်း မိမိရဲ့ အိမ်ထဲမှာ လုံခြုံရေးအပြည့်နဲ့ အကျယ်ချုပ်ခံဘ၀နဲ့ အေးဆေးစွာနေသူကို အမှုလာချိတ်လို့ အပြစ်မရှိ အပြစ်ရှာ တရားစွဲခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်၊ မစ္စတာယက်တော (အဓိက တရားခံ) ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇) နှစ် အပြစ်ပေးခဲ့တယ်။

ပြီးတော့မှ ရက်ပိုင်းအတွင်း (၅ ရက်ခန့်အကြာ) မှာ အမေရိကန်အထက်လွှတ်တော် ဆီးနိတ်အမတ် မစ္စတာ ဂျင်ဝက်ဘ် (နိုင်ငံခြားရေးရာကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ) မြန်မာပြည်ရောက်လာတဲ့အခါ နအဖအစိုးရက အကျဉ်းသား ယက်တောကို အမေရိကန်နိုင်ငံကို ပြန်ခေါ်သွားဖို့ လွှတ်ပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုကျတော့ အိမ်ထဲနေရင်းထိုင်ရင်း ထောင်ဒဏ် (၃) နှစ် အပိုဆုအပြစ်ပေးတယ်။ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ ပြောသလို မစ္စတာ ဂျွန်ဝီလီယံယက်တောနဲ့ ဖြစ်ခဲ့တဲ့အမှုမှာ ကျူးလွန်သူ၊ အပြစ်ရှိသူ အဓိကတရားခံဟာ မစ္စတာ ယက်တောပါလို့ဆိုရင် အပြစ်ရှိသူကို လွှတ်ပေးပြီး အပြစ်မရှိသူကို ဆက်ပြီးအကျယ်ချုပ်ချထားတာဟာ တရားမျှတပါရဲ့လား၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အာဃာတမထားဘဲ ထောက်ထားညှာတာ စေတနာသန့်စင်တယ်ဆိုတာ ဟုတ်ပါရဲ့လား၊ အာဃာတမရှိရေးဆိုတာကော မှန်ကန်ပါရဲ့လား။ စေ့စေ့တွေးမှ ရေးရေးပေါ်ဆိုတာလို ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင် အကွက်ဆင်ဖန်တီးလိုက်တာဟာ လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပါပဲခင်ဗျား။

(၁၆-၈-၀၉) နေ့ထုတ် ကြေးမုံသတင်းစာပါ မောင်နွယ်စစ်ရဲ့ ဆောင်းပါးမှာ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်ရတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ဘယ်အကြောင်းအရာမဆို ဖြစ်သင့်/မဖြစ်သင့် အကျိုးအကြောင်း ရှိပါတယ်။ ဖြစ်သင့်တယ်ဆိုမှ ဖြစ်နိုင်ခြေဆိုတာ ရှိလာရတာပါ။ ဒါကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စကို ဦးစွာ စဉ်းစားဆောင်ရွက်ရပါမယ်။ ဒါဖြင့် ဒီကနေ့ နိုင်ငံရေးအခြေအနေမှာ ဖြစ်သင့်တာ ဘာလဲ … ဘယ်လဲဆိုတာ မျှမျှတတ စဉ်းစားကြရအောင်။

၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ကျင်းပပေးပြီးတဲ့ အချိန်ကစပြီး ယနေ့အထိ (၁၉) နှစ်ကျော်ကြာခဲ့ပြီ။ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအတွက် ရွေးကောက်ပွဲကျင်းပပေးသူ တပ်မတော်အစိုးရနဲ့ ပြည်သူလူထုက တခဲနက် မှန်မှန်ကန်ကန် ရွေးချယ်ခဲ့လို့ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာသင့်တယ်။ အနာဂတ်နိုင်ငံရေးမှာ ဘာလုပ်မယ်၊ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ပေးထားတဲ့ ကတိစကားနဲ့ ထုတ်ပြန်ထားတဲ့ ၁/၉၀ အရ တပ်မတော်အစိုးရပီပီ ဂုဏ်သိက္ခာရှိရှိ ရှေးဦးစွာ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ ဒါဟာ မျှတမှန်ကန်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမှန်တရားပါ။ ဒါမှ မောင်နွယ်စစ်ပြောတဲ့ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်ရတာဖြစ်တယ်ဆိုတာ မှန်ပေမပေါ့ဗျာ။ နအဖဟာ ဖြစ်နိုင်ခြေရှိတာကို ဦးစားပေး မလုပ်ခဲ့တဲ့အတွက် ဒီမျှလောက် ရှည်ကြာတဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးခဲ့ရတာ နှမြောစရာပါ။

ဒါကြောင့်လည်း ကမ္ဘာ့အလယ်မှာကော၊ အာဆီယံအတွင်းမှာပါ မြန်မာနိုင်ငံဟာ ပြစ်တင်ဝေဖန်ရှုတ်ချခံနေရတာပေါ့။ ဒါ့အပြင် ဟိုနိုင်ငံက ခေါင်းဆောင်တွေလာလိုက် မျက်နှာချိုသွေးလိုက်၊ မြန်မာ့အရေးဆွေးနွေးလိုက် ပြန်သွားလိုက်။ ကမ္ဘာ့အဖွဲ့အစည်းပေါင်းစုံက ခေါင်းဆောင်တွေလာလိုက် မျက်နှာချိုသွေးလိုက်၊ မြန်မာ့အရေး ဆွေးနွေးလိုက်ပြန်သွားလိုက်နဲ့ လုံးလည်ခြာလပတ်လိုက်နေတာကြာပါပြီ။ မဆလ (၂၆) နှစ်အုပ်ချုပ်ခဲ့တာတောင် ဒီလို ပြည်ပက လာကြတာမျိုး၊ Sanction ပိတ်တာမျိုး၊ ကုလသမဂ္ဂအထိရောက်ပြီး မြန်မာ့အရေး တံခါးပိတ်တာကော၊ တံခါးဖွင့်တာရော ဆွေးနွေးခဲ့ကြရတာမျိုး မရှိခဲ့ပါဘူး။ (မဆလလည်း ကောင်းတာမဟုတ်ပါဘူး၊ ဒါပေမယ့် နအဖလောက် မရက်စက်ဘူး)။ အခု နအဖလက်ထက်ကျမှ မကောင်းသတင်းတွေနဲ့ ကသောင်းကနင်းတွေက ကမ္ဘာ့အလယ်မှာ အကျော်ဒေယျဖြစ်နေရပြီ။ ကဲ … တို့ခေတ်ကျမှ ညံ့တော့မှာလားဆိုတာ ဖြစ်နေပြီ။

ဒီကြားထဲ (၁၇-၈-၀၉) နေ့ထုတ် ကြေးမုံသတင်းစာမှာ ဆောင်းပါးရှင် မောင်ကာဠုကလည်း ခွေးတံဆိပ်ဓာတ်ပြားဟောင်းကြီးနဲ့ ခေတ်ဟောင်းတေးတွေ ပြန်ဖွင့်ပြနေတာ စိတ်မသက်သာစရာ …။ သူရေးထားတာက “ဒါကြောင့် အခု ဒို့မှာ ပြည်သူ့ကိုယ်စားလှယ်တွေ အချိန်ယူဆွေးနွေးညှိနှိုင်းပြီး ရေးဆွဲခဲ့တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကြီးကို ပြည်သူ (၉၂.၄၈) ရာခိုင်နှုန်းကလည်း ထောက်ခံမဲပေး အတည်ပြုထားပြီးပြီ” တဲ့။ ကြားရ ကြားရ နားဝမှာ မသက်သာ ရှက်စရာကောင်းလှပေါ့ … မောင်ကာဠုရယ်။ ပြည်သူ့ကိုယ်စားလှယ်တွေတဲ့။ ဘယ်ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေလဲ။ နအဖက ရွေးချယ်ထားတဲ့ လက်ညှိုးထောင်ခေါင်းညိတ်တွေကို ပြည်သူ့ကိုယ်စားလှယ်လို့ ရေးတာတော့ အဖားလွန်သွားပြီ၊ နည်းနည်းလျှော့ပါဦး။

ပြီးတော့ အတည်ပြုထားပြီးပြီတဲ့။ ရွေးကောက်ပွဲလည်း မကျင်းပရသေး။ ပြည်သူ့လွှတ်တော်လည်း မခေါ်ရသေးဘဲနဲ့ ဘယ်ပြည်သူ့လွှတ်တော်ကများ အတည်ပြုပြန်ဋ္ဌာန်းလိုက်ပါသလဲ မောင်ကာဠုရယ် ကျွတ် … ကျွတ် … လိမ်ရေးချင်ရင်လည်း သဘာဝကျအောင် လိမ်စမ်းပါ။

နောက် “ဥပဒေချိုးဖောက်ရင်တော့ ဥပဒေအရ အရေးယူခံရမှာပဲ။ ဆင်းရဲသူရော ချမ်းသာသူပါ။ ရာထူးနိမ့်သူရော ရာထူးမြင့်သူပါ ဥပဒေချိုးဖောက်ရင် ရာဇ၀တ်ဘေး ပြေးမလွတ်ကြမယ့် လူတွေချည်းပဲကွယ့်” အင်း … တရားဥပဒေအကြောင်းပြောတော့ ကိုယ့်ချိုင်းကြားကိုယ်လက်နဲ့ထိုးပြီး ရယ်မိသပေါ့ဗျာ။ ၂၀၀၇ ခုနှစ်လောက်က ထင်ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာအနီး (၅) လောင်းပြိုင်လူသတ်မှုမှာ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက မကြာမီ ဖော်ထုတ်ပါ့မယ်ဆိုပြီး ခုထိ မဖော်ထုတ်နိုင်သေးတာကိုကြည့်ရင် ဘယ်သူတွေပါနေလို့၊ ဘယ်သူတွေနဲ့ငြိနေလို့ ခုထိ အရေးမယူသေးတာလဲဆိုတာ စဉ်းစားစရာပါ။ ပြီးတော့ …

(၁၈-၈-၀၉) နေ့ထုတ် သတင်းစာမှာ ဆောင်းပါးရှင် ကျော်ရဲမင်းရဲ့ “ခရီးရှည်ကြီးအတွက် ပထမဦးဆုံးခြေလှမ်း” မှာ … ဥရောပက မြန်မာ့အရေးလှုပ်ရှားသူဆိုတဲ့ ‘နွယ်အောင်’ ကို တုံ့ပြန်ထိုးနှက်ရေးထားတာပါ။ ဘာတဲ့ … ကိုယ့်ကိုယ်ကိုယ် မြန်မာလူမျိုးလို့ ခံယူသေးတယ်ဆိုရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအပေါ် ဒီလောက်အထိ ကျေးဇူးမကန်းသင့်ပါဘူး။ သွေးမတော် သားမစပ်တဲ့ အဝေးနိုင်ငံက အထက်လွှတ်တော်အမတ်တဦးကတောင် သင့်တင့်မျှတတဲ့ စိတ်ထားနဲ့ မြန်မာပြည်သူတွေအပေါ် စေတနာထားနိုင်သေးရင် မြန်မာ့သွေးသားစစ်စစ်တွေက ဒီထက်ပိုပြီး စေတနာထားသင့် ကျေးဇူးဆပ်သင့်ကြတယ် မဟုတ်လား”… မှန်လိုက်ပလေ ကိုကျော်ရဲမင်းရယ်၊ သွေးထွက်အောင်မှန်လွန်းလို့ ဒီအချက်တချက်ကိုတော့ မိုးပေါ်က သကြားမင်း ဆင်းကန့်ကွက်တောင် ကျုပ်ခင်ဗျားကို မကန့်ကွက်ပါဘူး။ ဒါက အမျိုးသားရေးစိတ်ဓာတ်ကိုးဗျာ။ ဒီတော့ ခင်ဗျားစကားအရပဲ ကျုပ်ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေ။

အခြားနိုင်ငံက ရောက်လာပြီး မိမိနိုင်ငံထဲမှာ ရာဇ၀တ်မှုကျူးလွန်လို့ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ သွေးမတော်သားမစပ်တဲ့ နိုင်ငံခြားသား မစ္စတာ ဂျွန်ဝီလီယံ ယက်တောလို ပုဂ္ဂိုလ်မျိုးကိုတောင် မေတ္တာစေတနာထားပြီး လွှတ်ပေးနိုင်ခဲ့ရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ မြန်မာ့သွေးသားစစ်စစ်၊ တနိုင်ငံလုံးကလည်း ချစ်၊ တကမ္ဘာလုံးကလည်း လေးစားတဲ့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် (ကိုယ့်အိမ်ထဲကိုယ်နေပြီး မတရားအမှုဆင် အပြစ်ပေးခံရသူ) ကိုလည်း ဒီထက်ပိုပြိး စေတနာမေတ္တာထားကြောင်း ပြသတဲ့အနေနဲ့ လွှတ်ပေးသင့်တယ်မဟုတ်ပါလားခင်ဗျား။

ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်များ မလုပ်ကြပါနဲ့ခင်ဗျား။

Geen opmerkingen: