မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 28 september 2009

ဒုက္ခသည် မှောင်ခိုဈေးကွက်

                  







                
Monday, 28 September 2009 19:29 အဲလက်စ် အယ်လ်ဂျီး
.၂၀၀၅ ခုနှစ်၊ ဒုက္ခသည်များ တတိယနိုင်ငံတွင် အခြေချရေး အစီအစဉ် အစပျိုးချိန်မှစ၍ မြန်မာနိုင်ငံ အတွင်းမှ ဒုက္ခသည် စခန်းသို့ ၀င်ရောက်အခြေချ ခိုလှုံလိုသူများ၊ ထိုမှတဆင့် တတိယနိုင်ငံများသို့ သွားရောက် အခြေချလိုသူများ အတွက် ဆောင်ရွက်ပေးမည့် ကြားပွဲစား ကွန်ရက်များ ထိုင်း မြန်မာနယ်စပ် မဲဆောက်မြို့တွင် ရှိလာခဲ့သည်။

ဤမှောင်ခိုဈေးကွက်ကြောင့် ပြောင်းရွှေ့အခြေချရေး သတ်မှတ်စံနှုန်းများနှင့် မလျော်ညီသူများစွာ နိုင်ငံရပ်ခြားသို့ ရောက်သွားခဲ့ကြသည်။
မဲဆောက်မြို့ ပတ်ဝန်းကျင်ရှိ အဓိက ဒုက္ခသည်စခန်းကြီး ၃ ခုတွင် နေထိုင်နေသူများ၊ ပြောင်းရွှေ့အခြေချရေးကို စောင့် ဆိုင်းနေကြသူများက “ဒုက္ခသည်အတုများ” ၀င်ရောက်လာမှုအပေါ် စောဒကတက် ဝေဖန်လာကြသည်။ သူတို့က ကာလ ကြာရှည် စောင့်ဆိုင်းနေခဲ့ကြရသော်လည်း ဒုက္ခသည်အတုများက ပို၍စောစီးစွာ နိုင်ငံရပ်ခြားသို့ ထွက်သွားနိုင်ကြသည် ဟု လူအများက ဆိုနေကြသည်။
“ဒုက္ခသည်အတုတွေ အများကြီး စခန်းထဲ ရောက်လာတာကို တွေ့ရတယ်။ သူတို့က ပွဲစားတွေ၊ စခန်းအာဏာပိုင်တွေကို ငွေပေးထားကြတယ်။ ပြီးတော့ သူတို့က အရင်ထွက်သွားလို့ရတယ်” ဟု ဒုက္ခသည်တဦးဖြစ်သူ ကိုဘိုဘိုက ပြောသည်။
ကိုဘိုဘိုသည် မြန်မာစစ်တပ်က မြေယာများကို သိမ်းပိုက်လိုက်မှုကြောင့် မွန်ပြည်နယ်မှနေ၍ ဒုက္ခသည်စခန်းသို့ ရောက်လာသူဖြစ်သည်။
“ပွဲစားတွေက ဒုက္ခသည်အတုတွေကို စခန်းထဲသွင်း လာကြပြီး သူတို့ပဲ အရင် ထွက်သွားခွင့် ရတာကြောင့် ကျနော်တို့က ပိုကြာကြာ စောင့်ရတော့မယ်။ လုံးဝ တရားမျှတမှု မရှိဘူး။ ကျနော်တို့က စခန်းထဲမှာ ဘာမှ မရှိဘဲနေ နေရတဲ့အချိန်မှာ သူတို့က စီးပွားရေးလုပ်ငန်း မပျက်ဘဲ ဆက်လုပ်နိုင်ကြတယ်။ တချို့ဆိုရင် မြ၀တီကနေ ရန်ကုန်တောင် ပြန်လိုက် သေးတယ်” ဟု သူက ဆက်ပြောသည်။
လွန်ခဲ့သည့်နှစ်က ဒုက္ခသည်အတုများစွာ နိုဘိုးဒုက္ခသည် စခန်းတွင်းသို့ ရောက်လာခဲ့ကြပြီး ယခုလ အတွင်းတွင်ပင် ၂၇ ဦး ထပ်မံ ရောက်ရှိလာခဲ့ကြောင်း ပလတ် ဟု ခေါ်ကြသည့် စခန်းအာဏာပိုင် ထိုင်းအရာရှိနှင့် ဆက်နွယ်နေသူ ပွဲစား ၂ ဦးရှိကြောင်း၊ သူတို့က လူများကို စခန်းတွင်း ခေါ်သွင်းလာပြီး နိုင်ငံခြားသို့ အမြန်ထွက်ရလေအောင် လုပ်ဆောင်ပေး နေကြကြောင်း ပြောပြသည်။
စခန်းအာဏာပိုင်များက ကြားပွဲစားများနှင့် တကျိတ်တည်း တဉာဏ်တည်း လက်တွဲလုပ်နေကြပြီး ခြစားမှု အကြီးအကျယ် ရှိနေကြောင်း၊ နိုင်ငံခြား အခြေချရေးလုပ်ငန်းများတွင် လူစားထိုး အတုပြုလုပ်မှု အများအပြားရှိနေကြာင်း ကြားသိရသည်။ ပွဲစားများက ပလတ် ကို ငွေပေး၍ ဒုက္ခသည်အဖြစ် တရားဝင်လက်ခံနိုင်စရာ အကြောင်းမရှိသူများအား စခန်းတွင်း ၀င်ရောက်ခွင့်ရရန် ကြိုးပမ်းပေးကြောင်း စခန်းရှိ ဒုက္ခသည်များက ပြောပြသည်။
မသမာသူ မြန်မာပွဲစားများကြောင့် ဖြစ်ပေါ်လာသော မှောင်ခိုဈေးကွက်ဖြစ်ပေါ်လာပြီး စခန်းအတွင်း ငွေမှငွေ ဖြစ်နေသည်။ အသစ် ရောက်ရှိလာကြသူများအဖို့ ဒုက္ခသည်စခန်းများအတွင်း ဆင်းရဲကျပ်တည်းစွာ နေထိုင်ရုန်းကန် နေကြရသည်။
“ကျနော်တို့က စခန်းထဲ ၀င်လို့မရဘူး။ ကျနော်တို့မှာ ဘာစာရွက်စာတန်းမှလည်း မရှိဘူး။ ကျနော်တို့က အခုမှ ထောင်က လွတ်လာကြတာ” ဟု ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့သို့ ယခုမှ ရောက်လာသူ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုသန်းက ပြောသည်။
သူက ၁၉၈၈ လူထုအုံကြွမှုကြီးတွင် ပါဝင်ခဲ့မှုကြောင့် ထောင်ဒဏ် အနှစ် ၂၀ ကျခံရပြီး ပြန်လွတ်လာရုံမျှ ရှိသေးသည်။ မြန်မာနိုင်ငံတွင်လည်း အနာဂတ်အတွက် လမ်းမမြင်တော့သည့်အလျောက် ကိုသန်းက ထိုင်းနိုင်ငံသို့ ထွက်လာပြီး အကျဉ်း ထောင်အတွင်း သူကုန်ဆုံးခဲ့ရသည့် အချိန်များအတွက် တတိယနိုင်ငံ ပြောင်းရွှေ့ကာဘ၀သစ်ထူထောင် အခြေချရန် စဉ်းစား ထားသည်။
နိုင်ငံရေးအကျဉ်းသား ဖြစ်ခဲ့ဖူးသူ ကိုသန်းအဖို့ မိသားစုပါအတူခေါ်၍ ထိုင်းနိုင်ငံသို့ ထွက်လာရာ၊ ဒုက္ခသည်စခန်းသို့ ၀င် ရောက်ခွင့် ရရေးပင် အခက်ကြုံနေရသည်။ အကယ်၍ ကားတစီးငှားစီး၍ ဒုက္ခသည်စခန်းသို့ သွားသည်ထားဦး၊ ထိုင်းရဲများက ဖမ်းဆီးနိုင်သည်။ ကံမကောင်းပါက မြန်မာနိုင်ငံသို့ ပြန်ပို့ခံရနိုင်သလို၊ ပြန်လည် လွတ်မြောက်နိုင်ရေးအတွက် ငွေ အမြောက်အများ လာဘ်ထိုးရဖွယ်လည်း ရှိနေပြန်သည်။
နှိုင်းယှဉ်ချက်အရဆိုလျှင် ဒုက္ခသည်အတုများက စခန်းတွင်း ခိုလှုံခွင့်ရရေး အကြောင်းခြင်းရာ သေသေချာချာ မရှိသော်လည်း၊ သူတို့ခရီးစဉ်အတွက် ကြိုတင်ပြင်ဆင်ထားချိန် ရသည်။ ငွေကြေးအလုံ အလောက် ပြင်ဆင်စုဆောင်း ထားနိုင်သည်။ စခန်းတွင်းရောက်ပါကလည်း ပါလာသမျှငွေကြေးဖြင့် သူတို့ သြဇာ အဆင့်အတန်းကို ၀ယ်ယူနိုင်ပြီး ဒုက္ခသည် အစစ်များထက် ပို၍ ကောင်းကောင်းနေ၊ ကောင်းကောင်းစားကာ သုံးနိုင်ကြသည်။ ဤအခြေအနေ ကြောင့် စခန်းတွင်း တင်းမာမှုများ၊ မကျေနပ်မှုများ ဖြစ်လာရသည်။
“ဒုက္ခသည်တွေမှာ ငွေရှာဖွေခွင့်၊ သူတို့ဘ၀ကို ပိုမိုတိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခွင့် ရှိတယ်လို့ ကျနော်ယုံကြည် ပါတယ်။ ဒါပေမယ့် အခွင့်အရေးသမားတွေက ငွေနဲ့ပေါက် စခန်းထဲကို ရောက်လာကြပြီး အိမ်ကောင်းတွေယူ၊ ရိက္ခာခွဲ တမ်းတွေ ယူနေတာတော့ မတရားဘူး ထင်ပါတယ်။ အရာရာကို စွန့်လွှတ်ခဲ့ရတဲ့ ဒီမိုကရေစီ တိုက်ပွဲဝင်တွေကတော့ ဘာ မှ မရကြဘူး” ဟု မဲလစခန်းတွင် နေထိုင်နေသည့် နောက်ထပ် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်သူ ကိုကျော် ကြီးက ပြောသည်။
သို့သော်ငြား ပွဲစားများ၏ ဖောက်သည် ဒုက္ခသည်အတုများသည်လည်း ငွေဆုံးရသည့် အဖြစ်များရှိသည်။ အများစုက မြန်မာနိုင်ငံ စီးပွားရေးအကျပ်အတည်းမှ လွတ်ရာလွတ်ကြောင်း နည်းလမ်းရှာကြံ ကြသူများ ဖြစ်ပြီး လွယ်လွယ် ကူကူနှင့် ကိစ္စပြီးလိမ့်မည် ထင်ကြသောကြောင့် ယင်းသို့ လိမ်ညာခံကြရခြင်း ဖြစ်သည်။
ထိုသူများမှာ ထိုင်းနိုင်ငံသို့ ရောက်သည့်အခါ တမျိုးကြုံကြရတော့သည်။ သူတို့ကို ဒုက္ခသည်စခန်းတွင် ထားပစ်ခဲ့ပြီး ပွဲစား များက ထွက်ပြေးသွားကြသည်။ ခိုလှုံခွင့်ရရန် အကြောင်းကလည်း မခိုင်လုံ၊ မြန်မာနိုင်ငံပြန်ရန် ငွေကြေးလည်း မရှိတော့ သော အခြေအနေတွင် ဤသို့ လိမ်ညာခံရသူ လူအများက အားကိုးမဲ့ ညှိုးငယ်နေကြရသလို၊ ကြောက်ရွံ့စိုးရိမ်၍လည်း နေ ကြရသည်။ ဤပြဿနာကို တင်ပြမိသောကြောင့် ဒုက္ခရောက်ကြရသူများလည်း ရှိသည်။ စခန်းမှ နှင်ထုတ်ခံကြရ သူများလည်း ရှိခဲ့သည်။
တချို့ဖြစ်ရပ်များတွင် ပွဲစားများက ဒုက္ခသည်အစစ်များ၏ နိုင်ငံရပ်ခြား အခြေချရေးကိစ္စကို နှောင့်နှေးစေရုံမျှသာမက၊ ထိုသူများ၏ အခွင့်အရေးများကို ခိုးယူ အလွဲသုံးစားပြု ခံရမှုများလည်း ကြုံတွေ့ကြရသည်။
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အဖွဲ့ဝင်ဟောင်း တဦးဖြစ်ပြီး လက်ရှိ မဲဆောက်တွင် နေထိုင်သူ ကိုမြတ်သူက သူ၏မိတ်ဆွေတချို့မှာ အမေရိကန်ပြည်ထောင်စုသို့ ပြောင်းရွှေ့ အခြေချရန် လက်ခံထားပြီးဖြစ်ကြောင်း၊ သို့သော် နောက်ဆုံးအချိန်တွင်မှ ကပ်၍ သူတို့ကို သွားခွင့်မပြုတော့ဟု အာဏာပိုင်များက တားမြစ်ကြောင်း ပြန်ပြောပြသည်။
“ထွက်ခါနီးကျတော့ သူတို့အရာရှိတွေနဲ့ တွေ့ရတယ်။ သူတို့နာမည်တွေနဲ့ စာရင်းသွင်းထားပြီးသား ဖြစ်နေတဲ့ တခြား သူတွေက တတိယနိုင်ငံမှာ အခြေချနေကြပြီးသား ဖြစ်နေပြီလို့ ပြောတယ်။ သူတို့က အစစ်အမှန်ပါ ဆိုတာကို သက်သေပြဖို့ လုပ်ကြတော့ အုပ်ချုပ်သူအရာရှိတွေက ငြင်းပယ်လိုက်ပြီး မှောင်ခို ဈေးကွက် ရှိနေပြီလို့ ပြောတယ်တဲ့” ဟု သူက ဆိုသည်။
လူစားထိုး အတုလုပ် အယောင်ဆောင်မှု ပြဿနာများ ရှိတတ်ကြောင်းကို ပြန်လည်အခြေချရေးကိစ္စ ဆောင်ရွက်နေကြ သည့် အဖွဲ့အစည်းများက အသိအမှတ် ပြုထားကြပါသည်။ သို့သော် ဤပြဿနာကို မည်သူတို့က ခွင့်ပြု နေကြသည်၊ မည်သို့ ဖြစ်စေနိုင်သည် ဆိုသည်ကိုတော့ ဆက်လက် တွေးဆရန်သာ ရှိတော့သည်။
“လူစားထိုးတာက တကယ့်ပြဿနာကြီး တခုပါပဲ” ဟု အမည်မဖော်လိုသူ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ၀န်ထမ်းဟောင်း အမျိုးသမီးတဦးက ရှင်းပြသည်။ “ဒီ ကိစ္စနောက်ကွယ်မှာ ဘယ်သူ ရှိနေတယ်ဆိုတာ ဘယ်သူမှ သေချာ မသိဘူး။ သေချာတာကတော့ တချို့ UNHCR ၀န်ထမ်း တွေ ပါဝင် ပတ်သက်နေကြတယ် ဆိုတာပါပဲ။ သူတို့က စခန်းထဲမှာ အာဏာရှိသလို၊ ဒီကိစ္စတွေ အပေါ်မှာလည်း သူတို့ပဲ ကြီးကြပ်နေကြရတာ" ဟု သူက ဆက်ပြောသည်။
“ဒီပြဿနာက ကိုင်တွယ်ဖို့လည်း ခက်တယ်၊ လူတွေက တိုင်ကြားဖို့ဆိုရင် အလွန်ကြောက်နေကြတယ်။ အမှန်တကယ် ခြစားနေတဲ့ သူကို တိုင်ကြားဖို့ကျတော့လည်း ဘယ်သူဆိုတာ စခန်းထဲက ရှိနေတဲ့သူတွေက မသိကြဘူး။ နောက်ပိုင်း တိုင်တဲ့သူကို သိသွားမှာကိုလည်း သူတို့က ကြောက်နေကြပြန်တယ်” ဟု ၎င်းက ဆိုသည်။
“ဒါတွေ ရပ်တန်းက ရပ်သင့်ပြီ။ ကိစ္စတခုဖြစ်တိုင်းမှာ သူတို့က ဒုက္ခသည်အစစ်တယောက် ရရမယ့် နိုင်ငံခြားမှာ အခြေချ နေထိုင်ခွင့် အခွင့်အရေးကို လုယူလိုက်တာပဲ” ဟု သူက ဖြည့်စွက်ပြောသည်။
မဲဆောက်မြို့ ၀န်းကျင်ရှိ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းအခြေချ အလုပ်သမားများ အသိုင်းအ၀န်းကမူ UNHCR ၀န်ထမ်းများ အနေနှင့် လူပွဲစား မှောင်ခိုကိစ္စတွင် ပါဝင် ပတ်သက်နေကြကြောင်း ကာလကြာရှည်ကပင် စွပ်စွဲ ပြောဆိုနေခဲ့ကြသည်။ သက်သေပြရန် အထောက်အထား မရှိသော်လည်း၊ လူအများစုက မည်သူ့ကို ငွေပေးလျှင် တတိယနိုင်ငံ အခြေချရေးကိစ္စ ဖြစ်နိုင်သည်ဟု သိနေကြသည်။
“ခင်ဗျားမှာ ပိုက်ဆံရှိရင်တော့ လုပ်ရတာ ပိုလွယ်တာပေါ့” ဟု ယခင် နိုင်ငံရေးအကျဉ်းသားဟောင်း ဖြစ်ခဲ့ဖူးပြီး ယခုအုန်းဖျံ ဒုက္ခသည်စခန်း၌ နေထိုင်သူ ကိုမျိုးသိန်းက ပြောသည်။ “ခင်ဗျားက ဒုက္ခသည်အစစ် ဖြစ်ဖြစ်၊ မဖြစ်ဖြစ် ပွဲစားကတဆင့် UNHCR က ၀န်ထမ်းကို ဆက်သွယ်ပြီး ပိုက်ဆံပေးလိုက်၊ ခင်ဗျားလျှောက်လွှာကို တခါတည်း လက်ခံလိုက်မယ်၊ ပြီးတော့ ခင်ဗျားကို အမေရိကန် ပို့ပေးလိမ့်မယ်” ဟု သူက ဆက်ပြောသည်။
ဘန်ကောက်အခြေစိုက် UNHCR ၏ ဒေသဆိုင်ရာရုံးမှ အကြီးတန်း လူထုဆက်ဆံရေးအရာရှိ ကစ်တီ မက်ကင်းဆေးကို ဧရာဝတီ မဂ္ဂဇင်းက ထင်မြင်ချက် တောင်းရာ ၎င်းက ဤသို့စွပ်စွဲပြောဆိုနေမှုများနှင့် ပတ်သက်၍ အလေးအနက် ထားကြောင်း ပြောဆိုသည်။
“အတုလုပ် လိမ်လည်တာတွေ၊ ကျမတို့ဝန်ထမ်းတွေက အလွဲသုံးစားလုပ်နေတာတွေနဲ့ ပတ်သက်လို့ သည်းညည်းခံနိုင်မှု အတိုင်းအတာ 'သုည' ပေါ်လစီကို ချမှတ်ထားပါတယ်” ဟု သူကဆိုခဲ့သည်။
ဤသို့ ပြဿနာများ ရှိနေသော်လည်း ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များ ပြန်လည်အခြေချရေး လုပ်ငန်းမှာ ကမ္ဘာပေါ် တွင် အအောင်မြင်ဆုံး လုပ်ငန်းတခုဖြစ်ကြောင်း သိရှိရသည်။
အန်ဂျီအို လုပ်သားတဦးကလည်း “ဒီမှာ ဆောင်ရွက်အောင်မြင်ခဲ့တဲ့ လုပ်ငန်းတွေကတော့ အတိုင်းမသိပါပဲ။ လူတွေကို တကယ်ပဲ မြန်မြန်ဆန်ဆန်နဲ့ ပြောင်းရွှေ့ အခြေချပေးနေပါတယ်။ တတိယနိုင်ငံတွေမှာ အခြေချဖို့ ပို့ပေးခဲ့သူ ၄၀၀၀၀ လောက် ရှိနေပါပြီ။ စခန်းထဲမှာ ကျပ်တည်းနေရတဲ့ ဘ၀မျိုးကနေ သူတို့ရဲ့ အခြေခံ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ ခံစားနေနိုင်တဲ့ နိုင်ငံတွေမှာ အခြေချနေကြပါပြီ” ဟု ဆိုခဲ့သည်။
သို့သော်လည်း ဒုက္ခသည်စခန်းများထဲတွင် ဆင်းရဲဒုက္ခ ဆက်လက် ကြုံနေကြရသည့် တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ စစ်ပွဲများအတွင်း နစ်နာဆုံးရှုံးခဲ့ကြရသူများ ရှိနေသေးပြီး ဒုက္ခသည်အတုများကြောင့် သူတို့နစ်နာ နေကြရသည်ဟု ခံစားနေကြရဆဲ ဖြစ်သည်။
“ဒုက္ခသည်အစစ်တွေက စခန်းထဲကျန်နေရစ်တဲ့ အချိန်မှာ ဒုက္ခသည် အတုတွေက ကျနော်တို့ခံစားရမယ့် အခွင့်အရေး တွေကို ခိုးယူသွားခဲ့ကြတယ်။ ပွဲစားတွေကိုပဲ အပြစ်ဆိုကြရတော့မှာပဲ” ဟု ကိုမျိုးသိန်းက စိတ်ပျက်စွာ ညည်းညူသည်။

အန်အယ်ဒီ ရုံးချုပ်တွင် စည်းရုံးရေးသင်တန်း ကျင်းပ

မြင့်မောင်


တနင်္လာနေ့၊ စက်တင်ဘာလ 28 ရက် 2009 ခုနှစ် 21 နာရီ 58 မိနစ်
နယူးဒေလီ (မဇ္ဈိမ)။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် တိုင်းနှင့် ပြည်နယ် စည်းရုံးရေးမှူးများနှင့် စည်းအဖွဲ့ဝင်များ အရည်အချင်း မြှင့်တင်ရေးအတွက် စည်းရုံးရေး သင်တန်းတခုကို ရန်ကုန်ရုံးချုပ်၌ ယနေ့မှ စတင်ကာ ၅ ရက်ကြာ ပြုလုပ်သွားမည်ဟု သိရသည်။
ပါတီလုပ်ငန်းများတွင် အထောက်အကူဖြစ်ရန်၊ ပါတီလုပ်ငန်းများ အကျယ်အပြန့် လုပ်ကိုင်ရန်နှင့် အရည်အသွေး ကောင်းမွန်သည့် လူငယ်များ ပေါ်ပေါက်လာရန်အတွက် ဒုတိယအကြိမ်မြောက် ပြုလုပ်သည့် ယခုသင်တန်းသို့ တိုင်းနှင့် ပြည်နယ် ၁၁ ခုမှ စည်းရုံးရေးမှူးများ၊ စည်းအဖွဲ့ဝင်များ စုစုပေါင်း ဦးရေ ၄ဝ ကျော် တက်ရောက်နေခြင်း ဖြစ်သည်။
“စည်းရုံးရေးလုပ်ငန်းတွေက အမြဲတမ်းလုပ်နေတာပါ။ ဒီအချိန်ဟာ ပါတီအတွက် အရေးကြီးတဲ့ အချိန်ဖြစ်တယ်။ ကျနော်တို့အနေနဲ့ ပါတီဝင်တွေရဲ့ အရည်အချင်းတွေကို မြှင့်တင်တာဖြစ်ပါတယ်။ ပါတီ တည်ရှိနေသရွေ့ ပါတီလုပ်ငန်းတွေကို လုပ်နေရမှာပါ။ ပါတီအနေနဲ့ ၂ဝ၁ဝ ကိစ္စနဲ့ ပတ်သက်ပြီး ဘာအစီအစဉ်မှ မရှိသေးပါဘူး။ တချိန်ချိန်မှာ အပြောင်းအလဲတရပ် ဖြစ်ပေါ်လာရင် အဆင်သင့်ဖြစ်အောင် လုပ်ဆောင်ထားတဲ့ သဘောမျိုးပါ” ဟု ပါတီပြန်ကြားရေးအဖွဲ့ဝင် ဦးဟန်သာမြင့်က မဇ္ဈိမကို ပြောသည်။
ပါတီ၏ သမိုင်းဖြတ်သန်းမှု၊ စည်းရုံးရေး၊ ဥပဒေရေးရာ၊ လူမှုကူညီရေးနှင့် HIV/AIDS ၊ လူ့အခွင့်အရေး၊ တိုင်းရင်းသားလူမျိုးအရေး၊ စီးပွားရေး၊ နိုင်ငံတကာ ဆက်ဆံရေးနှင့် သတင်းစာပညာ အစရှိသည့် ပညာရပ်များကို ပါတီတွင်းရှိ တတ်သိနားလည်သူများက လာမည့်လ ၂ ရက်နေ့အထိ ဦးဆောင်ပို့ချသွားမည်။
ယနေ့နံနက်ပိုင်းတွင် ပါတီ ဖြတ်သန်းခဲ့သည့် နောက်ခံသမိုင်းကြောင်းကို ပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်နှင့် နေ့လယ်ပိုင်းတွင် စည်းရုံးရေးခေါင်းစဉ်ဖြင့် မွန်ပြည်နယ်မှ ဦးအောင်ကြည်ညွန့်က ဆွေးနွေးသင်ကြားရာ၊ တက်ရောက်သူများကလည်း သိလိုသည်များကို မေးမြန်းကာ အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
“အဖွဲ့ချုပ်ရဲ့ ဖြတ်သန်းမှု အခြေအနေ၊ ရွေးကောက်ပွဲကိစ္စ၊ ရွေးကောက်ပွဲပြီးတော့ အဖွဲ့ချုပ်က ကန့်သတ်ချုပ်ချယ် ခံရပုံတွေ ပါတယ်။ ဦးအောင်ကြည်ညွန့်က စည်းရုံးရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ အဖွဲ့ဝင်တွေကို ဘယ်လို ပုံသဏ္ဍာန်နဲ့ စည်းရုံးမယ်၊ ဘာကြောင့် စည်းရုံးတယ်၊ ဘယ်အတွက်ကြောင့် စည်းရုံးတယ်၊ စည်းရုံးရေးနဲ့ ပတ်သက်တဲ့ ခိုင်မာတဲ့ စည်းရုံးမှုမျိုး ရှိဖို့ လိုအပ်တယ်။ စသဖြင့်ပေါ့နော်” ဟု ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။
ရှေ့နေဦးသိန်းညွှန့်က မြန်မာနိုင်ငံ ဥပဒေနှင့် လက်ရှိပြဿနာ၊ တနင်္သာရီတိုင်းမှ ဦးလှမင်းက လူမှုကူညီရေးနှင့် HIV/ AIDS အကြောင်း၊ ဧရာဝတီတိုင်းမှ ဦးအေးမြင့် လူ့အခွင့်အရေး ပညာပေး၊ ကိုထွန်းထွန်းက တိုင်းရင်းသား လူမျိုးများအရေး၊ ဦးဟန်သာမြင့်က ဒီမိုကရေစီ် ပညာခေတ်နဲ့ မျက်မှောက်ပြဿနာ၊ ဦးအေးမင်းက စီးပွားရေးဆိုင်ရာကိစ္စ၊ ဦးခင်မောင်ဆွေက နိုင်ငံတကာ ဆက်ဆံရေးနှင့် ဦးတင်လှဦးက သတင်းစာပညာနှင့် ပတ်သက်၍ ပို့ချသွားကြမည် ဖြစ်သည်။

ရွေးကောက်ပွဲဝင်မည့် တိုင်းရင်းသားများကို မြန်မာအာဏာပိုင်တို့ ခေါ်ယူသတိပေး

ဝီရ / ၂၈ စက်တင်ဘာ ၂၀၀၉

လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသည့် ကချင်နှင့် မွန်တိုင်းရင်းသားခေါင်းဆောင် အချို့တို့၏ နိုင်ငံရေးလှုပ်ရှားမှုများနှင့်ပတ်သက်၍ စစ်အစိုးရ အာဏာပိုင်တို့က ခေါ်ယူသတိပေးခဲ့ကြောင်း စုံစမ်းသိရှိရသည်။
ကချင်ပြည်နယ် တိုးတက်သောပါတီ (Kachin State Progressive Party - KSPP) ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာ တူးဂျာနှင့် မွန်အမျိုးသားတို့အတွက် ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီဖြစ်မြောက်ရေး (၁၅) ဦးကော်မတီတွင် ပါဝင်သူ နိုင်မင်းနွယ်စိုးတို့အား ယခုအချိန်သည် နိုင်ငံရေးလှုပ်ရှားမှု စတင်ရန် စောသေးသည်ဟု အကြောင်းပြကာ မီဒီယာများသို့ ဆက်သွယ်စကားပြောခြင်း မလုပ်ကြရန် စစ်အစိုးရအာဏာပိုင်တို့က လာရောက်သတိပေးခဲ့ကြောင်း ၎င်းတို့နှင့် နီးစပ်သူများက ပြောသည်။
ကချင်ပြည်နယ် တိုးတက်သောပါတီ ဖြစ်မြောက်ရေး ကော်မတီဝင် ဒေါက်တာတူးဂျာကိုလည်း အလားတူသတိပေးခဲ့ကြောင်းနှင့် ယခင်သီတင်းပတ်အတွင်း ပြည်တွင်းမီဒီယာများတွင် ဖော်ပြသည့် ၎င်း၏ တွေ့ဆုံမေးမြန်းချက်များနှင့် သက်ဆိုင်နိုင်ကြောင်း ကချင်ထိပ်ပိုင်းခေါင်းဆောင်တဦးက ပြောသည်။
၎င်းက “နအဖတွေက တူးဂျာတို့ရဲ့လုပ်ရပ်တွေကို မကြိုက်လို့မဟုတ်ဘူး။ ရွေးကောက်ပွဲ ဝင်ကြမယ့်သူတွေပဲ ဆိုတော့လေ။ အခု သတိပေးတာက မီဒီယာတွေဆီကို ခင်ဗျားတို့ message တွေပေးတာ စောနေတယ်။ နအဖဘက်က ပါတီထောင်ဖို့ စည်းမျဉ်း၊ စည်းကမ်းတွေ ထွက်လာပြီးလို့ Register လုပ်ခွင့်ရပြီးမှ မီဒီယာတွေနဲ့တွေ့ဆုံပါ။ ဒီလိုမျိုး သတိပေး ခေါ်ပြောတာ။ ဦးသုဝေတို့ ဒီမိုကရက်တစ်ပါတီရဲ့သတင်းတွေကိုလည်း နအဖက ပိတ်ထားတယ်” ဟု ပြောသည်။
“မင်းနွယ်စိုးကိုလည်း ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က နအဖရဲအရာရှိတွေက လာခေါ်သွားတယ်။ ဒီ မွန် (၁၅) ဦး ကော်မတီအဖွဲ့ရဲ့ လစဉ် ပုံမှန်အစည်းအဝေးတွေကို မလုပ်နဲ့ဦး။ ဒီနိုင်ငံရေးလှုပ်ရှားမှုတွေကို မစနဲ့ဦး။ အချိန်စောသေးတယ်။ အဲဒီလို သတိပေးပြီး ပြန်လွှတ်လိုက်တယ်” ဟု နိုင်မင်းနွယ်စိုးနှင့် နီးစပ်သူတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
ထိုသို့သတိပေးမှုကြောင့် ပါတီဖြစ်မြောက်ရေး (၁၅) ဦးကော်မတီ၏ လစဉ် ပုံမှန်အစည်းအဝေးကို ၂၀၀၉ ခုနှစ် စက်တင်ဘာ (၂၄) ရက်တွင် စီစဉ်ထားသော်လည်း ဖျက်သိမ်းလိုက်ရသည်ဟု သိရသည်။
ယခုလဆန်းပိုင်းထုတ် စစ်အစိုးရသတင်းစာများတွင်မူ ကချင်နှင့် မွန်တိုင်းရင်းသားတို့သည် ရွေးကောက်ပွဲအတွက် ပါတီဖွဲ့စည်းရန် ပြင်ဆင်နေပြီဖြစ်ကြောင်း ချီးကျူးရေးသားခဲ့သည်။
ဝါရင့် ရှမ်းနိုင်ငံရေးသမား ဦးရွှေအုန်း ဦးဆောင်သည့် ပြည်ထောင်စု ဒီမိုကရေစီ မဟာမိတ်အဖွဲ့ (ပဒမဖ) ကလည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် အင်အားကြီးပါတီတရပ်အဖြစ် ရပ်တည်သွားနိုင်ရန် ရည်ရွယ်၍ အဆိုပါ ကချင်ပြည်နယ် တိုးတက်သောပါတီနှင့် မွန်(၁၅) ဦး ကော်မတီတို့အား လာရောက်ပူးပေါင်းရန် ဖိတ်ခေါ်ထားသည်။
မွန်အမျိုးသားတို့အား ကိုယ်စားပြုမည့် ပါတီဖြစ်မြောက်ရေး (၁၅) ဦး ကော်မတီတွင် မွန်အမျိုးသားဒီမိုကရက်တစ်တပ်ဦး (MNDF) မှ ခေါင်းဆောင်အချို့နှင့် မွန်ပြည်သစ်ပါတီမှ နုတ်ထွက်ထားသူ ခေါင်းဆောင်အချို့လည်း ပါဝင်သည်။

တရုတ်လုပ် ဘတ်စ်များ နယ်စပ်လမ်းမှတဆင့် တင်သွင်း

 

ပေါက်ပေါက် / ၂၈ စက်တင်ဘာ ၂၀၀၉

တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန် လမ်းကြောင်းမှတဆင့် မြန်မာပြည်ထဲသို့ တင်သွင်းမည့် တရုတ်နိုင်ငံလုပ် ဘတ်စ်များ ကျယ်ဂေါင်မြို့သို့ ယနေ့ရောက်ရှိလာသည်။
ထိုင်ခုံ (၄၄) လုံးတပ်ဆင်ထားသော ခရီးသည်စီး ဘတ်စ်ကား (၁၁) စီးအား ယနေ့ နံနက်ပိုင်းက မူဆယ်မြို့တဖက်ကမ်း၊ တရုတ်နိုင်ငံ၊ ရွှေလီမြို့နှင့် ကျယ်ဂေါင်မြို့အကြား စစ်ဆေးရေးဂိတ်တွင် ရပ်နားထားကြောင်း မျက်မြင်ဒေသခံတဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့ (၂) ပတ်လောက်က သယ်သွားတဲ့ ဘတ်စ်ကားတွေနဲ့ တပုံစံတည်း၊ တရွယ်တည်းပဲ။ ခရီးသည် (၄၄) ယောက် တင်နိုင်တယ်။ ဒရိုင်ဘာထိုင်ခုံနဲ့ဆို အားလုံး (၄၅) ခုံရှိတယ်။ အတော်လေးရှည်တယ်” ဟု ပြောသည်။
ယခုအကြိမ်သည် တလအတွင်း ဒုတိယအကြိမ်မြောက် တင်သွင်းခြင်းဖြစ်ပြီး ယခုလ (၁၄) ရက်ကလည်း အလားတူ ဘတ်စ် (၁၁) စီးကို မူဆယ်ကုန်သွယ်ရေး လမ်းကြောင်းမှတဆင့် တင်သွင်းခဲ့ရာ စုစုပေါင်း (၂၂) စီး တင်သွင်းခဲ့ပြီးဖြစ်သည်။
ယခုနှစ် လလယ်ပိုင်းကလည်း ဘတ်စ်များအပါအဝင် ဂျပန်နိုင်ငံလုပ် ဇိမ်ခံကားများ တင်သွင်းခဲ့သေးသည်။
နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ကားများ တင်သွင်းခွင့်လိုင်စင်ကို မြန်မာ့စီးပွားရေးဦးပိုင်နှင့် ဦးတေဇ၏ ထူးထရိတ်ဒင်းကုမ္ပဏီကဲ့သို့ နအဖနှင့်နီးစပ်သည့် ကုမ္ပဏီများကသာ ရရှိပြီး နယ်စပ်ကုန်သည်များ လုပ်ခွင့်မရကြောင်း မူဆယ်နယ်စပ် ကုန်သည်တဦးက ပြောသည်။
၎င်းက “အဲဒါတွေက နယ်စပ်ကုန်သွယ်ရေးနဲ့မဆိုင်ဘူး။ နေပြည်တော်ကနေ တိုက်ရိုက်လုပ်တာ။ ကုန်သွယ်ရေးဇုန်ကို ဖြတ်သာ ဖြတ်သွားတာ။ မူဆယ်နယ်စပ် ကုန်သွယ်ရေးဇုန်မှာ ဂျူတီဆောင်တာတို့ ဘာမှလုပ်စရာမလိုဘူး။ ဘာအစစ်ဆေးမှလည်း ခံယူစရာမလိုဘူး။ နယ်စပ်ကုန်သည်တွေထဲက အရင်းနှီး ကြီးကြီးမားမားရှိရင်တောင် အဲလိုမျိုး လုပ်ခွင့်မရဘူး။ ကားအပိုပစ္စည်းလောက်ပဲ သွင်းခွင့်ရှိတယ်” ဟု ပြောသည်။
နအဖက ရန်ကုန်မြို့တွင်း လိုင်းပြေးဆွဲနေသည့် ဒိုင်နာကားများကို ဖြုတ်ပြီး ဘတ်စ်များဖြင့် အစားထိုးရန် ရှိပြီုး မြန်မာပြည်အတွင်း သယ်ယူပို့ဆောင်ရေးတွင် ဘတ်စ်များဖြင့် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုရန် စီမံကိန်းရှိသည့်အတွက် ယခုကဲ့သို့ တရုတ်နိုင်ငံလုပ် ဘတ်စ်များကို မှာယူတင်သွင်းမှု များလာခြင်းဖြစ်ကြောင်း နယ်စပ်ကုန်သည်များက ပြောသည်။

ဗိုလ်ချုပ်မှူးကြီးထံသို့ ဒေါ်အောင်ဆန်းစုကြည် စာရေးသားပေးပို

Saturday, 26 September 2009 17:33 ကိုထွေး
.မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံတကာက အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်း ရေးနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးသား ပေးပို့ကြောင်း ရှေ့နေဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

ယင်းစာကို ဦးဉာဏ်ဝင်းက ပြုစုခဲ့ပြီး အတည်ပြုချက် ရယူရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ယမန်နေ့ နေ့လယ် ၂း၃၀ နာရီတွင် သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟုဆိုသည်။
အဆိုပါစာတွင် အရေးယူပိတ်ဆို့မှုများ ပြန်လည် ရုတ်သိမ်းရေးအတွက် ဆောင်ရွက်ရန် အကြံပြုချက်များနှင့် ပတ်သက်၍ ရေးသားထားကြောင်း သိရသည်။
“ဒေါ်အောင်ဆန်း စုကြည်က အရေးယူပိတ်ဆို့မှုတွေနဲ့ပတ်သက်ပြီးတော့ သူ့ရဲ့အမြင်သစ်တွေကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ စာရေးချင်တယ်လို့ ပြောလို့ အဲဒီစာကို ကျနော်ပြုစုတယ်၊ ဒီနေ့ သွားအတည်ပြုတယ်၊ သဘော တူတယ်၊ လက်မှတ်ထိုး ပြီးပြီ၊ အရေးယူပိတ်ဆို့မှုတွေကို ပြန်လည် ရုတ်သိမ်းရေးအတွက် ဆောင်ရွက်ဖို့နည်းလမ်း တွေနဲ့ ပတ်သက်ပြီးတော့ ဆက်စပ်တဲ့ဟာတွေကို အကျိုး အကြောင်းရေးတဲ့စာပါ၊ ကျနော် ဒီနေ့ သွားယူတယ်” ဟု ဦးဉာဏ်ဝင်းက ဧရာဝတီသို့ ပြောသည်။
စာတွင်ရေးသားထားသည့် အသေးစိတ် အကြောင်းအရာများကို မပြောဆိုနိုင်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် နှင့် အချိန် ၂နာရီ နီးပါး တွေ့ဆုံဆွေးနွေးခဲ့သဖြင့် ပြန်လည် ရောက်ရှိသည့် အချိန်တွင် အဆိုပါစာကို ပေးပို့ရန် အချိန်မမီတော့ကြောင်း၊ သို့သော်လည်း အမြန်ဆုံးပေးပို့နိုင်ရန် စီစဉ်နေကြောင်း ၎င်းက ဆက်လက် ပြောဆို သည်။
၎င်းစာတွင် အရေးယူပိတ်ဆို့မှုရုတ်သိမ်းရေး အပြင် နိုင်ငံရေးအကျဉ်းသား အားလုံး ပြန်လွှတ်ပေးရေး၊ တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် သုံးသပ်ရေး စသော အကြောင်းအရာများကိုလည်း ထည့်သွင်း ရေးသားထားနိုင်ကြောင်း သုံးသပ်သူများက ဆိုသည်။
၂၀၀၇ ခုနှစ်ကလည်း အရေးယူပိတ်ဆို့မှုများ ရုတ်သိမ်းရေး အတွက် စစ်အစိုးရနှင့်အတူတကွ ပူးပေါင်း ဆောင်ရွက်ရန် ဒေါ်အောင်ဆန်းစုကြည်က အဆိုပြုကမ်းလှမ်းခဲ့ဖူးကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။
အဆိုပါ အရေးယူပိတ်ဆို့မှုများကို ဒီမိုကရေစီရေး ဖိနှိပ်မှုများနှင့် လူအခွင့်အရေးချိုးဖောက်မှုများကြောင့် မြန်မာစစ်အစိုးရ အပေါ် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံအနေနှင့် သမ္မတ ကလင်တန် အစိုးရလက်ထက် ၁၉၉၇ ခုနှစ်တွင် အမေရိကန်နိုင်ငံမှ ရင်းနှီးမြှပ်နှံမှုများကို တားမြစ်ပိတ်ပင်ခြင်း၊၂၀၀၃ ခုနှစ် သမ္မတ ဂျော့ဘုရှ် လက်ထက်တွင် မြန်မာပြည် လွတ်မြောက်ရေးနှင့် ဒီမိုကရေး ဥပဒေ ပြဌာန်း၍ မြန်မာပြည်မှ အမေရိကန်သို့ ကုန်ပစ္စည်းများ တင်သွင်းခွင့်နှင့် စစ်ခေါင်းဆောင်များ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်း၊ ၂၀၀၈ ခုနှစ်တွင် လွှတ်တော် အမတ် တွမ်လန်းတို့စ်၏(Tom Lantos Block Burmese JADE Act 2008) အရ မြန်မာ့ကျောက်မျက်များ အမေရိကန်သို့ တင်သွင်းမှု ပိတ်ပင်ခြင်း စသည့် ဒဏ်ခတ် အရေးယူမှုများ ချမှတ်ဆောင်ရွက်ခဲ့သည်။
ဥရောပသမဂ္ဂကလည်း ၁၉၉၆ခုနှစ်မှ စတင်၍ မြန်မာစစ်ခေါင်းဆောင် မိသားစုဝင်များ၏ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခြင်း၊ မြန်မာပြည်အား လက်နက်ရောင်းချခွင့်ကို တားမြစ်ပိတ်ပင်ခြင်းများ ပြုလုပ်ခဲ့သည်။
အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ပြီးခဲ့သည့် ဇူလိုင်လအတွင်းက မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ အရေးယူသည့် ဥပဒေကို ထပ်မံ သက်တမ်း တိုးမြှင့်လိုက်သည်။
အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး မစ္စ ဟီလာရီ ကလင်တန်ကလည်း မြန်မာပြည်အရေးနှင့် ပတ်သက်၍ တိုက်ရိုက် စေ့စပ်ဆွေးနွေးခြင်းနှင့် ပိတ်ဆို့ ဒဏ်ခတ်ခြင်း တို့အား တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ကိုင်စွဲသွားမည်ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။
မစ္စ ဟီလာရီ ကလင်တန်၏ စစ်အစိုးရနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်း ဆက်ဆံမည် ဟူသောပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပြီး ဒီမိုကရေစီ အင်အားစုများနှင့်လည်း တွေ့ဆုံ ဆွေးနွေးရန် လိုသည်ဟု ပြောကြား ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က စစ်ခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင်များ၊ မိသားစုဝင်များနှင့် တွေ့ဆုံရန် အာဏာပိုင်များကို မကြာသေးမီက တောင်းဆိုထားကြောင်းလည်း သံတမန် အသိုင်းအ၀န်း၏ အဆိုရ သိရသည်။
ယင်းတောင်းဆိုချက်နှင့် ပတ်သက်၍ တစုံတရာ မသိရှိရကြောင်း ဦးဉာဏ်ဝင်းက ငြင်းဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ပြီးခဲ့သည့် အနှစ် ၂၀ အတွင်း ၁၄ နှစ်ကြာ ချုပ်နှောင်ခံခဲ့ရသည်။ ပြီးခဲ့သော သြဂုတ်လ ၁၁ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ထောင်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ ထိုအပြစ်ဒဏ်ကို စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ထက်ဝက် လျှော့ချကာ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေရန် အမိန့် ထုတ်ပြန်ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်က ထိုစီရင်ချက်အတွက် ရန်ကုန်တိုင်း တရားရုံးသို့ အယူခံ တင်သွင်းခဲ့သည်။ တရားရုံးက လျှောက်လဲချက် ကြားနာရန် စက်တင်ဘာလ ၁၈ ရက်နေ့သို့ ရုံးချိန်းပေးခဲ့သည်။ ထို့နောက် အောက်တိုဘာလ ၂ရက်နေ့တွင် ကြားနာမည်ဟု ဆိုကာ ထပ်မံ ရုံးချိန်းပေးခဲ့သည်။

၅၀၀၀ ကျပ်တန်ကြောင့် စီးပွားရေးပိုမို ကြပ်တည်းမည်ဟုဆို


(ဓာတ်ပုံ - The Voice Journal)
  Monday, 28 September 2009 16:12 အောင်သက်ဝိုင်း .
၅၀၀၀ ကျပ်တန်ငွေစက္ကူသစ် ထုတ်ဝေသုံးစွဲမည့် စစ်အစိုးရ၏ အစီအစဉ်ကို မြန်မာပြည်သူ အများစုက တိုင်းပြည် စီးပွားရေး ယခုထက် ပိုမို ယိုယွင်းပျက်စီးမည့် အရိပ်လက္ခဏာ အဖြစ် ရှုမြင်နေကြကြောင်း လေ့လာ သိရှိရသည်။

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က အောက်တိုဘာလ ၁ ရက်နေ့မှ စတင်ပြီး ၅၀၀၀ ကျပ်တန် ငွေစက္ကူကို သုံးစွဲမည်ဟု တရားဝင် ကြေညာလိုက်သောကြောင့် ရွှေဈေးနှုန်း ရုတ်တရက်မြင့်တက်ကာ မြန်မာငွေ တန်ဖိုး ကျဆင်း၍ ကုန်ဈေးနှုန်းများ ရုတ်တရက် တိုးမြင့်တက်လာမည်ကို လူအများက စိုးရိမ်နေကြသည်ဟု ကြားသိရသည်။
ကျပ် ၅၀၀၀ တန် ထွက်လာမည့်ကိစ္စနှင့် ပတ်သက်၍ ရန်ကုန်ရှိ စီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များ၊ အစိုးရ၀န်ထမ်းများ၊ တက္ကသိုလ် ကျောင်းသားများ၊ ကုမ္ပဏီဝန်ထမ်းများ၊ ပျံကျဈေးသည်များနှင့် နေ့စားပျံကျ လုပ်သားများ၏ အမြင်များကို တွေ့ဆုံမေးမြန်းရာ အများစုမှာ ကုန်ဈေးနှုန်းများ မြင့်တက်လာမည်၊ ငွေ အကြွေ ပိုမို ရှားပါးလာမည်၊ စားဝတ်နေရေး ပိုမိုကျပ်တည်းလာမည် စသည့် စီးပွားရေးဆိုင်ရာ ဆိုးကျိုးများ ဖြစ်ပေါ် လာမည်ဟု ထင်မြင်ချက် ပေးကြသည်။
ကမ္ဘာ့စီးပွားရေး အကျပ်အတည်းကြောင့် နိုင်ငံတကာတွင် ကုန်ပစ္စည်းဈေးများ ကျဆင်းပြီး မြန်မာငွေ တန်ဖိုး ပြန်လည်မြင့်တက် တည်ငြိမ်လာချိန်တွင် ကျပ် ၅၀၀၀ တန် ထုတ်ဝေ ခြင်းသည် မှားယွင်းသော လုပ်ရပ် ဖြစ်သည် ဟု ရန်ကုန်ရှိ စီးပွားရေးပညာရှင် တဦးက ပြောသည်။
“စီးပွားရေး အကျပ်အတည်းမှာ မြန်မာငွေတန်ဖိုး မာလာတယ်။ လုပ်ငန်းရှင်တွေနဲ့ ကုန်သည်တွေကြားမှာ ရွှေတို့၊ ဒေါ်လာတို့ထက် မြန်မာငွေပဲ စုထား၊ ကိုင်ထားတဲ့အထိ တန်ဖိုးတက်ခဲ့တယ်။ ရွှေဈေးတွေထိုးကျ၊ အမေရိကန်ဒေါ်လာ မတည်မငြိမ်ဖြစ်နေလို့ ကျပ်ငွေအပေါ် ယုံကြည်မှု တိုးနေချိန်မှာ မြန်မာငွေတန်ဖိုးက တည်ငြိမ်နေတာကို ဆက်ထိန်းသင့်တယ်” ဟု ထိုစီးပွားရေးပညာရှင်က ဆိုသည်။
ဘဏ်စနစ်နှင့် ချက်လက်မှတ် အသုံးပြုမှု မတွင်ကျယ်ခြင်းကြောင့် လက်ငင်း ငွေသားပေးချေစနစ်ဖြင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်ရန် ငွေစက္ကူ အမြောက်အမြား ကိုင်တွယ်ရခြင်းမှ သက်သာ သွားနိုင် သော်လည်း ၅၀၀၀ ကျပ်တန် ထွက် ပေါ်လာခြင်းကြောင့် ကောင်းကျိုးထက် ဆိုးကျိုးသာ များပြားကြောင်း စီးပွားရေးပညာရှင် တချို့က သုံးသပ်သည်။
ယခုအခြေအနေတွင်ပင် အကြွေရှားပါးမှုပြဿနာ အကြီးအကျယ်ကြုံတွေ့နေရပြီး ၅၀၀၀ ကျပ်တန် ထွက်ရှိလာချိန်တွင် ပိုမိုအခက်ကြုံနိုင်သည်ဟုလည်း စီးပွားရေး ကျွမ်းကျင်သူများက ဆိုကြသည်။
“အခုတောင် ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန်တွေ ရှားနေတာ ၅၀၀၀ တန်ထွက်လာ ရင် ၅၀၀ နဲ့ ၁၀၀၀ တန် ထပ်ရှားသွားမယ်။ အကြွေရှားပါးမှုကြောင့် ကုန်စည်ဈေးနှုန်း တက်မယ်။ ဥပမာ - ၂၅၀ တန် ပစ္စည်းတခုကို အကြွေရှားလို့ ၃၀၀ နဲ့ တင်ရောင်းတယ်။ ၄၀၀ တန်ကိုလည်း အကြွေရှားလို့ ၅၀၀ တင်ရောင်းတယ်။ ဒီလိုနဲ့ နောက်ဆုံး ကုန်ပစ္စည်းတွေရဲ့ အနိမ့်ဆုံးတန်ဖိုးက ၅၀၀ ဖြစ်လာလိမ့်မယ်။ ၅၀ တန်၊ ၁၀၀ တန်၊ ၂၀၀ တန် ပစ္စည်းတွေ လုံးဝ ပျောက်သွားလိမ့်မယ်” ဟု ဒဂုံတက္ကသိုလ်၊ ဘောဂဗေဒဌာနမှ ဆရာတဦးက ဆိုသည်။
၅၀၀၀ ကျပ်တန်များ ထုတ်ဝေရခြင်း၏ အဓိက အကြောင်းရင်းမှာ စစ်အစိုးရအနေနှင့် အသုံးစရိတ် လိုငွေပြမှုကို ဖြေရှင်းလိုခြင်းကြောင့် ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြသည်။
“နေပြည်တော်ဆောက်တယ်။ အစိုးရ ၀န်ထမ်းတွေကိုလည်း လစာ အဆပေါင်းများစွာ တိုးပေးတယ်။ စစ်တပ်ရဲ့ အသုံးစရိတ်ကလည်း တနေ့တခြားပိုများလာတယ်။ အရာရှိက စပြီး စစ်သားအဆုံး တပ်မတော် သားတွေကို တိုင်းပြည်က ရှာကျွေးနေရတယ်။ အစိုးရမှာ ခုလို ဘတ်ဂျက်လိုငွေတွေ ပြနေလွန်းလို့ ၅၀၀၀ တန်ထုတ်ရတာဆိုတာ ထင်ရှားပါတယ်” ဟု ရန်ကုန် စီးပွားရေးပညာရှင်တဦးက ပြောသည်။
၅၀၀၀ ကျပ်တန် ထွက်ရှိလာခြင်းကြောင့် ငွေကြေးဖောင်းပွမှုများ သေချာပေါက် ကြုံတွေ့ရမည်ဖြစ်ပြီး ချက်ချင်းလက်ငင်း ငွေကြေးဖောင်းပွမှု ကြီးကြီးမားမား ဖြစ်ပေါ်လာမည် မဟုတ်ဘဲ တဖြည်းဖြည်း ခြောက်လမှ တနှစ်အကြား ငွေကြေး ဖောင်းပွမှု ပြဿနာများ ကြုံတွေ့ရမည်မှာ သေချာသည်ဟု စီးပွားရေးပညာရှင်များက ဆိုသည်။
“၅၀၀၀ တန်ထုတ်မယ်လို့ ကြေညာပြီး ရွှေဈေး၊ ဒေါ်လာဈေးတွေ တက်သွားတာက လန့်လို့ တက်သွားတာ။ တကယ် ငွေကြေးဖောင်းပွလို့ မဟုတ်သေးဘူး။ တကယ်က ၅၀၀၀ တန်ထွက်ပြီး ခြောက်လနဲ့ တနှစ်အတွင်း
ကျမှ ဖြစ်မှာ။ နောက်ဆုံး ဈေးကွက်မှာ အဆပေါင်းများစွာ ဈေးတက်မယ်။ ဒါက သီအိုရီအရ သေချာပေါက် ပြောနိုင်တာပါ” ဟု ရန်ကုန်အခြေစိုက် စီးပွားရေး သုတေသီတဦးက ဆိုသည်။
မြန်မာနိုင်ငံရှိ စီးပွားရေးပညာရှင် အများစုမှာ ၅၀၀၀ ကျပ်တန်ထွက်ရှိမည့်အပေါ် ဆိုးကျိုးသာ များသည်ဟု ထောက်ပြနေချိန်တွင် သာမန် မြန်မာပြည်သူများ အကြားတွင်လည်း ၅၀၀၀ ကျပ်တန် ထွက်ပေါ်လာမည့် အရေးကို စိုးရိမ်လျက် ရှိသည်။
၅၀၀၀ ကျပ်တန်ကြောင့် လုပ်ငန်းရှင်များအကြားတွင် မြန်မာငွေအပေါ် ယုံကြည်မှု လျော့ကျလာပြီး ငွေအစား ခိုင်မာမှုရှိသော အရာများကို ပြောင်းလဲ စုဆောင်းရန် စဉ်းစားနေကြကြောင်း ကြားသိရသည်။
“လုပ်ငန်းရှင်က သူပိုင်ဆိုင်မှုလျော့သွားမှာ ကြောက်တယ်။ ဒီတော့ ကျပ်ငွေအစား ခိုင်မာတဲ့ ပိုင်ဆိုင်မှုကို ပြောင်းလဲချင်တယ်။ ရွှေ၊ ဒေါ်လာ၊ အိမ်၊ ခြံမြေ၊ တိုက်တာ အဆောက်အအုံတွေမှာ ရင်းနှီးမြှုပ်နှံမှု လုပ်လာ လိမ့်မယ်” ဟု ရန်ကုန် စီးပွားရေးသမားတဦးက ပြောသည်။
၅၀၀၀ ကျပ်တန်ထွက်ရှိလာခြင်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ အာဏာတည်မြဲရေး ယတြာလည်း ဖြစ်နိုင်သည် ဟု သုံးသပ်သူများ ရှိနေသည်။
“ဦးနေ၀င်း လက်ထက်ကလည်း ၉ ဂဏန်း ယတြာသဘောနဲ့ ၄၅ ကျပ်တန်၊ ၉၀ တန် ထုတ်တယ်။ ခုလည်း ငါးထောင်တန် ထုတ်တယ်ဆိုတာက ငါထောင်တယ်၊ ငါမလဲဘူး ဆိုတဲ့ အတိတ်နမိတ်တဘောင်နဲ့ ထုတ်တာ ဖြစ်နိုင်တယ်” ဟု ရန်ကုန်မြို့ခံ တဦးက ဆိုသည်။
စစ်အစိုးရ သက်တမ်းတလျှောက် ခြင်္သေ့ပုံကိုသာ ငွေစက္ကူများတွင် ထည့်သွင်းရိုက်နှိပ်ခဲ့ရာမှ အသစ် ထွက်ရှိမည့် ၅၀၀၀ ကျပ်တန်တွင် ဆင်ဖြူ တော်ပုံ ပြောင်းလဲ ရိုက်နှိပ်ခြင်းမှာ ယတြာသဘောဖြစ်သည်ဟု
ဗေဒင်ဆရာတဦးက ပြောသည်။
“တိုင်းပြည် အုပ်ချုပ်တဲ့သူတွေ ဘုန်းတန်ခိုးကြီးမားလာရင် ဆင်ဖြူတော်ပေါ်တယ်။ ဒါမှမဟုတ် ဆင်ဖြူတော် ကို တခြားတိုင်းပြည်တွေက ဆက်သရတယ်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေလည်း ဘုန်းတန်ခိုးကြီးတဲ့ မင်းတပါး အဖြစ် ယတြာချေတဲ့အနေနဲ့ ဆင်ဖြူတော်ပုံကို တမင် ငွေစက္ကူမှာရိုက်တာ။ ဗေဒင်သဘောတွေ၊ ဓာတ်ဆင် ဓာတ်ရိုက်သဘော တွေအများကြီး ပါတယ်” ဟု ၎င်းက ဆိုသည်။
ကမ္ဘာ့နိုင်ငံများတွင် ငွေစက္ကူ ရိုက်နှိပ်ရာ၌ ငွေစက္ကူထုတ်လုပ်မည့် သက်ဆိုင်ရာ နိုင်ငံအလိုက် အထင်ကရ ပုဂ္ဂိုလ်များ၊ ပညာရှင်များ၊ နိုင်ငံ့ခေါင်းဆောင် လွတ်လပ်ရေး သူရဲကောင်းများ၊ ကမ္ဘာ့အလယ်တွင် ထင်ရှား ကျော်ကြား အသိအမှတ်ပြု ခံရသော ယဉ်ကျေးမှု အမွေအနှစ်နေရာ များ၏ပုံဖြင့် ရိုက်နှိပ်ထုတ်ဝေလေ့ ရှိသော်လည်း မြန်မာနိုင်ငံကဲ့သို့ တိရစ္ဆာန်ရုပ်ပုံများကို ငွေစက္ကူတွင် ရိုက်နှိပ်အသုံးပြုသည့်နိုင်ငံ ရှားပါး လှသည်ဟု မြန်မာ နိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်းဝင်တဦးက ရှင်းပြသည်။
“ကျနော် ကမ္ဘာပတ်လာတာ ဘယ်နိုင်ငံမှာမှ ငွေစက္ကူပေါ် တိရစ္ဆာန်ပုံ ရိုက်နှိပ်ပြီး သုံးတာ မတွေ့ဖူးသေးဘူး။ သူတို့နိုင်ငံတွေရဲ့ အကျော်အမော်တွေ၊ နိုင်ငံ့ခေါင်းဆောင် ပုံတွေကိုပဲ ငွေစက္ကူပေါ်မှာ အမြတ်တနိုး ရိုက်နှိပ် ကြတာ။ ငွေစက္ကူ မြင်တာနဲ့ သူတို့ တိုင်းပြည်အကြောင်းကို စိတ်ဝင်စားမိတယ်” ဟု သင်္ဘော ကပ္ပတိန် တဦးက ပြောသည်။
ငွေစက္ကူများပေါ်တွင် တိရစ္ဆာန်ပုံများရိုက်နှိပ်သုံးစွဲခြင်းသည် ငွေကြေးအပေါ် ယုံကြည်မှု လျော့နည်း စေနိုင်သည်ဟုလည်း ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်နေဆဲ ပါမောက္ခ တဦးက ရှင်းပြသည်။
“ဗိုလ်ချုပ်အောင်ဆန်း ပုံပါတဲ့ ပိုက်ဆံတွေကို လူတွေ တန်ဖိုးထားသိမ်းကြတယ်။ ပိုက်ဆံပေါ်မှာ ဗိုလ်ချုပ်ပုံ မြင်လိုက်ကတည်းက ပိုက်ဆံအပေါ် ယုံကြည်မှုရှိတယ်။ ပိုက်ဆံကို လူတွေ တန်ဖိုး ထားဖို့ဆိုရင် ပိုက်ဆံ မှာလည်း လူတွေ တန်ဖိုး ထားနိုင်လောက်တဲ့ အရာတွေ၊ ပုံ သဏ္ဌာန်တွေရှိရမယ်” ဟု သူက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က အနောက်နိုင်ငံ သံအမတ်များနှင့် တွေ့ခွင့်တောင်း


ယမန်နေ့က ပြုလုပ်သည့် NLD အခမ်းအနားတွင် တွေ့ရသည့် အဖွဲ့ဝင် လူငယ်များ (ဓာတ်ပုံ - အေပီ)
Monday, 28 September 2009 19:05 သန်းထိုက်ဦး
.မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ပေးပို့သော စာထဲတွင် အနောက်နိုင်ငံ သံအမတ် ၃ ဦးနှင့် တွေ့ဆုံခွင့် တောင်းခံထားသည်။

ယခုလ ၂၅ ရက်နေ့ ရက်စွဲတပ်ထားသော အဆိုပါစာမိတ္တူတွင် အရေးယူပိတ်ဆို့မှုများ ပြန်လည် ရုတ်သိမ်းရေးအတွက် ဆောင်ရွက်ရန် အကြံပြုချက်များလည်း ပါဝင်သည်။ ဧရာဝတီသတင်းဌာနက ၎င်းစာ မိတ္တူကို လက်ခံ ရရှိထားသည်။ (အပြည့်အစုံကိုဖတ်လိုပါက ဤနေရာကိုနှိပ်ပါ)
၎င်းစာထဲ၌ “မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများ အားလုံးကို သိရှိနားလည် စေရေးအတွက် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု၏ သံမှူးကြီး၊ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ကိုယ်စားလှယ်သံအမတ်ကြီး၊ သြစတေးလျနိုင်ငံ သံအမတ်ကြီး တို့နှင့် တွေ့ဆုံဆွေးနွေး ခွင့်ပြုပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်” ဟု ရေးသား ထားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် ညှိနှိုင်းခွင့်ပြုရန်လည်း စာတွင် တောင်းဆိုထားသည်။
ထို့အပြင် ယမန်နေ့၊ တနင်္ဂနွေနေ့က ကျင်းပခဲ့သော NLD ပါတီဖွဲ့စည်းထူ ထောင်ခဲ့သည့် (၂၁) နှစ်မြောက် အခမ်းအနား၌ သဘာပတိမိန့်ခွန်းအဖြစ် ပါတီဥက္ကဌ ဦးအောင်ရွှေက တွေ့ဆုံဆွေးနွေးရေးနှင့် ပတ်သက်၍ အမျိုးသားပြန်လည် သင့်မြတ်ရေး ပေါ်ပေါက်လာနိုင်ရန် ကိုယ်စွမ်း ဉာဏ် စွမ်း ရှိသမျှ ကြိုးပမ်းဆောင်ရွက်လျှက် ရှိသည်ဟု ပြောကြား ခဲ့သည်။
အခမ်းအနားသို့ လုံခြုံရေးတင်းကျပ်ထားသည့် ကြားမှ NLD အဖွဲ့ဝင်များ အပါဝင် သံတမန်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ စုစုပေါင်း ၂၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
NLD ၏ ယမန်နေ့ ထုတ်ပြန်ချက်တွင် ဒုတိယ ဥက္ကဌ ဦးတင်ဦးနှင့် နေအိမ်အကျယ်ချုပ် ထပ်မံ အကျ ခံနေရသော အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပါဝင် ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ခွန်ထွန်းဦး၊ စိုင်းညွန့်လွင်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသား အားလုံးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။



ဦးအောင်ရွှေကလည်း ၎င်း၏ မိန့်ခွန်းထဲတွင် “အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်များ အပါဝင် တနိုင်ငံလုံးရှိ စည်းရုံး လှုပ်ရှားမှုတွေကို ထပ်မံ နှိပ်ကွပ်လာခဲ့ပါတယ်။ အဖွဲ့ချုပ်ကို အားပေးကြတဲ့ အရပ်သူအရပ်သားများ၊ ဒီမိုကရေစီ အင်အားစု အများအပြား ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ကြရပါတယ်” ဟု ပြောခဲ့သည်။
ဆက်လက်၍ ၎င်းက မန်မာနိုင်ငံတွင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြိုးပမ်းနေချိန်၌ တိုင်းရင်းသား များ အရေးနှင့် ဆက်စပ်သည့် ပြဿနာများကို တွေ့ဆုံဆွေးနွေး အဖြေရှာကြရန်လည်း ထည့်သွင်း ပြောဆို သွားသည်။
NLD ၏ ယမန်နေ့ ထုတ်ပြန်ချက်ထဲတွင် ခေတ္တခဏ ဟု ဆိုကာ (၆) နှစ်ကြာ ချိတ်ပိတ်ထားသော NLD ၏ ပြည်နယ်၊ တိုင်း၊ မြို့နယ်၊ ရပ်ကွက် ကျေးရွာ ရုံးခွဲများကို အမြန်ဆုံး ပြန်ဖွင့်ခွင့်ပေးရန်နှင့် ဖျက်သိမ်းခံထားရသည့် နိုင်ငံရေးပါတီများကို ပြန်လည် မှတ်ပုံတင် ခွင့်ပေးကာ လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့် ပေးရန်တို့ကို တောင်းဆိုထားသည်။
စစ်အစိုးရက ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင် အထွေထွေ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ရာ အဖွဲ့ချုပ်က မဲပြတ်ဖြင့် အနိုင်ရခဲ့သည်။ သို့သော်လည်း စစ်အစိုးရက လွှတ်တော်ခေါ်ယူပေးခြင်း၊ ရွေးကောက်ခံရ သူများကို အာဏာလွှဲအပ်ခြင်းများ မပြုခဲ့ပေ။
သြဂုတ်လ ၁၃ ရက်နေ့က လုံခြုံရေးကောင်စီမှ မြန်မာ့အရေးနှင့် ပတ်သက်၍ ထုတ်ပြန်ချက်ကိုလည်း NLD ထုတ်ပြန်ချက်တွင် ပြန်လည်ဖော်ပြထားသည်။
“လုံခြုံရေး ကောင်စီ အဖွဲ့ဝင်နိုင်ငံများက မြန်မာအစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားတဲ့ ပြစ်ဒဏ် လျှော့ပေါ့ပေးခြင်းကိုး မှတ်သားထားပြီး စစ်မှန်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ပေါ်ပေါက်စေရန်း အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား အဖွဲ့အစည်းများ၊ သက်ဆိုင်ရာ အင်အားစုးများအားလုံးနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်စေနိုင်ရန် လိုအပ်တဲ့အခြေအနေများ ဖန်တီးပေးဖို့ တိုက်တွန်းလိုက်သည်” ဆိုသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်ကလည်း မြန်မာပြည်အရေးနှင့် ပတ်သက်၍ တိုက်ရိုက် စေ့စပ်ဆွေးနွေးခြင်းနှင့် ပိတ်ဆို့ ဒဏ်ခတ်ခြင်းတို့ တပြိုင်နက် ကျင့်သုံးမည့် မူဝါဒကို ကိုင်စွဲသွားမည်ဟု ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ပြောဆိုခဲ့သည်။
မစ္စ ဟီလာရီ ကလင်တန်၏ စစ်အစိုးရနှင့် တိုက်ရိုက်စေ့စပ်ညှိနှိုင်း ဆက်ဆံမည် ဟူသောပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်က ကြိုဆိုလိုက်ပြီး ဒီမိုကရေစီ အင်အားစုများနှင့်လည်း တွေ့ဆုံ ဆွေးနွေးရန် လိုသည်ဟု ပြောကြားခဲ့သည်။

vrijdag 25 september 2009

ရွေးကောက်ပွဲ နိုင်မည်ဟု တစည ယုံကြည်

Friday, 25 September 2009 17:24 အောင်သက်ဝိုင်း
       

ပါတီဥက္ကဌ ဦးထွန်းရီ အခမ်းအနား တက်ရောက်လာသည်ကို တစည ပါတီဝင်များက ကြိုဆိုနေကြစဉ် ( ဓါတ်ပုံ - ဧရာဝတီ )
   စစ်အစိုးရ၏ ၂၀၁၀ ကောက်ပွဲတွင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ (တစည) က ၀င်ရောက် ယှဉ်ပြိုင် မည်ဖြစ်ပြီး အမတ်နေရာ အများအပြား ရရှိနိုင်မည်ဟု ယုံကြည်ကြောင်း တစည တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးခင်မောင်ကြီးက ပြောဆိုသည်။

  ယမန်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် လူ ၇၀၀ ခန့်တက်ရောက်သော တစည ပါတီ၏ ၂၁ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားတွင် ဤကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်ဟု အခမ်းအနား တက်ရောက်ခဲ့သူ တဦး က ပြောသည်။
  စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေ၀င်း တည်ထောင်ခဲ့သော မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ၏ အမွေကို ခံယူလျက် ဖွဲ့စည်းထားသော တစည ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ ၃၀၀ ကျော် ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး အမတ်နေရာ အများအပြား အနိုင်ရရှိနိုင်သော အလားအလာ ကောင်းများတွေ့ရှိ နေရပြီဟုလည်း ဦးခင်မောင်ကြီးက ဆက်လက်ပြောသည်။
   တစည ပါတီ ဥက္ကဋ္ဌ ဦးထွန်းရီကလည်း မြန်မာနိုင်ငံတွင် ရှိနေသော နိုင်ငံရေး အင်အားစုများသည် ၂၀၁၀ ရွေးကောက်ပွဲ ကို ဒီမိုကရေစီ ရရှိနိုင်သော အခွင့်အရေးအဖြစ် ရှုမြင်လျက် အစိုးရနှင့်အတူ ပူးပေါင်းပါဝင် ဆောင်ရွက်ကြရန် အရေးကြီးကြောင်း၊ ၂၀၁၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်ရေးသည် တစည ပါတီ၏ မူဝါဒသဘောထား တရပ်ပင်ဖြစ်ကြောင်း ယင်း အခမ်းအနားတွင် ပြောသည်။
 “၂၀၁၀ ပြည့်နှစ် မော်ကွန်းတင် အပြောင်းအလဲမှာ ပြည်သူတွေ အာဏာပိုင်စိုးရေးအတွက် အခြေခံဥပဒေနဲ့ အညီ အစိုးရသစ်အဖွဲ့အမြန်ဆုံးပေါ်ထွန်း လာရေးဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်”ဟု ဦးထွန်းရီက ပြော ဆိုသွားသည်။
  ၂၀၁၀ ရွေးကောက်ပွဲကို ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာကလည်း လက်ခံထားသည့်အတွက် ယခု အခြေ အနေကို လက်ခံပြီးပူးပေါင်းဆောင်ရွက်ရန် လိုအပ်သည်ဟု ဦးခင်မောင်ကြီး က ဆက်လက်ပြောသည်။
  တစည ပါတီသည် နိုင်ငံအနှံ့အပြားတွင် ပါတီဝင်များ ဖြန့်ကျက်၍ စည်းရုံးရေး လုပ်ငန်းများကိုဆောင်ရွက် ထားပြီးဖြစ်ကြောင်း၊ ပါတီဝင်အင်အား လေးသန်းခန့် ရှိနေသောကြောင့်၂၀၁၀ ရွေးကောက်ပွဲဝင်ရန် အဆင် သင့်ဖြစ်နေကြောင်းလည်း ၎င်းက ဆိုသည်။
  လွန်ခဲ့သော ၁၉၉၀ ပြည့် ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ ၄၈၅ ခုရှိရာတွင် တစည ပါတီ အနေဖြင့် မဲဆန္ဒနယ် ၁၀ ခုတွင် အနိုင်ရပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)က ၃၉၂ နေရာတွင် နိုင် သောကြောင့် မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သည်။
   ၁၉၉၀ ပြည့်နှစ်ရွေး ကောက်ပွဲတွင် ပါဝင်မဲပေးခဲ့သည့် ရန်ကုန်တက္ကသိုလ် ကျောင်းသားဟောင်းတဦး က “၁၉၉၀ ရွေးကောက်ပွဲတုန်းက တစညပါတီကို မဆလ ပါတီဆိုပြီးလူတွေက မဲမပေးခဲ့ ကြဘူး။ တစညကို မဲပေးတာက စစ်အာဏာရှင်စနစ်ကို ထောက်ခံတာ၊ အာဏာရှင် စနစ်သက်ဆိုးရှည်အောင် လုပ်ဖို့ စီမံ တာပဲ လို့ ပြည်သူအများစုက မှတ်ယူခဲ့တယ်။ ယနေ့တစညပါတီလည်း ခေါင်းဆောင်ပိုင်းအရရော၊ မူဝါဒပိုင်း အရရော ဘာပြောင်းလဲမှုမှ ရှိမလာသေးဘူးလို့ မြင်ပါတယ်”ဟု ပြောသည်။
   တစညပါတီသည် ၉၀ရွေးကောက်ပွဲပြီးချိန်မှစတင်ပြီး ယနေ့အထိ နှစ်ပေါင်း ၂၀ အတွင်း စစ်အစိုးရ၏ ပြည်သူ လူထုအပေါ် ကြီးမားသည့် ဖိနှိပ်ညှဉ်းပန်းမှုများ ပြုလုပ်ခဲ့ခြင်းကို ဝေဖန်မှုမရှိ ရေငုံနှုတ်ပိတ်ခဲ့ကြောင်း၊ စစ်အစိုး ရ ၏မှားယွင်းသော စီးပွားရေး၊ နိုင်ငံရေး မူဝါဒများကိုလည်း တစုံတရာထောက်ပြပြောဆို ခဲ့ခြင်းမရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
   တစည ပါတီတွင်စစ်တပ်အရာရှိကြီးများဦးဆောင်ပါဝင်ပြီး ပါတီ၏ထိပ်တန်း ခေါင်းဆောင်တချို့သည် ယနေ့ စစ်အာဏာရှင်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်အတူ မဆလ ပါတီတွင် ထိပ်ပိုင်းတာဝန်ရှိသူများ အဖြစ် ပူးတွဲတာဝန်ထမ်းဆောင်ခဲ့ကြသူများဖြစ်သည်ဟုလည်း သိရှိရသည်။
 တစညပါတီကို ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

 တစည ပါတီ ၂၁ နှစ်မြောက် အခမ်းအနား ( ဓါတ်ပုံ - ဧရာဝတီ )
  ပြည်တွင်းမှ နိုင်ငံရေးသမားကြီးတဦးဖြစ်သူ အမျိုးသားရေးဦးဝင်းနိုင်ကလည်း ၂၀၁၀ နောက်ပိုင်း ဖြစ်ပေါ် သည့် အစိုးရသစ်တွင် တပ်မတော်က အမတ်နေရာ ၂၅ ရာခိုင်နှုန်း ရယူထားပြီး စစ်တပ် သြဇာခံပါတီများ ကလည်း ၀င်ရောက်အရွေးခံမည်ဖြစ်သောကြောင့် ဒီမိုကရေစီဘက်တော်သားများ ရွေးကောက်ပွဲတွင် အနိုင် ရရန်ခဲယဉ်းသည်ဟု ပြောဆိုထားသည်။

ဗမာပြည်နိုင်ငံရေးရဲ့ အရေးကြီးအချိန်မှာ ပေါ်ထွက်လာတဲ့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲ

    

    ရဲဘော်ဖိုးသံချောင်း

၂၅ စက်တင်ဘာ ၂၀၀၉
  ဗမာပြည်နဲ့ပတ်သက်တဲ့ နိုင်ငံတကာလေထုမှာ ကြီးမားတဲ့အပြောင်းအလဲတွေ ပေါ်ပေါက်လာတော့မယ့် လက္ခဏာတွေ စပြီးမြင်တွေ့နေရပါပြီ။ နအဖစစ်အစိုးရကို နဂိုက ဆေးဖော်ကြောဖက်မလုပ်ခဲ့တဲ့ အမေရိကန်အပါ အနောက်နိုင်ငံတွေက အခုတော့ ဒီဗိုလ်ချုပ်တွေကို လူလူသူသူပြန်ဆက်ဆံမယ်လို့ ဖြစ်လာနေပါပြီ။
  တကယ်က သေသေချာချာကြည့်တတ်ရင် နိုင်ငံတကာအခင်းအကျင်းမှာကိုပဲ အပြောင်းအလဲတွေ တွေ့နေရပါတယ်။ စစ်အေးစစ်ပွဲလွန် နိုင်ငံရေးအခင်းအကျင်းမှာ စစ်အေးစစ်ပွဲမှာ ထိပ်ကပါဝင်ခဲ့ကြတဲ့ နိုင်ငံကြီးတွေဟာ စစ်အေးစစ်ပွဲရဲ့ အထုပ်အပိုးတွေကို ပစ်ချခဲ့ကြပါတယ်။ ဒါပေမယ့် တချို့ကတော့ နဂိုရှိခဲ့တဲ့ မာန်တွေ၊ ဟန်တွေကို အိနြေ္ဒမပျက် ထိန်းထားခဲ့ကြပါတယ်။ ဒါပေမယ့် ကာလတခုလွန်လာတော့ အခြေအနေအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ စီးပွားရေးအကျပ်အတည်းကြီးပါ။
   ဒီနှစ်သြဂုတ်လ (၁၀-၁၇) ရက်ထုတ် ညူးစ်ဝိခ်ဂျာနယ်ထဲက မျက်နှာဖုံးဆောင်းပါးမှာဆိုရင် ဒီတခါစီးပွားရေးအကျပ်အတည်း ကြီးကြောင့် မဟာဗြိတိန် (Great Britain) တောင်မှ စူဠာဗြိတိန်။ ဒါမှမဟုတ် သာမန်ဗြိတိန်ဖြစ်သွားရပြီလို့ ရေးထားပါတယ်။ နိုင်ငံကြီးတွေအားလုံးကို ကြီးကြီးမားမား ထိခိုက်ခဲ့တယ်ဆိုတာကို ပြောချင်လို့ ကိုးကားတာဖြစ်ပါတယ်။ ဒီလိုအခြေအနေ အောက်မှာ နိုင်ငံကြီးတွေဟာ ထိန်းညှိမှုအမျိုးမျိုး လုပ်ကြရပါတယ်။ အဲဒီလိုလုပ်တဲ့ ထိန်းညှိမှုတွေထဲမှာ ဗမာပြည်နဲ့ဆိုင်တဲ့ ပေါ်လစီတွေလည်း ပါကုန်တော့တာပါပဲ။
  ဒါတွေနဲ့တဆက်တည်း လူပြောများ၊ ဆွေးနွေးတာများလာတာကတော့ အမေရိကန်လိုနိုင်ငံကြီးက ပေါ်လစီသဘောထား ပြောင်းလဲတယ်ဆိုရင် ဗမာပြည်ရဲ့နိုင်ငံရေးကို ဘယ်လိုထိခိုက်နိုင်သလဲဆိုတာပဲ ဖြစ်ပါတယ်။ ဒီလိုဆွေးနွေးတာဟာ အမေရိကန်အစိုးရက ဘာလုပ်သင့်သလဲလို့ ဆွေးနွေးတာထက် ပိုကောင်းပါတယ်။ ပိုလက်တွေ့ကျပါတယ်။
  တကယ်ကျတော့ ၀ါရှင်တန်ရဲ့ အပြောင်းအလဲတွေက အခုမှစကာစရှိပါသေးတယ်။ နောင်မှာ ပိုပြီးကြားလာရဦးမှာပါ။ ဗိုလ်သိန်းစိန်တို့နဲ့တွေ့ပြီးရင်၊ သူတို့ရဲ့အထူးတမန်ဆိုတာချင်း တွေ့ဆုံစကားပြောကြပြီးရင် ဘာတွေတဆင့်တက်လာမယ် မသိနိုင်ဘူး။ လောလောဆယ်မှာ နအဖစစ်ဗိုလ်တွေအဖို့တော့ လက်မထောင်စရာဖြစ်ချင်ဖြစ်မှာပါ။
   ဗမာပြည် ပြည်သူလူထုအနေနဲ့ ပြောရရင် ဒီကိစ္စကြောင့် သူတို့မှာ အတွေးအခေါ်အရတော့ ဘာမှရှုပ်ထွေးစရာ မရှိပါဘူး။ အမေရိကန်ကနေ အသိအမှတ်ပြုလိုက်တဲ့အတွက် နအဖစစ်ဗိုလ်ချုပ်တွေဟာ အာဏာရှင်ကနေ သူတော်စင်အဖြစ် တဖြစ်လဲသွားမှာမဟုတ်ဘူးဆိုတာ သူတို့ဘ၀အသိအရ ရှင်းနေပါတယ်။ ဗိုလ်နေ၀င်းတုန်းကဆိုရင် အမေရိကန်၊ ရုရှား၊ တရုတ် အားလုံးက အသိအမှတ်ပြုတာ ခံခဲ့ရပြီးပါပြီ။ ဒါပေမယ့် အာဏာရှင်ဟာ အာဏာရှင်ပါပဲ။ ဂျပန်၊ အိုအီးစီဒီ၊ ကမ္ဘာ့ဘဏ် စတာတွေရဲ့ အကူအညီတွေရနေတဲ့ အကြားကပဲ တိုင်းပြည်ကြီး ချွတ်ခြုံကျသွားခဲ့တာကို ပြည်သူတွေ မမေ့ပါဘူး။ ပြည်သူလူထုက ဘာမှ မျက်စိမလည်ပါဘူး။
  ဒါပေမယ့် ဒါဟာ နအဖစစ်အစိုးရကို ကြံဖန်အမွှန်းတင်ချင်နေတဲ့ လူတွေအတွက်တော့ ပြောစရာ၊ ရေးစရာ အချက်အလက် နည်းနည်းပါးပါး ရကောင်းရသွားနိုင်တာပေါ့။ သူတို့အနေနဲ့ ဒီအချက်အပေါ် အခြေခံပြီး ပြည်သူလူထုကို မျက်စိလည်အောင်၊ အမြင်မှားအောင် လုပ်ကြမယ်ဆိုတာကတော့ သံသယဖြစ်စရာ မလိုပါဘူး။ ဗိုလ်စကားကိုသုံးရင် အဆင့်ရှိတယ်လို့ ယူဆနေသူတွေကတော့ ဒေါ်ကလင်တန်ရဲ့ ဘယ်စကားလုံးကြီးတွေကို ကိုးကားလာမယ်ဆိုတာကိုပဲ စောင့်ကြည့်ရမှာပါ။
   သူတို့ရဲ့ ပြောဆိုရေးသားမှုတွေကြောင့် တချို့ ရိုးသားတဲ့ နိုင်ငံရေးလိုက်စားသူတွေမှာ စိတ်ဓာတ်အရ ထိခိုက်တာ နည်းနည်းပါးပါး ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ယာယီ၊ နောက်ပြီး အနည်းအပါးလည်းဖြစ်၊ စိတ်ဓာတ်ပိုင်းလောက်ပဲ ဖြစ်ပါတယ်။ လက်တွေ့ ရုပ်သဘောအရ ဘာမှမထိခိုက်နိုင်ပါဘူး။
            ဘာပဲပြောပြော ဒီကိစ္စနဲ့ပတ်သက်ပြီး ပြည်သူလူထုအမြင်ရှင်း၊ သဘောပေါက်ဖို့အတွက် ရှင်းပြတာတွေတော့ လုပ်ရပါလိမ့်မယ်။ နအဖကလည်း ဒါကိုပဲ ပိတ်ပင်မှာဖြစ်ပါတယ်။ နအဖနဲ့ သူတို့ရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ၊ သူတို့ရဲ့ ရွေးကောက်ပွဲအပေါ် သံယောဇဉ်ဖြစ်ဖို့ဆိုတာကို လူထုကို ဆက်ပြီးရှင်းပြ၊ ပြောပြနေရဦးမှာဖြစ်ပါတယ်။ တပါတည်း ဘယ်လိုနည်းနဲ့ဆန့်ကျင်မယ်၊ ဖြစ်ပေါ်လာတဲ့နောက်အကျိုးဆက်ကို ဘယ်လိုရင်ဆိုင်ကြမယ်ဆိုတာတွေလည်း စဉ်းစားပြင်ဆင်ပြီးဖြစ်သင့်ပါပြီ။
  တည့်တည့်ပြောရရင် ပိတ်ဆို့မှုဆိုတာတွေလုပ်ခဲ့လို့ နအဖစစ်အုပ်စုရဲ့ သံဃာတွေကိုပါသတ်တဲ့ အကျင့်စရိုက်ကို ပြောင်းလဲမသွားစေခဲ့ပါဘူး။ ပြည်ပဖိအားဆိုတာဟာ အာဏာရှင်ဗိုလ်ချုပ်တွေအနေနဲ့ ပြည်ပဘက်ကို မျက်နှာလှည့်တဲ့အခါမှာ ပြုံးဖြဲဖြဲအသွင်ဆောင်အောင် လုပ်နိုင်ပေမယ့် ကိုယ့်ပြည်သူလူထုဘက်ကို လှည့်တဲ့အခါမှာတော့ ဘီလူးရုပ်သက်သက်ပါပဲ။ တကယ်တော့ ပြည်ပက ဖိအားပေးတယ်၊ ထောက်ခံတယ်ဆိုတာတွေဟာ အရန်အခန်းလောက်သာရှိတာပါ။ အဲဒါတွေ မရှိတော့ရင်လည်း ပြည်သူလူထုမှာ ပြောပလောက်အောင် ဘာမှမဆုံးရှုံးပါဘူး။ အားပျက်စရာ ဘာမှမရှိဘူး။ အဲ-ဗမာပြည်နိုင်ငံရေးမှာ သူများနိုင်ငံ၊ သူများအစိုးရကို မှန်းမျှော်တတ်တဲ့ အလေ့အကျင့်တခုတော့ ပျောက်သွားလိမ့်မယ်လို့ ယူဆရပါတယ်။
       ဒါကြောင့် ဒီတကွေ့မှာ ရှေ့ကိုချီတက်ရင်း တဖက်ကိုလှည့်လှည့်ကြည့်နေရတဲ့ အတွေးအခေါ် ၀န်ထုပ်ဝန်ပိုးတခုကို ပစ်ချလိုက်နိုင်ပြီလို့ပဲ ကောင်းတဲ့ဘက်က လှည့်တွေးရပါတော့မယ်။

သရက်ထောင်မှ ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ထောင်တွင်းအတွေ့အကြုံများ ပြောကြား



  ရဲရင့် / ၂၅ စက်တင်ဘာ ၂၀၀၉

   မြန်မာစစ်ကြောရေးက အဓမ္မပြုမူခြင်းများကြောင့် နိုင်ငံရေးအကျဉ်းသားများ ကြီးမားသောနစ်နာဆုံးရှုံးမှုများနှင့် ကြုံတွေ့နေကြရသည်ဟု မကြာသေးခင်က သရက်ထောင်မှပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသားတဦးက ပြောသည်။
   ယခုလ (၁၈) ရက်တွင် သရက်အကျဉ်းထောင်မှ ပြန်လွတ်လာပြီး ယမန်နေ့က ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိလာသူ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) အဖွဲ့ဝင်ဟောင်းတဦးဖြစ်သူ ကိုရန်အောင်ရွှေက ပြောကြားခြင်းဖြစ်သည်။
   ၎င်းက “၁၉၉၉ ခုနှစ်မှာ အဖမ်းခံရပြီး ထောင် (၁၅) နှစ်ကျတယ်။ အခု (၁၁) နှစ်ရှိတဲ့အချိန်မှာ သရက်ထောင်ကနေ နအဖက ပြန်လွှတ်ပေးတယ်။ ကျနော်က အေဘီအက်စ်ဒီအက်ဖ် တပ်ရင်း (၉၀၉) မိုးထောင်စခန်းကပါ။ ကျနော့်ကိုဖမ်းပြီး အမှတ် (၆) ထောက်လှမ်းရေး မရမ်းကုန်းမှာ စစ်ကြောရေးဝင်ပြီး စွဲချက် (၃) မှုနဲ့ ထောင် (၁၅) နှစ် ကျခံရပါတယ်။ အဲဒီအမှုတွေထဲမှာ ကျနော်နဲ့ လုံးဝပတ်သက်ခြင်း မရှိတဲ့ ၁၉-က အမှုဖြစ်တဲ့ လက်နက်ရောင်းဝယ် ဖောက်ကားမှုနဲ့ ကျနော့်ကို မတရားအကွက်ဆင်ခဲ့တယ်။ ထောက်လှမ်းရေးက ရိုက်နှက်ပြီး ထမင်းမကျွေး၊ ရေမတိုက်ဘဲ (၃) ရက်ဆက်တိုက် နှိပ်စက်ပြီး စစ်ချက်ကို ရယူခဲ့တယ်။ နိုင်ငံရေးမှုနဲ့ လူတွေအများစုဟာ ဒီလိုပုံစံမျိုးနဲ့ နှစ်ရှည်ပြစ်ဒဏ်တွေ ကျခံနေကြရတယ်” ဟု ပြောသည်။
   နိုင်ငံရေးနှင့် ဆက်နွှယ်သည့်အမှုများကို ပြစ်မှုကြီးသထက်ကြီးစေရန်အတွက် မတရားဖမ်းဆီးနှိပ်စက်၍ မဟုတ်မမှန် စစ်ချက်များ ထွက်ဆိုရန် မြန်မာစစ်ကြောရေးက အဓမ္မပြုကျင့်သည်ဟုလည်း ၎င်းက ပြောသည်။
  ထောင်ကျခံနေရစဉ်အတွင်း မိမိအပါအ၀င် နှစ်ရှည်အကျဉ်းသားအချို့မှာ မိသားစုဘ၀ပြိုလဲခဲ့ရကြောင်း၊ သာမန်ပြည်သူတဦး အဖြစ် နေထိုင်ရာမှာလည်း မလွယ်ကူတော့ကြောင်း၊ နိုင်ငံရေးအမှုဖြင့် ထောင်မှထွက်လာသူများသည် အာဏာပိုင်များ၏ စောင့်ကြည့်မှု နေ့စဉ်ခံနေရသဖြင့် ယခုကဲ့သို့ နယ်စပ်သို့ ထွက်ခွာလာရခြင်းဖြစ်ကြောင်း ကိုရန်အောင်ရွှေက ပြောသည်။
  အချို့နှစ်ရှည်ထောင်ဒဏ်ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများမှာ ထောင်ဝင်စာတွေ့မည့်သူပင်မရှိဘဲ ဒုက္ခရောက်နေကြကြောင်း ၎င်းက ပြောသည်။
 “တချို့ဆို ထောင်ထဲမှာ (၂၅) နှစ်ကျော်ပြီး မထွက်ရသေးတဲ့ အကျဉ်းသားတွေရှိတယ်။ ထောင်ထဲမှာ အပြင်လောကနဲ့ ဘာအဆက်အသွယ်မှ မရကြဘူး။ ကျန်းမာရေး ဆိုးရွားနေတဲ့ ကေအန်ယူက ဗိုလ်သန်းမြင့်ရွှေဆိုရင် ထောင်ထဲမှာ (၂၅) နှစ်ကျော်ပြီး အခုသရက်ထောင်က အဆောင် (၉) မှာ ရှိတယ်။ ကေအန်ယူကလူတွေ သူ့ကို အဆက်အသွယ်လုပ်ကြဖို့၊ သူရှိနေသေးတယ်ဆိုတာ ပြောပေးဖို့ ကျနော့်ကို အမှာပါးလိုက်ပါတယ်။ အဲလိုလူမျိုးတွေ အခြားထောင်ထဲမှာလည်း အများကြီးရှိတယ်” ဟု ပြောသည်။
   ကေအန်ယူမှ ဗိုလ်သန်းမြင့်ရွှေသည် ၁၉၈၃ ခုနှစ်က ဘားအံမြို့ မြိုင်ကလေး ဘိလပ်မြေစက်ရုံမှ ပြင်သစ်ပညာရှင် ဇနီးမောင်နှံကို ကေအန်ယူတပ်ဖွဲ့ဝင်များက ၀င်ရောက်ဖမ်းဆီးခေါ်ဆောင်သွားရာတွင် ပါဝင်ပြီး မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းခံရသူ ဖြစ်သည်။
 ကိုရန်အောင်ရွှေကျခံရသည့် ပြစ်ဒဏ်များမှာ လ၀ကအမှုဖြင့် (၅) နှစ်၊ ၁ရ/၁ တရားမ၀င်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုဖြင့် (၃) နှစ်၊ ၁၉-က တရားမ၀င် လက်နက်ရောင်းဝယ်ဖောက်ကားမှု (၇)နှစ် ကျခံခဲ့ရပြီး အကျဉ်းကျကာလ (၁၁) နှစ်ဖြင့် ပြန်လွတ်လာခြင်းဖြစ်သည်။

နအဖစစ်အစိုးရ ကျပ် (၅,၀၀၀) တန် အသစ်ထုတ်မည်


  မင်းနိုင်သူ / ၂၅ စက်တင်ဘာ ၂၀၀၉

 မြန်မာနိုင်ငံအတွင်း လာမည့်အောက်တိုဘာ (၁) ရက်မှ စတင်ကာ (၅,၀၀၀) ကျပ်တန် ငွေစက္ကူအသစ် စတင်ထုတ်ဝေ သုံးစွဲတော့မည်ဖြစ်ကြောင်း စစ်အစိုးရပိုင် ရုပ်မြင်သံကြား သတင်းဌာနများက ယမန်နေ့ညပိုင်းက ကြေညာလိုက်သည်။
 အသစ်ထုတ်ဝေမည့် (၅,၀၀၀) ကျပ်တန် ငွေစက္ကူအသစ်သည် အလျား (၁၅) စင်တီမီတာနှင့် အနံ (၇) စင်တီမီတာရှိကာ ထင်ရှားသောအရောင်မှာ အနီရောင်ဖြစ်ပြီး ရှေ့တွင် ဆင်ဖြူတော်ပုံ နှင့် နောက်တွင် လွှတ်တော်အဆောက်အဦပုံပါရှိကြောင်း ယနေ့ထုတ် နအဖသတင်းစာများတွင် ဖော်ပြထားသည်။
 ယခုငွေစက္ကူသစ်ထုတ်ဝေသော်လည်း လက်ရှိသုံးစွဲနေဆဲ ငွေစက္ကူများကို ဆက်လက်သုံးစွဲခွင့်ရှိကြောင်း နအဖစစ်အစိုးရက ပြောကြားသည်။
 ထိုကဲ့သို့ ငွေစက္ကူအသစ်ထုတ်ဝေခြင်းသည် လက်ရှိပြည်တွင်း၌ လည်ပတ်နေသည့် ငွေစက္ကူများကို ရုပ်သိမ်းပြီး ယင်းငွေများအစားထုတ်ပါက ငွေအရေအတွက်တိုးလာမည်မဟုတ်ကြောင်း၊ သို့သော် လက်ရှိသုံးစွဲနေသည့် ငွေများအပြင် နောက်ထပ်အသစ်ထုတ်မည်ဆိုလျှင် ငွေအရေအတွက်များ၍ ဈေးနှုန်းတိုးမှုများ ဖြစ်လာလိမ့်မည်ဟု မြန်မာ့စီးပွားရေးပညာရှင် ဦးမော်သန်းက ပြောသည်။
 ၎င်းက “ဥပမာဆိုပါစို့ ပစ္စည်းအရေအတွက်က (၁) ထောင်ရှိတယ်၊ လှည့်ပတ်နေတဲ့ ငွေက (၅) ထောင်ရှိတယ်ဆိုရင် ပစ္စည်းတခုရဲ့ဈေးနှုန်းက (၅) ကျပ်ဖြစ်မှာပေါ့။ ပစ္စည်းအရေအတွက်က (၁) ထောင်က (၁) ထောင်ပဲ ဘာမှမတိုးဘူး။ လှည့်ပတ်တဲ့ ငွေက (၅) ထောင်ကနေ (၅) သောင်းဖြစ်သွားတယ်ဆိုရင် ပစ္စည်းတခုရဲ့ ဈေးနှုန်းက (၅) ကျပ်ကနေ (၅) ဆယ်ဖြစ်သွားမှာပဲ” ဟု ပြောသည်။
 မြန်မာနိုင်ငံအတွင်း လက်ရှိလှည့်ပတ်သုံးစွဲနေသော ငွေစက္ကူအမျိုးအစားများတွင် (၅) မူးတန်မှ (၁) ထောင်တန်အထိ ငွေစက္ကူအမျိုးအစား (၁၂) မျိုးရှိနေသည်။
  ယင်းငွေများဖြင့် ငွေကြေးတန်ဖိုး မည်မျှလှည့်ပတ်သုံးစွဲနေသည်ကို စစ်အစိုးရဘက်မှ တရားဝင်ထုတ်ပြန်ခြင်းမပြုသည်မှာ (၁၀) စုနှစ်တခုကျော် ကြာခဲ့ပြီဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ပြောသည်။
  နိုင်ငံအတွင်း လှည့်လည်သုံးစွဲနေသော ငွေကြေးပမာဏာကို ထုတ်ဖော်မပြောသည့်အတွက် နိုင်ငံတကာ စီးပွားရေးပညာရှင်များ၊ ငွေကြေးရင်းနှီးမြှုပ်နှံသူများအနေဖြင့် ခန့်မှန်းမှု ပြုလုပ်ရာတွင် အခက်အခဲဖြစ်စေသည်ဟု ဦးမော်သန်းက ပြောသည်။
 “လှည့်ပတ်နေတဲ့ငွေကြေးက ဘယ်နှစ်မှာ ဘယ်လောက်ရှိတယ်ဆိုတာ တရားဝင်ပြောပြမှ မှန်းလို့ရတာပေါ့။ အဲဒီလိုမပြောလို့ သတင်းအချက်အလက် အသေအချာမသိရရင် စီးပွားရေးပညာရှင်တွေ၊ ငွေကြေးရင်းနှီးမြှုပ်နှံသူတွေကြားမှာ သို့လော သို့လောနဲ့ စိုးရိမ်စိတ်ပိုများစေပြီး ဆိုးကျိုးတွေကို ဖြစ်ပေါ်စေတတ်တယ်။ လူတွေရဲ့ ယေဘုယျ စိတ်ပညာ (Psychology) အရကလည်း သို့လောသို့လော တွေးရရင် အဆိုးဘက်ကို ပိုများတတ်တယ်” ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
 မြန်မာ့ရုပ်သံများမှ ငွေစက္ကူသစ်ထုတ်ဝေမည့် သတင်းပေါ်ထွက်လာပြီးနောက် မြန်မာငွေဈေး ချက်ချင်းကျဆင်းသွားသည်ဟု စင်ကာပူတွင် ငွေကြေးဖလှယ်ရေးလုပ်ကိုင်နေသူတဦးက ပြောသည်။
  ၎င်းက “သတင်းကြေညာအပြီးမှာတင် ဒီဘက်မှာ အုတ်အုတ်ကျက်ကျက်ဖြစ်ပြီး ငွေဈေးကထိုးကျသွားတယ်။ ကြားကြားချင်းတော့ မြန်မာငွေဈေး (၁၀) ရာခိုင်နှုန်းလောက်ကျတယ်။ အခုထိလည်း ငွေဈေးက မငြိမ်သေးဘူး။ အမြဲမပြတ် နားစွင့်နေကြရတာပဲ” ဟု ပြောသည်။
နအဖစစ်အစိုးရလက်ထက်တွင် ငွေစက္ကူအသစ်ထုတ်ဝေတိုင်း အရေအတွက်မည်မျှ ထုတ်ဝေသည်ကို ဖော်ပြထားခြင်း မရှိသကဲ့သို့ ယခု (၅,၀၀၀) ကျပ်တန် ငွေစက္ကူထုတ်ဝေရာတွင်လည်း မည်မျှ ထုတ်ဝေမည်ကို ထည့်သွင်းကြေညာခြင်းမပြုပေ။

အစိုးရနှင့်အတိုက်အခံ နှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

 NEJ / ၂၅ စက်တင်ဘာ ၂၀၀၉

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒအသစ်ကို ကြိုဆိုသော်လည်း အစိုးရနှင့်အတိုက်အခံနှစ်ဖက်စလုံးကို တိုက်ရိုက်ဆွေးနွေးသင့်ကြောင်း ပြောကြားလိုက်သည်။
   “နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်က direct engagement လုပ်ဖို့ရယ် sanction ကိုလည်း ဆက်လက်ဆောင်ရွက်မယ်ဆိုတာ ပြောတယ်။ အဲဒါကို ကျနော်တို့ပြောကြတော့ ဒေါ်အောင်ဆန်းစုကြည်က direct engagement က ကောင်းတာပေါ့တဲ့။ အရင်ကတည်းကလည်း သူလည်းကြုံကြိုက်တဲ့အခါတိုင်း ပြောနေတာပဲတဲ့။ direct engagement လုပ်တဲ့နေရာမှာတော့ အစိုးရနဲ့ချည်းပဲမဟုတ်ဘဲ အတိုက်အခံတွေ၊ ဒီမိုကရေစီရေးသမားတွေနဲ့ပါ လုပ်ရင်ပိုပြီးတော့ အကျိုးရှိမယ်လို့ သူအဲလိုပြောပါတယ်” ဟု ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက်တွေ့ဆုံခဲ့သည့် အန်အယ်လ်ဒီပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီးဦးဉာဏ်ဝင်းက ပြောသည်။
   ဦးဉာဏ်ဝင်းနှင့်ရှေ့နေများသည် ဒေါ်အောင်ဆန်းစုကြည်၏ အယူခံအမှုကိစ္စ ဆွေးနွေးရန်အတွက် ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်တွေ့ဆုံခွင့်ရခဲ့ရာတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်၏ ပြောကြားချက်ကို ဒေါ်အောင်ဆန်းစုကြည်အား ပြောကြားခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။



အမေရိကန်အစိုးရအနေဖြင့် မြန်မာစစ်အစိုးရအပေါ် ပြစ်ဒဏ်ခတ်အရေးယူမှု (sanction) ကို ဆက်လက်ထားရှိမည် ဖြစ်သော်လည်း မြန်မာစစ်အစိုးရနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှု (direct engagement) လုပ်ဆောင်သွားမည်ဟု ပြီးခဲ့သည့် စက်တင်ဘာ (၂၃) ရက်တွင် နယူးယောက်မြို့၊ ကုလသမဂ္ဂရုံးချုပ်၌ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းဦးဆောင်ပြုလုပ်သည့် မြန်မာ့အရေးမိတ်ဆွေနိုင်ငံများ အစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စစ်ကလင်တန်က ပြောကြားခဲ့သည်။
   အမေရိကန်သမ္မတ အိုဘားမားသည် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် နိုင်ငံခြားရေးမူဝါဒကို ပြန်လည်သုံးသပ်နေပြီး ပြောင်းလဲလာမည့် မူဝါဒအသစ်နှင့်ပတ်သက်၍ မစ္စစ်ကလင်တန်က ယင်းသို့ ထုတ်ဖော်ပြောဆို ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
   ယမန်နေ့ နေ့လယ်ပိုင်းတွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးသို့ မြန်မာနိုင်ငံရှိ အမေရိကန်သံရုံးမှ တာဝန်ရှိသူ အရာရှိ (၂) ဦးလာရောက်ပြီး အမေရိကန်အစိုးရက မူဝါဒအသစ်နှင့်ပတ်သက်၍ ပြောဆိုခဲ့ကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးခင်မောင်ဆွေက ပြောကြားသည်။
   ၎င်းက “သူတို့ပြောတာတော့ အမေရိကန်နိုင်ငံခြားရေးဝါဒရဲ့ ရှေ့ပြေးပေါ့ဗျာ။ ပါတဲ့အချက်တွေကတော့ sanction ကတော့ ဆက်ရှိနေမယ်ပေါ့။ တဖက်ကလည်း တပ်မတော်အစိုးရနဲ့ engagement ပေါ့၊ ပိုမိုနီးကပ်တဲ့ ထိတွေ့ဆက်ဆံမှုတွေကိုလုပ်သွားမယ်ပေါ့ဗျာ။ တချိန်တည်းမှာပဲ ဆန်ရှင်ကို တဖြည်းဖြည်းချင်း ဖျက်သိမ်းသွားမယ့်ဟာမျိုးကိုလည်း သူတို့ သဘောထားရှိတဲ့ သဘောပေါ့လေ။ ဒါဟာလည်း တဖက်က အစိုးရဘက်ကနေပြီးတော့ ကောင်းမွန်တဲ့ ပျော့ပျောင်းတဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ၊ နောက်ပြီးတော့ ဖမ်းထားတဲ့အကျဉ်းသားတွေ အစရှိသဖြင့်ပေါ့။ ဘက်ပေါင်းစုံကနေပြီးတော့ ပျော့ပျောင်းတဲ့အနေအထားမျိုးတွေ ပြသလာမယ်၊ ဆက်ဆံမှုတွေမှာ တိုးတက်ကောင်းမွန်တဲ့သဘောထားတွေ ရှိလာမယ်ဆိုရင်တော့ သူတို့ဘက်က တဖြည်းဖြည်းချင်းဆုတ်သွားမယ်ဆိုတဲ့သဘောမျိုး ဆိုလိုတာဖြစ်တယ်” ဟု ရှင်းပြသည်။
  ထိုသို့အမေရိကန်အစိုးရ၏ နိုင်ငံခြားရေးရေးမူဝါဒအသစ်နှင့်ပတ်သက်၍ ဦးခင်မောင်ဆွေက ၎င်းအနေဖြင့် ကြိုဆိုသော်လည်း သတိဖြင့်ဂရုတစိုက်ကြိုရမည်ဖြစ်သည်ဟု ခေတ်ပြိုင်သို့ပြောသည်။
   ၎င်းက “ကျနော်အနေနဲ့ အလွတ်သဘောပြောရရင်တော့ ဒါကို ဂရုတစိုက်ကြိုဆိုရမှာပေါ့ဗျာ။ အရှေ့တောင်အာရှအသင်းမှာ လည်းပဲ အပြုသဘောဆောင်တဲ့ ဆက်ဆံမှုတွေ တိုးမြှင့်ဆောင်ရွက်မယ်ဆိုပြီးတော့ ဆယ်စုနှစ် တစုကျော်လောက် လုပ်လာခဲ့ပေမယ်လို့ တကယ်တမ်းကျ အကျိုးသက်ရောက်မှု မရှိခဲ့ဘူး။ ဒါပေမယ့် အခုပုံစံကတော့ အာဆီယံပုံစံနဲ့ဆို နည်းနည်းကွာခြားတယ်လို့ ယူဆဖွယ်ရာရှိတာပေါ့လေ။ သူက အပေးအယူသဘောထားအထိ ရောက်သွားမယ်ဆိုတဲ့ အနေမျိုးရှိတဲ့အခါကျတော့ တဖက်သတ်ရပ်ပြီး အပြုသဘောကြည့်ဆက်ဆံနေတဲ့ သဘောမျိုး မဟုတ်ဘူး။ လုပ်ငန်းအနေနဲ့ ပါတဲ့ကိစ္စမျိုးကို ဆောင်ရွက်သွားဖို့၊ ဥပမာအားဖြင့် ဖြစ်နေတဲ့နိုင်ငံရေးပြဿနာ အကျပ်အတည်းတွေ၊ စီးပွားရေးအခက်အခဲ တွေကို ပူးပေါင်းဆောင်ရွက်ပြီးတော့ အဖြေရှာရေး၊ ဒေါ်အောင်ဆန်းကြည်နဲ့ ဒီမိုကရေစီအင်အားစုတွေ၊ တိုင်းရင်းသားတွေ အပါအ၀င်ကို တွေ့ဆုံဆွေးနွေးပြီးတော့ နိုင်ငံရေးအဖြေရှာတဲ့အနေအထားမျိုးကို ရောက်အောင်သွားဖို့လိုတယ်လို့တော့ ကျနော်တို့ကတော့ ပြောလိုက်တာပဲလေ” ဟု ပြောသည်။
ရှေ့နေကြီး ဦးဉာဏ်ဝင်းကလည်း အကောင်းဘက်သို့ ရှေးရှုသည်ဟုမြင်ကြောင်း ပြောဆိုသည်။
၎င်းက “ကျနော်တို့က ဘာမှမတွေ့မဆုံ စကားမပြောရင် ဘာမှမတိုးတက်ဘူးလေ။ တွေ့ဆုံစကားပြောမှသာ တိုးတက်မှာ။ ဒီလို direct engagement ဟာ ကောင်းပါတယ်လို့ ကျနော်တို့သဘောထားပါတယ်” ဟု ပြောသည်။

 အန်အယ်လ်ဒီအနေဖြင့် ကြေညာချက်ထုတ်ပြန်ရန်ရှိသော်လည်း မြန်မာနိုင်ငံအပေါ်သက်ရောက်သည့် နိုင်ငံခြားရေးပေါ်လစီ အတိအကျထွက်ပြီးမှ ထုတ်ပြန်မည်လားဆိုသည်ကို ယနေ့ဆုံးဖြတ်ချက်အပေါ် မူတည်သည်ဟုလည်း ဦးခင်မောင်ဆွေက ပြောသည်။

dinsdag 22 september 2009

အန်အယ်လ်ဒီခေါင်းဆောင်များနှင့် တွေ့ဆုံခွင့်ရပါက ပါတီမူဝါဒများ ဆွေးနွေးမည်ဟု ဦးဝင်းတင်ပြော

မင်းနိုင်သူ / ၂၂ စက်တင်ဘာ ၂၀၀၉
       အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် နေအိမ်အကျယ်ချုပ် ချထားခံရသည့် ပါတီခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးခွင့်ရပါက ပါတီရှေ့ဆက်ရမည့် မူဝါဒများကို အဓိကထားဆွေးနွေးကြမည်ဟု ပါတီဗဟိုအလုပ်အမှုဆောင် အတွင်းရေးမှူး ဦးဝင်းတင်က ပြောကြားသည်။
      နေအိမ်အကျယ်ချုပ်ချထားခံရသည့် အန်အယ်လ်ဒီပါတီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် တို့နှင့် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးနိုင်ရေးအတွက် စက်တင်ဘာ (၁၆) ရက်၌ နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စာပို့ထားသော်လည်း အကြောင်းပြန်ကြားခြင်း မရှိသေးကြောင်း ပါတီပြန်ကြားရေးအဖွဲ့က ယမန်နေ့တွင် ထုတ်ဖော်ပြောဆိုခဲ့သည်။
     ယင်းသို့ နအဖဘက်မှ အကြောင်းပြန်ကြားခြင်း မရှိသေးသော်လည်း ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့အနေဖြင့် လက်ရှိဖြစ်ပေါ်နေသော နိုင်ငံရေးအခြေအနေများကို အခြေခံကာ ပါတီအတွက် ဆွေးနွေးသွားရန် လိုအပ်သည်ဟု ဦးဝင်းတင်က ပြောသည်။
   “အနီးကပ်ဆုံးတာဝန်ဖြစ်နေတဲ့ မှတ်ပုံတင်ရေးကိစ္စ၊ ပါတီရုံးတွေ ပြန်ဖွင့်ရေးကိစ္စ၊ စည်းရုံးလှုပ်ရှားဖို့ကိစ္စ ဒါတွေကို အခြေခံထားဆွေးနွေးရမယ်။ အစိုးရက သိပ်တင်းခံရင် ကျနော်တို့ အတင်းဖွင့်မလား။ ဒီလိုဟာမျိုးတွေပေါ့ဗျာ။ နောက်တခုက အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်ပြီး ဘယ်လောက်အထိကိုင်မလဲ။ ဘယ်လောက်မှာ ရပ်မလဲ။ နောက် တွေ့ဆုံဆွေးနွေးရေး တောင်းဆိုတာနဲ့ပတ်သက်ပြီး ဘယ်လိုအကြောင်းအရာတွေပေါ်မှာ မူတည်ပြီးတော့ ဘယ်လိုရေရှည်ရပ်သွားမလဲ။ မတွေ့ဘူးဆို ဘယ်လိုလုပ်မလဲ။ တွေ့မယ်ဆို ဘယ်လိုလုပ်မလဲ။ ဒါတွေ ကျနော်တို့ ဆွေးနွေးဖို့လိုတယ်” ဟု ၎င်းက ပြောသည်။
                ပါတီ၏အနာဂတ်မူဝါဒ ချမှတ်ရေးတွင် ဒေါ်အောင်ဆန်းစုကြည်သည် အရေးပါသော ပုဂ္ဂိုလ်ဖြစ်သည်ဟုလည်း ဦးဝင်းတင်က ပြောသည်။
          ၎င်းက “အဖွဲ့အစည်းဆိုတာ အဖွဲ့အစည်းက လုပ်မှဖြစ်မှာကိုး။ ဥပမာ ကျနော် ရွေးကောက်ပွဲမ၀င်ဘူး။ မ၀င်ချင်ဘူးဆိုတာကို ကျနော့်ဟာ ကျနော်ပြောလို့ရတဲ့အနေအထား ရှိတယ်ပေါ့ဗျာ။ ဒီလိုမျိုး ကျနော့်မှာ အသံထုတ်လို့ရတာ ရှိသော်ငြားလည်း ဒီအသံဟာ အဖွဲ့တခုလုံးကို ကယ်ရီလုပ်သွားနိုင်ဖို့ ခက်တယ်။ အလားတူပဲ အခြားသော ဗဟိုအလုပ်အမှုဆောင်တွေမှာလည်း အဲလို အကန့်အသတ်လေးတွေ ရှိနိုင်မယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ကျတော့ သူပြောတာဟာ အဖွဲ့ရဲ့လမ်းညွှန်ချက်၊ အဖွဲ့ရဲ့ညွှန်ကြားချက်လိုဟာမျိုးဖြစ်တယ်လေ” ဟု ပြောသည်။
      အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အနေဖြင့် အကျယ်ချုပ်ကျ ခေါင်းဆောင်များနှင့် တွေ့ဆုံလိုကြောင်း နအဖဥက္ကဋ္ဌထံ စာရေးတောင်းဆိုခြင်းသည် ယခုလအတွင်း ဒုတိယမြောက် တောင်းဆိုခြင်းဖြစ်သည်။
       စက်တင်ဘာ (၄) ရက်တွင် ပထမအကြိမ် နအဖဥက္ကဋ္ဌထံ ပါတီရုံးခွဲများ ပြန်လည်ဖွင့်လှစ်ခွင့်ရရန် စာရေးသား တောင်းဆိုထားသော်လည်း ယင်းတောင်းဆိုချက်ကို နအဖဘက်မှ တစုံတရာအကြောင်းပြန်ကြားခြင်း မရှိသေးပေ။
      ပါတီရုံးခွဲများ ပြန်လည်ဖွင့်လှစ်ခွင့်ရရေးနှင့်ပတ်သက်၍ ဦးဝင်းတင်က “မကြာခင်မှာ ပါတီမှတ်ပုံတင်ရေးတို့၊ ဘာတို့ လာတော့မယ်။ အန်အယ်လ်ဒီပါတီ အောက်ခြေမှာ ရုံးတွေက အားလုံးပိတ်ခံနေရတာ။ အဲတော့ ကျနော်တို့ထဲမှာလည်း sentiment နှစ်မျိုးပေါ့ဗျာ။ ကျနော်တို့ပြောတာ ကိုယ့်ဟာကိုဖွင့်မယ်ပေါ့ဗျာ။ အခုအပိတ်ခံထားရတာ ကျနော်တို့ အဖွဲ့ချုပ်တခုတည်းပဲရှိတယ်။ တချို့ကတော့လည်း မဟုတ်ဘူး၊ ကန့်သတ်တုန်းက ပြောတဲ့အတိုင်း အစိုးရဆီကိုတင်မယ်၊ ဒီသဘောထားရှိနေတယ်။ ကျနော်ကတော့ ဘာလို့အစိုးရပြောနေတော့မလဲ ကိုယ့်ဟာကို ဖွင့်ချမယ်၊ အရေးကြီးတာ အောက်ခြေက ပါတီရဲဘော်တွေနဲ့ညှိဖို့ပဲ” ဟု ပြောသည်။
     ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီရုံးများကို အကြောင်းပြချက် ခိုင်ခိုင်မာမာမရှိဘဲ ဒေသအာဏာပိုင်အသီးသီးက ၂၀၀၃ ခုနှစ် မေလ (၃၁) ရက်မှ စတင်၍ ပိတ်ခိုင်းခဲ့သည်။
        ယနေ့အထိ တရားဝင်ပါတီအဖြစ် ရပ်တည်နေဆဲဖြစ်သည့် အန်အယ်လ်ဒီပါတီကို နယ်ရုံးခွဲများ ပိတ်ပင်ထားခြင်းနှင့် လွတ်လပ်စွာ စည်းရုံးလှုပ်ရှားခွင့်မရစေရန် ကန့်သတ်မှုများပြုလုပ်ထားပြီး ပခုက္ကူမြို့တွင်မူ တရားဝင် မှတ်ပုံမတင်ရသေးသည့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေး အဖွဲ့ချုပ်ဆိုသည့် အဖွဲ့တခု၏ ဆိုင်းဘုတ်တင်ခြင်းကို အာဏာပိုင်များက ခွင့်ပြုထားသည်။

ဆက်သွယ်ရေးဝန်ကြီး ရွေးကောက်ပွဲအတွက် စည်းရုံးရေဆင်း

ခိုင်လင်း / ၂၂ စက်တင်ဘာ ၂၀၀၉
     ပြည်ထောင်စုကြံ့ခိုင်ရေးအသင်း၏ ကချင်ပြည်နယ်တာဝန်ခံဖြစ်သူ ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ် သိန်းဇော်သည် ယခုလ (၂ဝ) ရက်တွင် မြစ်ကြီးနားမြို့အထက်ပိုင်း၊ ဧရာဝတီမြစ်ဆုံအနီးရှိ တန်ဖဲကျေးရွာသို့ ရောက်ရှိလာပြီး ဒေသအတွင်းရှိ ဘာသာရေးအသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊ ရပ်မိရပ်ဖများ၊ ကြံ့ဖွံ့အသင်းဝင်များနှင့် တွေ့ဆုံပွဲတခုပြုလုပ်ကာ ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းခဲ့သည်။
       ယခုခရီးစဉ်တွင် ဆက်သွယ်ရေးဝန်ကြီးနှင့်အတူ ဝန်ကြီးအချို့လိုက်ပါလာပြီး ဒေသခံလူထုနှင့် ကြံ့ဖွံ့အသင်းသားများကို တွေ့ဆုံစကားပြောဆိုခဲ့ကာ ဆန်နှင့်ဆီများ ပေးသွားသည်ဟု အစည်းဝေးတက်ရောက်ခဲ့သူများနှင့် နီးစပ်သည့် ဒေသခံတဦးက ပြောသည်။
       ၎င်းက “ဗိုလ်မှူးချုပ်သိန်းဇော်နဲ့အတူ ကုန်သွယ်ရေးနဲ့ စွမ်းအင်ဝန်ကြီးတွေလည်း ပါလာတယ်။ သူတို့က တနင်္ဂနွေနေ့ နေ့လယ် (၁၁) နာရီမှာ ရောက်လာတယ်။ အဲဒီက ကြံ့ဖွံ့တွေ၊ ဘာသာရေးအသင်းအဖွဲ့တွေ၊ ရပ်မိရပ်ဖတွေနဲ့ တွေ့ဆုံတာပေါ့။ ပြီးတော့ အသင်းအဖွဲ့ တဖွဲ့စီကို ဆန်(၃)အိတ်နဲ့ (၁၀) ပိဿာပါတဲ့ ဆီ (၁) ပုံး ထောက်ပံ့သွားတယ်။ နေ့လယ် (၁) နာရီခွဲလောက်မှာ ပြန်သွားတယ်” ဟု ပြောသည်။
    အစည်းဝေးအတွင်း ဆက်သွယ်ရေးဝန်ကြီးက ကြံ့ဖွံ့အသင်းအနေဖြင့် နိုင်ငံတော်၏ ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးကြီးသည့် ဦးဆောင်မှုအခန်းကဏ္ဍမှ ပါဝင်သွားနိုင်ရေးအတွက် အဓိကပြောဆိုသွားသည်ဟု အဆိုပါဒေသခံက ပြောသည်။
          အဆိုပါအစည်းဝေးအတွင်း မေခ-မလိခ မြစ်ဆုံရေကာတာစီမံကိန်းအတွက် မြေနေရာရွှေ့ပြောင်းခံကြရမည့် ဒေသခံလူထုအား နစ်နာဆုံးရှုံးမှုအတွက် လျော်ကြေးငွေများ ပေးသွားမည်ဖြစ်ကြောင်း ထပ်မံကတိပေး ပြောဆိုသွားသည်ဟုလည်းသိရသည်။
   “ဝန်ကြီးတွေနဲ့အတူ အေးရှားဝေါကုမ္ပဏီက တာဝန်ရှိသူတွေလည်း ပါလာတယ်။ အစည်းဝေးမှာပဲ အိမ်တွေ၊ ခြံတွေ ရွှေ့ပေးရတဲ့အပေါ် သူတို့အနေနဲ့ လျော်ကြေးငွေပေးမယ်ပေါ့။ အဲဒီလို နစ်နာကြေးပေးရင်လည်း ပြည်သူလူထုအနေနဲ့ ကောင်းကောင်းမွန်မွန်လက်ခံပြီး ကျေအေးကြဖို့လိုတယ်ပေါ့။ အဲလိုပြောနေတယ်” ဟု အဆိုပါဒေသခံက ပြောသည်။
   မြစ်ဆုံရေကာတာစီမံကိန်းကြောင့် မြစ်ကြီးနားမြို့အထက်ပိုင်း ဧရာဝတီမြစ်ရိုးတလျှောက်နှင့် မြစ်ဆုံအနီးရှိ ကျေးရွာ (၆ဝ) ကျော်၊ ဥယျာဉ်ခြံများ၊ သစ်၊ ဝါးခြံများ၊ လယ်ယာမြေများ ရွှေ့ပြောင်းရန်ရှိနေပြီး လျော်ကြေးငွေပေးရေးအတွက် တန်ဖိုးတွက်ချက်နိုင်ရန် တိုင်းတာမှုများကို ပြီးခဲ့သည့်လအတွင်းက စတင်ပြုလုပ်နေသည်။
     ဗိုလ်မှူးချုပ် သိန်းဇော်သည် ကချင်ပြည်နယ်၊ မြစ်ကြီးနားသားဖြစ်ပြီး ကြံ့ဖွံ့အသင်းကြီး၏ ကချင်ပြည်နယ် တာဝန်ခံဖြစ်ကာ မကြာခဏ ကချင်ပြည်နယ်သို့လာရောက်ကာ ကြံ့ဖွံ့အသင်းသားများနှင့် တွေ့ဆုံနေပြီး လာမည့်ရွေးကောက်ပွဲတွင် ဝင်ရောက်အရွေးခံမည့်သူအဖြစ် သတင်းများပေါ်ထွက်နေသည်။
   နအဖက ၂ဝ၁ဝ တွင် ရွေးကောက်ပွဲပြုလုပ်မည်ဟု ပြောဆိုထာပြီး ယနေ့အချိန်အထိ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းဥပဒေများ ထုတ်ပြန်ခြင်းမရှိသော်လည်း ကြံ့ဖွံ့အသင်းအပါအဝင် နအဖနှင့်နီးစပ်သည့် အသင်းအဖွဲ့အချို့က နေရာအချို့တွင် စည်းရုံးလှုပ်ရှားမှုများ ပြုလုပ်နေသည်။

woensdag 16 september 2009

ဒီလိုပုံနဲ့မိုးကြီးမချုပ်သွားအောင်

အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ကိုယ့်ပြည်အရေးပေမို့မနေသာ
ကျွန်ုပ်ဟာလည်းပြည်သားတယောက်ပေမို့
အမှားတွေဆက်မှားကာ
ရွှေမြန်မာပြည်နွံ့ထဲမနစ်စေဖို့
ပညာရှိစကားကြွယ်သူ
နိုင်ငံရေးသမားတယောက်မဟုတ်ပေမယ့်
တော်လှန်အသိရှိထားသူတယောက်အနေနဲ့
ကျုပ်သိထားခဲ့တဲ့အမှန်တရားတွေကို
ကာရံမဲကဗျာအဖြစ်စာစီကာ
လက်လှမ်းမှီသူတွေသိအောင်တော့
မနေသာလို ကျုပ်ပြောရအုံးမပေါ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ကျုပ်ဆက်ပြောမယ့် အဲ့ဒီအမှန်တရားများ
သာမန်ပြည်သားတယောက်ရဲ့ စကားတွေပေမို့
ပညာရှိစကားမဟုတ်ခဲ့လို့
ဥပေက္ခာပြုထားမှာကိုတော့
ရှက့့်  ရှက့့်  ရှက်လှပါရဲ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ကျုပ်တို့ရွှေမြန်မာပြေ ( ပြည် )
ကိုယ့်အမျိုးကိုသတ်
ကိုယ့်အမျိုးကိုဖျက်နေကြတဲ့
ကမ္ဘာဆုံးတိုင်အောင်မကြေနိုင်စရာ
အာဏာရူးစစ်ဘီလူးတွေလက်ထဲရောက်ခဲ့တာ
၁၉၆၂ မတ်လ ၂ ရက်နေ့ကစ
ယနေ့အချိန်ထိပဲပါ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ကျုပ်တို့မြန်မာပြည်သားတွေဟာ
ဒီမိုကရေစီလိုချင်ကြတယ်ဆိုပေမယ့်
လူမျိုးစုများစွားက
သူတလူငါတမင်းနဲ့
သင်းကွဲကာတိုက်ပွဲဝင်နေကြလေတော့
အာဏာရူးတလမ်းသွားတို့အဖို့
သပ်လျှိုဖြိုခွဲရတာလွယ်ကူလှသပေါ့
နိုင်ငံရေးသမားမဟုတ်တဲ့ကျုပ်မှာ
ပြည်ထောင်စုအရေးကိုဖြေရှင်းဖို့ရာ
ဥာဏ်မမှီလေတော့
နိုင်ငံရေးသမားတွေပဲတိုင်ပင်ကာ
ဖယ်ဒရယ်ပြည်ထောင်စုအရေးကို
ဦးဆောင်မူတွေပေးကြပါလေ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
ဘ၀တ၀က်စံတဇောက်ကန်းအာဏာရူးတွေကို
ငြိမ်းချမ်းတဲ့နည်းတွေနဲ့
စားပွဲဝိုင်းထိုင်ကာဖြေရှင်းလို့မရတော့တဲ့အဆုံး
ရှစ်လေးလုံးအရေးတော်ပုံကြီးတုန်းကလိုမျိုး
တပြည်လုံးဆန္ဒထွက်ပြတဲ့နည်းကိုပြန်သုံး
အနီးစပ်ဆုံးမှာရှိနေကြတဲ့တော်လှန်ရေးအဖွဲ့တွေက
စစ်အစိုးရရဲ့အရေးကြီးတဲ့ရုံးစိုက်ရာတွေမှာ
ဗုံခွဲတိုက်ခိုက်တဲ့နည်းတွေနဲ့
အာဏာရူးတွေနဲ့နောက်လိုက်တွေကို
ကြောက်ရွံ့တုန်လှုပ်သွားအောင်လုပ်ပြကာ
ကျုပ်တို့လိုချင်နေတဲ့
ဒီမိုကရေစီအရေးကိုဆက်တောင်းဆိုရမှာပဲ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
စက်တင်ဘာ ၁၈ ရက်နေ့မှာ
သေနတ်မိုးကာအကြောက်တရားပေးခဲ့လို့
အခြေအနေအရအားမတန်လို့မာန် ခဏာလျှော့ရပေမယ့်
ဒီမိုကရေစီရရှိရေးဆိုတာအမြစ်တွယ်လာလို့
ရင်ထဲမှာအခုအထိဆက်လက်ရှင်သန်ကာ
ရောက်လေရာအရပ်မှာကျရာအခန်းက
ဆက်လက်တိုက်ပွဲဝင်နေဆဲပဲ့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
စစ်အာဏာရူးတို့အကြောက်တရားကြီးစိုးကာ
မျက်ကန်းတစ္ဆေမကြောက်ဆက်မိုက်နေတာကို
ကျုပ်တို့တတွေယဉ်ကျေးစွာနဲ့တုန့်ပြန်ဖို့
မဲသွားမပေးပဲနေလိုက်ကြကာ
အာဏာရူးတို့လုပ်ရပ်တွေကို
ဥပေက္ခာပြုထားလိုက်ကြစို့  ။
အရေးကြီးပြီညီနောင်အပေါင်းတို့
သွေးစည်းကာညီစေညီကြစို့
အာဏာရူးတို့ရဲ့ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ထောင်ချောက်ထဲ
ခင်ဗျားမဲသွားပေးရင် ခင်ဗျားပါတရားခံဖြစ်မယ်
အသိတရားနဲ့ယှဉ်နေ
တွေ့  ဝေ့  ကြွေ
ဒီအချိန်မှာကျုပ်တို့တတွေ တွေဝေပြီးပါသွားရင်
နောက်လာမယ့်ကျုပ်တို့ရဲ့ သားစဉ်မြေးဆက်တွေ
စစ်ဖိနပ်တွေရဲ့ကြမ်းတမ်းတဲ့နင်းချေမူအောက်မှာ
အညွှန့်တုံးအစတုံးဘ၀တွေနဲ့
ဒုက္ခဆင်းရဲမှုတွေအောက်
ဆက်လက်ကြွေကာနင်းပြားတွေဖြစ်နေအုံးမှပဲ
ကဲ့  ကဲ အသိတရားးရှိတဲ့လူသားတို့
အခုလိုအရေးကြီးတဲ့အချိန်မှာ
ကိုယ်ပိုင်အသိတရားတွေနဲ့ ရဲသွေးမွေးကြစို့  ။
ဇာနည်မောင်

maandag 14 september 2009

တောင်ငူတွင် မီးပုံမှန်မရသည့်အတွက် ခိုးသွယ်မှုများ ပိုများလာ

Monday, 14 September 2009 16:30 ဖြိုးကြီး
တောင်ငူမြို့ပေါ်တွင် ငွေပေးမှ မီးလာပြီး ငွေကြေးချမ်းသာသူများ နေအိမ်များသာ မီးပုံမှန်ရသည့်အတွက် မီးလိုင်းခိုးသွယ်မှုများ ပိုမိုများပြားလာနေလျက်ရှိသည်။

မြို့ပေါ်တွင် လူတိုင်း တန်းတူ မီးရရှိရေးအတွက် အဖွဲ့တဖွဲ့ ဖွဲ့ထားပြီး မီးလိုင်းခိုးသွယ်မှုများကို စနေ၊ တနင်္ဂနွေနေ့များတွင် လိုက်လံစစ်ဆေးမှုများ ပြုလုပ်နေသော်လည်း ငွေပေးနိုင်သည့် အိမ်များမျာမှာ ညစဉ်မီးလင်းနေလျက်ရှိကြောင်း မြို့ခံတဦးက ပြောသည်။

“တောင်ငူမြို့ပေါ်မှာ ကန်လမ်းက သူဌေးတွေက ပိုက်ဆံပေးတော့ လျှပ်စစ်ဌာနက နေ့တိုင်း မီးလင်းအောင် လုပ်ပေးတယ်။ ပိုက်ဆံမပေးတဲ့ လမ်းတွေကျတော့ မီးဖြတ်ထားတယ်။ မီးလိုချင်လို့ ပိုက်ဆံအကုန်ခံပြီး မီးလိုင်းတွေ ဆွဲထားရတယ်” ဟု ပြောသည်။

ယင်းကဲ့သို့ မီးလိုင်းတစ်လိုင်းစာအတွက် တလလျှင် ကျပ်ငွေ ၅၀,၀၀ ပေးရသော်လည်း မီး ပုံမှန်လာခြင်းမရှိကြောင်း အဆိုပါမြို့ခံက ဆက်ပြောသည်။

“မီးလိုချင်လို့ ပိုက်ဆံအကုန်ခံပြီး မီးလိုင်းကျော်ဆွဲပြန်ရင်လည်း မီးပုံမှန်ပေးရမယ့် အချိန်ဆိုလည်း မှန်မှန်မလာပြန်ဘူး။ တခြားလိုင်းက ဆွဲတော့လည်း အဖမ်းခံရတယ်။ အခုဆို မြို့ပေါ်မှာ ကြံ့ဖွံ့နဲ့ပေါင်းပြီး မီးစက်နဲ့ မောင်းပြီးတော့ ဖန်ချောင်းတစ်ချောင်းကို ၁၀၀၊ တီဗွီက ၃၀၀၊ ည (၆) နာရီကနေ (၁၁) နာရီအထိ ပေးတာ။ စဉ်းစားကြည့်ပေါ့ဗျာ၊ မြို့ထဲမှာတောင် ဒီလိုဖြစ်နေတာ” ဟု ပြောသည်။

တောင်ငူမြို့ပေါ်တွင် ယခင်က မိုးရာသီဆိုလျှင် ပုံမှန်မီးလာသော်လည်း ယခုအခါ တရက်လာပြီးလျှင် နှစ်ရက်ပျက်ဖြစ်နေကြောင်း မြို့ခံက ဆက်ပြောသည်။

woensdag 9 september 2009

အရပ်သားအမြင်နဲ့ စစ်သားအထင်

ဦးအောင်ခင်
၉ စက်တင်ဘာ ၂၀၀၉


မြန်မာပြည်မှာ ဒီမိုကရေစီစနစ်တည်ဆောက်ချင်တဲ့ အရပ်သားအဖွဲ့အစည်းတွေနဲ့ စစ်အစိုးရတို့ စေ့စပ်ဆွေးနွေးတဲ့အဆင့်ကို မရောက်နိုင်သေးဘဲ လိပ်ခဲတည်းလည်းဖြစ်နေရတဲ့ အခြေခံအကြောင်းတခုက အရပ်သားရဲ့ သမိုင်းအမြင်နဲ့ စစ်သားရဲ့ သမိုင်းအမြင် ကွဲပြားခြားနားနေလို့ပါပဲ။ စစ်တပ်တိုင်းမှာ သီးခြားအသွင်လက္ခဏာရှိတယ်။ အရပ်သားနဲ့စစ်သားဟာ သမိုင်းအမြင်ချင်း မတူတာများပါတယ်။ စစ်ဗိုလ်ရဲ့ အတွေးအခေါ်ဟာ စစ်တပ်ရဲ့သမိုင်းအမြင်က လွှမ်းမိုးလေ့ရှိတယ်။

အရပ်သားဟာ သူတွေ့ရှိတဲ့ အချက်အလက်ပေါ်မှာမူတည်ပြီး သမိုင်းရေးတယ်။ မိမိတွေ့ရှိတဲ့ အချက်အလက်ကိုလိုက်ပြီး သုံးသပ်မှုနဲ့ အဓိပ္ပာယ်ဖော်မှုလည်း ပြောင်းသွားရပါတယ်။ ကိုယ်ဖြစ်ချင်တာကို ရေးလို့မရဘူး။ ကိုယ်ထင်တာကိုမရေးဘဲ တွေ့တဲ့အတိုင်းရေးတာကို သတ္တိရှိတယ်လို့ ပြောတာပါပဲ။ ဗမာစစ်တပ်က သမိုင်းရေးသလို လိုချင်တာတွေထည့်ပြီး မလိုချင်တာ ကို ဖယ်ထုတ်လို့မရပါဘူး။ လူသတ်တာကို ကယ်တင်တာလို့ ရေးလို့မရပါဘူး။ အနောက်တိုင်းမှာ နာမည်ကြီးတဲ့ စစ်သမိုင်းဆရာတွေဟာ အရပ်သားတွေပါ။ ဗမာပြည်မှာတော့ စစ်ဗိုလ်ကသာ စစ်သမိုင်းကို ရေးခွင့်ရှိသလို ဖြစ်နေတယ်။

စစ်တပ်ကိုအယုံတင်သွင်းရာမှာ သမိုင်းကို ၀ါဒဖြန့်ပစ္စည်းအဖြစ် အသုံးပြုပြီး ပုံကြီးချဲ့လေ့ရှိတယ်။ ဒီလိုပြောပါများလာတော့ စစ်ခေါင်းဆောင်တွေကိုယ်တိုင် ဂျပိုးကိုလိပ်လို့ ယုံကြည်လာတာပါပဲ။ ဒါကို စိတ်ပညာမှာ auto-suggestion လို့ခေါ်တယ်။ ၂၀ ရာစုအစောပိုင်းမှာ ပြင်သစ်စိတ်ပညာရှင်တဦး Emile Coue 1857-1926 တွေ့တဲ့နည်းပါ။ မိမိကိုယ်မိမိ ကယ်တင်ရှင်လို့ အနှစ် (၅၀) နီးပါး ၀ါဒဖြန့်လာတဲ့ စစ်ခေါင်းဆောင်တွေဟာ သူတို့ဝါဒဖြန့်တာကို သူတို့ကိုယ်တိုင် ပြန်ယုံနေတဲ့အတွက် နေရာတကာ စစ်ဗိုလ်က ဦးဆောင်ခွင့်ရှိကြောင်း ဥပဒေပြုတာဖြစ်တယ်။

ဥပမာ အမေရိကန်နဲ့ အင်္ဂလိပ် စစ်အင်အားကြီးမားလို့ ဂျပန်စစ်ရှုံးရတာ တကမ္ဘာလုံး သိတယ်။ ဂျပန့်လက်အောက်ခံ ဗမာစစ်တပ်က ဂျပန်ကိုတော်လှန်ပြီး အင်္ဂလိပ်နဲ့ အမေရိကန်ဘက်က ကူတိုက်ပေးတယ်။ ဗမာစစ်တပ် မကူလည်း အင်္ဂလိပ်/အမေရိကန်က နိုင်မှာပါပဲ။ ဗမာစစ်တပ်က တော်လှန်လို့ ဂျပန်စစ်ရှုံးတာမဟုတ်ဘူး။ ဂျပန်ကို တော်လှန်တဲ့အတွက် ဗမာစစ်တပ်သာ အမြတ်ထွက်သွားတယ်။ ဂျပန်နဲ့လက်တွဲပြီး အင်္ဂလိပ်၊ အမေရိကန်တပ်ကို သွားတိုက်မယ်ဆိုရင် ဗမာစစ်တပ်ဟာ အိန္ဒိယလွတ်လပ်ရေးတပ်ဖွဲ့လို အင်္ဂလိပ်စစ်တပ်ရဲ့ ကူလီဘ၀ကို ရောက်သွားမှာ သေချာတယ်။

ဒီအဖြစ်အမှန်ကိုမထုတ်ဖော်ဘဲ တပ်မတော်ကတော်လှန်လို့သာ ဂျပန်စစ်ရှုံးသလိုလို တပြည်လုံးကို ၀ါဒဖြန့်ထားတာ စစ်တပ်ရဲ့ သမိုင်းအမြင်ပါပဲ။ ဗမာစစ်တပ်တိုက်ယူလို့ လွတ်လပ်ရေးရတာလို့ စစ်ဗိုလ်တွေယူဆထားတာဟာ မှားယွင်းတဲ့သမိုင်းအမြင်ပါ။ မြန်မာ့လွတ်လပ်ရေးလှုပ်ရှားမှုသမိုင်းမှာ ဖက်ဆစ်တော်လှန်ရေးဟာ အခန်းကဏ္ဍလေးတခုသာဖြစ်တယ်။ စစ်ပြီးခေတ် လွတ်လပ်ရေးကြိုးပမ်းမှုဟာ နှလုံးရည်တိုက်ပွဲသာဖြစ်တယ်။ အဲဒီအချိန်မှာ ဗမာစစ်တပ်ဟာ အင်္ဂလိပ်စစ်တပ်ရဲ့ လက်အောက်ခံ ဖြစ်နေလို့ လွတ်လပ်ရေးလှုပ်ရှားမှုမှာ တိုက်ရိုက်မပါဝင်နိုင်ခဲ့ဘူး။

ခေတ်ပညာတတ် စစ်ဗိုလ်ဆရာဝန် စာရေးဆရာ ဒေါက်တာမောင်မောင်ညို လိုဟာမျိုးကတောင် ဂျပန်တော်လှန်ရေးကို အကြီးအကျယ် အောက်မေ့နေတယ်။ ၁၉၇၃ ခုနှစ်က တိုကျိုမှာ ကျနော် သမိုင်းသုတေသနလုပ်နေတုန်း ဒေါက်တာမောင်မောင်ညိုနဲ့ ခဏဆုံမိတော့ ဂျပန်တော်လှန်ရေးအကြောင်း ဘာတွေရေးထားသလဲလို့ သူကမေးတယ်။ ဂျပန်တော်လှန်ရေးကို အလေးအနက်ထားသူ သိပ်မရှိကြောင်း ပြောပြတော့ ဒေါက်တာမောင်မောင်ညို အတော်မကျေမနပ် ဖြစ်သွားတယ်။ ဂျပန်တော်လှန်ရေးကို မှေးမှိန်သေးသိမ်အောင် ကျနော်က တမင်ပြောတဲ့ပုံစံနဲ့ သူ့ခရီးသွားမှတ်တမ်းမှာ ၁၉၇၇ က ရေးထားတယ်။ စစ်ဗိုလ်ဆရာဝန် ဒေါက်တာမောင်မောင်ညိုလည်း စစ်တပ်ဝါဒဖြန့်တာကို ယုံကြည်သူပါပဲ။

အခုတော့ ဂျပန်ကို ဗမာစစ်တပ်က တွန်းလှန်လိုက်တယ်ဆိုတဲ့ စိတ်ကူးယဉ်ချက်ကို အများယုံကြည်လာအောင် ပုံကြီးချဲ့ဝါဒဖြန့်ပြီး နိုင်ငံရေးအာဏာကို လက်ဝါးကြီးအုပ်ထားတယ်။ ဂျပန်ကို တိုက်ထုတ်သူဟာ ဗမာစစ်တပ်ဖြစ်ကြောင်း ပုံကြီးချဲ့တာကိုနားထောင်ပြီး လူငယ်တွေ ကြီးပြင်းလာရတယ်။ ဗမာစစ်တပ်ရဲ့ ပုံကြီးချဲ့ဇာတ်လမ်းအရ အင်္ဂလိပ်စစ်တပ်၊ အမေရိကန်စစ်တပ်၊ တရုတ်၊ ကရင်၊ ကချင်၊ ချင်း၊ နာဂနဲ့ မြန်မာအရပ်သားတွေကတော့ ဂျပန်တော်လှန်ရေးမှာ မပါသလို ဖြစ်နေတယ်။

တကယ်တော့ ဂျပန်တော်လှန်ရေးကို ပထမဆုံး စတင်ဆင်နွှဲသူဟာ ကရင်နဲ့ ချင်းအမျိုးသားတွေပါ။ ကရင်တိုင်းရင်းသားတွေနဲ့ အတူ ပထမဆုံးသော ဂျပန်ဆန့်ကျင်ရေးတိုက်ပွဲ ဦးဆောင်ဆင်နွှဲခဲ့သူ ဗြိတိသျှဗိုလ်မှူး Hugh Paul Seagrim ဖြစ်တယ်။ ကရင်ပြောက်ကျားအဖွဲ့က ဂျပန်စစ်တပ်ကို ပထမဆုံးတော်လှန်တာဖြစ်တယ်။

၁၉၄၂ ခုနှစ် ဆောင်းဦးရာသီမှာ ကလေးမြို့ကို ဂျပန်သိမ်းပိုက်ထားတုန်း ကင်းလှည့်တဲ့ ဂျပန်စစ်သားကို ဇိုပြည်သူ့စစ်က ဖြောင်ပစ်တဲ့အတွက် အဲဒီအချိန်ကတည်းက ချင်းတော်လှန်ရေးစတယ်လို့ ဆိုနိုင်ပါတယ်။ ကလေးမြို့အနီးမှာ ဂျပန်တပ်ဖွဲ့တဖွဲ့ အနားယူနေစဉ် ၁၉၄၂ ခုနှစ် ဒီဇင်ဘာ (၂၃) ရက်နေ့မှာ ဇိုပြည်သူ့စစ်က လျှပ်တပြက်ဝင်တိုက်လို့ ဂျပန် (၁၂) ဦး ကျသွားတယ်။ ဒီတိုက်ပွဲသတင်းကို ဒီဇင်ဘာ (၂၆) ရက်နေ့မှာ ဘီဘီစီအင်္ဂလိပ်ပိုင်းက ကြေညာတယ်။ ဒါဟာ အရပ်သားရေးတဲ့ သမိုင်းပါ။ စစ်တပ်ကို ကယ်တင်ရှင်လို့ ပြည်သူလူထုက မယူဆပါဘူး။

စစ်ခေါင်းဆောင်ကို သစ္စာရှိတဲ့စစ်တပ်ဟာ အဲဒီစစ်ခေါင်းဆောင်အလွဲသုံးစားလုပ်တာကို ခံရတယ်။ ဗိုလ်နေ၀င်းနဲ့ ဗိုလ်သန်းရွှေဟာ သာဓကတွေပဲ။ ဒီကနေ့ စစ်ဗိုလ်တွေလက်ခံတဲ့ နိုင်ငံရေးအယူအဆကို နောက်တနေ့မှာ စစ်ဗိုလ်တွေ မေ့သွားနိုင်တယ်။ ၁၉၆၂ ကစပြီး ဗမာစစ်တပ်တခုလုံးက ယုံကြည်ပါတယ်လို့ ကြွေးကြော်ခဲ့တဲ့ ဆိုရှယ်လစ်ဝါဒကို ၁၉၈၈ ရောက်တော့ ယုံကြည်တဲ့စစ်ဗိုလ် တယောက်မှမရှိတော့ဘူး။ ဒါဟာ ဗမာစစ်ဗိုလ်တွေရဲ့ ခံယူချက်လား။

အပြင်လူက မြန်မာပြည်ကို နားလည်ဖို့လိုအပ်သလို မြန်မာတွေကလည်း မိမိကိုယ်မိမိ အကဲဖြတ်ဖို့လိုအပ်ကြောင်း အမေရိကန်သမိုင်းဆရာကြီး ဂွန်ကေဒီ ၁၉၅၇ ခုနှစ်က ပြောဖူးတယ်။ ဗမာစစ်အစိုးရက အနှစ် (၅၀) နီးပါး ကိုယ်ရည်သွေး ၀ါဒဖြန့်ခဲ့တာကြောင့် မြန်မာ့သမိုင်းဖြစ်ရပ်မှန်ကို သိနိုင်ဖို့ မလွယ်ပါဘူး။ အဖြစ်မှန်ကိုမသိရင် တဘက်နဲ့တဘက် နားလည်ဖို့နဲ့ ပြဿဖြေရှင်းဖို့ ခက်ခဲနိုင်တယ်။

ဥပမာ အင်္ဂလိပ်ကိုလိုနီနယ်ချဲ့ဟာ တိုင်းရင်းသားလူမျိုးတွေကို စိတ်ဝမ်းကွဲပြားအောင်လုပ်ပြီး မြန်မာပြည်ကို သွေးစုပ်ခြယ်လှယ် တယ်ဆိုတာနဲ့ ဖက်ဆစ်တော်လှန်ရေးဆင်နွှဲလို့ လွတ်လပ်ရေးရတာဆိုတဲ့ ၀ါဒဖြန့်ချက်တွေကို ယုံကြည်လေလေ တိုင်းရင်းသားပြဿနာ ဖြေရှင်းရတာ ခက်လေလေပါပဲ။ မြန်မာ့ပြဿနာဟာ တိုင်းရင်းသားအရေးမှာ အခြေခံတယ်လို့ဆိုတယ်။ ဗမာလူမျိုး ရောက်မလာမီကတည်းက မြန်မာပြည်မှာ တိုင်းရင်းသားအမျိုးမျိုးရှိနေတယ်။ တိုင်းရင်းသားတွေဟာ ဗမာမင်းကို သစ္စာခံလိုက်၊ တရုတ်လက်အောက်ရောက်သွားလိုက်၊ ထိုင်းကိုသစ္စာခံလိုက်နဲ့ နောက်ဆုံး အင်္ဂလိပ်လက်ထက်ရောက်တော့မှ သူတို့ဘ၀ဟာ လုံခြုံသွားတဲ့သဘောပါပဲ။ ရှေးကတည်းက ဗမာမင်းနဲ့ တိုင်းရင်းသားတွေ အကွဲကွဲအပြဲပြဲဖြစ်လာတာကို အင်္ဂလိပ်က လိုသလို အသုံးချသွားတာပါပဲ။

ဖက်ဆစ်ဂျပန်စစ်ဗိုလ်ကလည်း သူ့ကိုယ်သူကိုယ် ကယ်တင်ရှင်လို့ ယူဆတာပဲ၊ ၁၉၄၅ မှာ ဂျပန်လက်နက်ချပြီး စစ်တပ်တခုလုံး ဖျက်သိမ်းလိုက်တော့မှ ကယ်တင်ရှင်ဝါဒ နိဂုံးချုပ်သွားတယ်။ စစ်ပြီးခေတ်ဂျပန်မှာ နှစ်ပေါင်းအတော်ကြာ စစ်တပ်မရှိဘူး။ အမေရိကန်စစ်တပ်နဲ့ ဂျပန်အရပ်သားအစိုးရက ပူးတွဲအုပ်ချုပ်ပါတယ်။ စစ်ဗိုလ်တွေကြောင့် တိုင်းပြည်ပျက်စီးခဲ့ရတဲ့အဖြေစ်ကို နာကြည်းခဲ့တဲ့ ဂျပန်နိုင်ငံမှာ စစ်မှုထမ်းအလုပ်ကို ဂုဏ်ယူစရာလို့ မယူဆကြတော့ဘူး။ စစ်ရှုံးလို့ရရှိလိုက်တဲ့ အကျိုးအမြတ်ကတော့ ဂျပန်ပြည်မှာ စစ်ဝါဒကွယ်ပျောက်ပြီး ဒီမိုကရေစီစနစ် ထွန်းကားလာတာပါပဲ။

တရားဝင်နိုင်ငံရေးပါတီများ စည်းရုံးလှုပ်ရှားခွင့်ပြုရေး အန်အယ်လ်ဒီက ဗိုလ်ချုပ်မှုးကြီးသန်းရွှေထံစာပို့

NEJ / ၉ စက်တင်ဘာ ၂၀၀၉


တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီများအား စည်းရုံးလှုပ်ရှားခွင့်ပြုရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဥက္ကဋ္ဌက နအဖဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ စက်တင်ဘာ (၄) ရက်တွင် စာရေးသားပေးပို့ခဲ့သည့် စာပါအချက်အလက် များကို အန်အယ်လ်ဒီမှ ယမန်နေ့ရက်စွဲဖြင့် ကြေညာချက်တစောင်ထုတ်ပြန်သည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသားပေးပို့ရခြင်းနှင့်ပတ်သက်၍ အန်အယ်လ်ဒီမှ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက “စာထုတ်ရတဲ့အကြောင်းက ပါတီမှတ်ပုံတင်ဥပဒေ မရှိသေးဘဲနဲ့ တရားဝင်မှတ်ပုံတင်လည်း မရှိသောပါတီတွေကို ပခုက္ကူမှာ ဆိုင်းဘုတ်လည်း တင်ခွင့်ရတယ်၊ အစည်းအဝေးတွေလည်း လုပ်ခွင့်ရတယ်။ အဲဒီအခြေအနေပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့က ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို စာရေးတာ။ တရားဝင်ပါတီဖြစ်သော အန်အယ်လ်ဒီကို ရုံးခန်းတွေဖွင့်ပေးဖို့၊ စည်းရုံးလှုပ်ရှားခွင့်ပေးဖို့ အဲဒါအကြောင်းကြားတာပါ” ဟု ပြောသည်။

အန်အယ်လ်ဒီပါတီသည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုဖြစ်ကြောင်း၊ ပါတီ၏အဆင့်ဆင့်သော ရုံးခွဲများကို အာဏာပိုင်တို့က ခေတ္တဟုပြောဆိုကာ ယနေ့တိုင်ချိတ်ပိတ် ထားကြောင်း၊ နိုင်ငံရေးပါတီတခု၏ လုပ်ပိုင်ခွင့်များဖြစ်သော စုဝေးခြင်း၊ စည်းဝေးခြင်း၊ စည်းရုံးခြင်း၊ ဆိုင်းဘုတ်တင်ခြင်း စသည့်လုပ်ငန်းများကိုလည်း ကန့်သတ်ပိတ်ပင်ထားခြင်းခံနေရကြောင်း စင်တင်ဘာ (၈) ရက်ထုတ် ကြေညာချက်တွင် ဖော်ပြထားသည်။

သို့သော် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ထားခြင်းမရှိသော အဖွဲ့အစည်းများ ဥပမာ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ဆိုသည့်အဖွဲ့အစည်းက ၁၉-၈-၂၀၀၉ နေ့တွင် ပခုက္ကူမြို့၌ ဆိုင်းဘုတ်တင်ခြင်း၊ အစည်းအဝေးကျင်းပခြင်းတို့ ပြုလုပ်ခွင့်ရသည့်အတွက် တရားမျှတခြင်းမရှိကြောင်း ထောက်ပြထားသည်။

ထို့အပြင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအသစ် ပြဋ္ဌာန်းထားခြင်းမရှိသေးသည့်အတွက် တရားမ၀င်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟုလည်း ကြေညာချက်တွင် ပါရှိသည်။

“ပခုက္ကူမှာ ဆိုင်းဘုတ်တင်တာကိုတော့ ကျနော်တို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွတွေ့လို့ အဲဒီဓာတ်ပုံမှတ်တမ်းပါ တွဲပြီးတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ စာရေးတာပါ” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

မြန်မာတနိုင်ငံလုံးရှိ အန်အယ်လ်ဒီပါတီရုံးများကို ၂၀၀၃ ခုနှစ် မေလ (၃၁) ရက်မှ စတင်ပိတ်ထားသည်မှာ ယနေ့တိုင်ဖြစ်သည်ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ထို့ကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ တရားဝင်ရပ်တည်နေသော နိုင်ငံရေးပါတီများအား ရုံးခန်းများ ပြန်လည်ဖွင့်လှစ်ပေးပြီး စည်းရုံးလှုပ်ရှားခွင့်ပေးရန် အကြောင်းကြားခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြပါရှိသည်။

ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀တပ်ဖွဲ့ခေါင်းဆောင်များ တွေ့ဆုံမည်

ခိုင်လင်း / ၉ စက်တင်ဘာ ၂၀၀၉


စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ခေါင်းဆောင်များ မကြာမီရက်ပိုင်း အတွင်း ၀တပ်ဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်းမြို့တွင် တွေ့ဆုံဆွေးနွေးရန်ရှိသည်။

ဒေသအတွင်း စစ်မက်ဖြစ်ပွားပြီး တရုတ်နယ်စပ်တွင် မတည်မငြိမ်ဖြစ်လာမည်ကို စိုးရိမ်သည့် တရုတ်အစိုးရ၏ ကြားဝင်စေ့စပ် ပေးမှုဖြင့် နှစ်ဖက်တွေ့ဆုံမည်ဖြစ်သည်ဟု ၀အရာရှိတဦးက ပြောသည်။

၎င်းက “ဗိုလ်ချုပ်ရဲမြင့် အခုရက်ပိုင်းလာမယ်ဆိုပြီး သိထားတယ်လေ။ ရက်အတိအကျတော့ မသိဘူး။ ကျနော်တို့ ခေါင်းဆောင်တွေနဲ့ ဒီပန်ဆန်းမှာ ဆွေးနွေးကြမှာ။ တရုတ်အာဏာပိုင်တွေက ကြားကစေ့စပ်ပေးတယ်လို့ ကြားရတယ်။ စစ်ပွဲဖြစ်ရင်၊ ဒေသမတည်မငြိမ်ဖြစ်ရင် တရုတ်ပြည်ဘက်ကိုလည်း ထိခိုက်တာတွေရှိတော့ သူတို့လည်း စိုးရိမ်နေပုံရတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်လကုန်ပိုင်းက ရှမ်းပြည်နယ် အထူးဒေသ (၁) ကိုးကန့်နယ်မြေအတွင်း ကိုးကန့်တပ်ဖွဲ့နှင့် နအဖတပ်အကြား တိုက်ပွဲများကြောင့် တရုတ်ပြည်ဘက်သို့ စစ်ပြေးဒုက္ခသည် (၃၇,၀၀၀) ကျော် ထွက်ပြေးလာခဲ့ကြောင်း၊ တရုတ်ပြည်အတွင်း အမြောက်ကျည် (၃) လုံးပေါက်ကွဲခဲ့ရာ တရုတ်နိုင်ငံသားတဦး သေဆုံးခဲ့ပြီး (၂) ဦးဒဏ်ရာရရှိခဲ့ကာ မြန်မာဘက်ခြမ်းတွင် တရုတ်နိုင်ငံသား (၁) ဦးသေဆုံးပြီး (၁၃) ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယူနန်ပြည်နယ်ရဲချုပ် Meng Sutie က သြဂုတ် (၃၀) ရက် သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ထုတ်ဖော်ပြောကြားခဲ့သည်။

ယခုလ (၆) ရက်၌ စစ်ဖက်ရေးရာအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နှင့် ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) ကိုယ်စားလှယ်တို့ တွေ့ဆုံရန် စီစဉ်ခဲ့သော်လည်း နအဖဘက်က ရက်ရွှေ့ဆိုင်းခဲ့ပြီး ယနေ့တွင် မြစ်ကြီးနား၌ နှစ်ဖက်တွေ့ဆုံမှုများ လုပ်နေသည်ဟု ကေအိုင်အိုအဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

ယခုတွေ့ဆုံမှုကိစ္စနှင့်ပတ်သက်၍ အတည်ပြုချက်ရယူရန် ကေအိုင်အိုသို့ ဆက်သွယ်၍မရခဲ့ပါ။

အပစ်ခတ်ရပ်အဖွဲ့များနှင့် နအဖတပ်များအကြား တဖက်နှင့်တဖက် စစ်ရေးအသင့်ပြင်ကာ စစ်လှုပ်ရှားမှုများရှိနေချိန်တွင် ယခုကဲ့သို့ နှစ်ဖက်တွေ့ဆုံမှုသတင်းများ ပေါ်ထွက်လာခြင်းဖြစ်သည်။

dinsdag 8 september 2009

“ ဘ၀ရဲ့တိုက်ပွဲ ”

ကမ္ဘာမြေကြီးမှနေထိုင်ကြတဲ့
ငါတို့တတွေဟာ
ယုံကြည်ကိုးကွယ်ရာမတူ
ဘာသာအသီးသီးကမွေးဖွားလာကြတဲ့
လောကီသားတွေပဲဖြစ်ကြတယ့့်  ။
ဘုရားသခင်ကိုမှန်းပြီးတော့
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်ပေါ့
လောကကြီးမှာပြဿနာတွေအေးချမ်းပြီး
အားလုံးပဲငြိမ်းချမ်းစွာနဲ့
နေထိုင်ကြရမှာအမှန့့်  ။
ဘ၀တခုရဲ့ပြဿနာများစွာကို
တည်ငြိမ်စွာနဲ့အဖြေရှာကြည့်တော့
ကံဆိုတာလူလုပ်သမျှပဲဆိုတဲ့
အဖြေတခုကိုပဲ ရခဲ့သကွဲ့
တခါတလေမှာလည်းပဲ
ဆိုးဝါးလှတဲ့ဘ၀ရဲ့ကံတရားတွေကို
နတ်မိစ္ဆာတွေကတောင်ပြုစားထားသလားလို့
အရိုင်းစိတ်တွေဝင်ကာတွေးထင်မိရဲ့  ။
စေ့စေ့တွေးကာဘ၀တခုကိုရှေ့ဆက်ဖို့
ကံဆိုတာလူလုပ်သမျှဆိုတာကိုပဲ
ပြန်ကောက်ကာဘ၀တခုကိုတည်ထောင်ဖို့
လက်တွေကျတဲ့အတွေးအခေါ်တွေကို
လုပ်ရပ်တွေနဲ့ပေါင်းစပ်ပါလို့
အများတကာနဲ့တန်းတူနေနိုင်ကာ
လူ့အခွင့်အရေးတွေအပြည့်အ၀ရှိမယ့်
ဒီမိုကရေစီဆိုတဲ့
ဘ၀တိုက်ပွဲဆီကိုပဲ ဆက်ချီတက်ရမှာပဲ့  ။
ဇာနည်မောင်

maandag 7 september 2009

မြန်မာ တရုတ် နယ်စပ် ဒုက္ခသည်များ ပိုမိုထွက်ပြေးနေ

mber 2009 19:03 ရန်ပိုင်
စစ်အစိုးရ သတင်းစာများတွင် ကိုးကန့်ဒေသ တည်ငြိမ်လာ သောကြောင့် ဒေသခံများ ပြန်လည်ဝင်ရောက် လာသည်ဟု ဖော်ပြနေသော်လည်း ၀ အပစ်ရပ်အဖွဲ့ ထိန်းချုပ်ရာ ပန်ဆန်းတွင် တရုတ်နိုင်ငံဘက် ရှောင်တိမ်း ထွက်ပြေးသူပိုမို များပြားလာ ကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်များအတွင်း ကိုးကန့်ဒေသတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများသည် ၀ ဒေသအတွင်းသို့ပါ ကူးလာနိုင်သည် ဟု ထင်မြင်ချက်များ ရှိနေသောကြောင့် ပန်ဆန်းတွင် စီးပွားရေးလုပ်ကိုင်နေကြသော တရုတ်လူမျိုးများအလုံးအရင်းဖြင့် နယ် စပ်ဖြတ်ကျော် ထွက်ပြေးနေပြီး တခြားသော စီးပွားရေးလာရောက် လုပ်ကိုင်သူများမှာလည်း လားရှိုးသို့ ထွက်ပြေးမှုများ ရှိ သည်ဟု ဒေသခံများက ဆိုသည်။

“ပန်ဆန်းမှာ ထွက်ပြေးတဲ့ တရုတ် ကုန်သည်တွေ တော်တော်များလာတယ်၊ တရုတ်နယ်ခြား နမ့်ခါချောင်း တံတားမှာ ဖြတ် ဖို့ စောင့်တဲ့ကားတွေက အစီး ၆၀ ကျော်လောက်ရှိတယ်၊ ဒီတံတားဂိတ်က ည ၆နာရီပိတ်တယ်”ဟု ဒေသခံတဦးက ဧရာဝ တီ သို့ပြောသည်။

ထိုသို့ဖြစ်ရခြင်းမှ ကိုးကန့်ဒေသတွင် တိုက်ခိုက်မှုများကဲ့သို့ မြန်မာစစ်တပ်များက လက်နက်ကြီးများ တင့်ကားများဖြင့် ၀ဒေသကိုလည်း တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သတင်းများ ထွက်ပေါ်လာသောကြောင့် ဖြစ်သည်ဟုသိရသည်။

“၀ခေါင်းဆောင်ပိုင်းက အစည်းအဝေးလုပ်ပြီး လူထုကြားမှာ အထိတ်တလန့် မဖြစ်ဖို့ နှိုးဆော်တဲ့ ပိုစတာတွေကပ်တယ်၊ စာရွက်တွေ ဝေတယ်၊မစိုးရိမ်ဖို့ ကိုယ့်နေရာမှာကိုယ် အေးအေးဆေးဆေးနေဖို့ပါ” ဟု ၎င်းဒေသခံက ပြောသည်။

ထိုသို့ နှိုးဆော်မှုများကို ၀ဒေသအာဏာပိုင်များက ပြုလုပ်နေသော်လည်း ဒေသခံ လူထုမှာ နားမထောင်ဘဲ အိုးအိမ် များကို စွန်ခွာ ထွက်ပြေးနေကြောင်း၊ အများစုမှာ တရုတ်ပြည်ထဲမှ ၀ဒေသသို့ စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်နေသော တရုတ်လူမျိုးများ ဖြစ်ပြီး မြန်မာနိုင်ငံမှ တရုတ်အများစုမှာ လားရှိုးသို့ထွက်ပြေးကြောင်း သိရသည်။

“ပန်ဆန်းကနေပြီး တာကောအက် တံတားကို ဖြတ်ပြီး တန်ယန်းကိုကူးလာတာ၊ ပြီးရင် လားရှိုးဘက်တက်မယ်၊ ကားခတွေ လည်း ဈေးတက်သွားတယ်၊ ပြီးခဲ့တဲ့ ၄ရက် ၅ရက်ကမှ ကားခက တယောက် ၄သောင်းပဲရှိတယ်၊ အခု၁သိန်းပေးရတယ်” ဟု ၀ဒေသမှ ထွက်ပြေးလာသော စီးပွားရေးလုပ်ငန်းရှင် တဦးက ပြောသည်။

ထိုသို့ ဒုက္ခသည်များ ထွက်ပြေးမှုသည် ၀ အပစ်ရပ်အဖွဲ့ဌာနချုပ် ပန်ဆန်းမြို့တွင်သာ မက တခြားသော အပစ်ရပ်အဖွဲ့ များဖြစ်သည့် မိုင်းလား အထူးဒေသ (၄) နှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ထိန်းချုပ်ရာ ဒေသများတွင်လည်း တရုတ်ပြည်ဘက်သို့ ထွက်ပြေးမှုများ ပိုမိုများပြားလာသည်ဟု သိရသည်။

“မိုင်းလား နဲ့ ပန်ဆန်းက အရပ်သားတွေရယ် ၊ KIA ဌာနချုပ်က တချို့ရယ် မနေ့က တရုတ်ပြည်ထဲကို ပစ္စည်းတွေရွှေ့ တယ်၊ ရုတ်ရုတ်သဲသဲပဲ၊ မိုင်းလားကတော့ မြို့တခုလုံးကို ခြောက်ကပ်သွားပြီ” ဟု တရုတ်မြန်မာနယ်စပ်မှ စီးပွားရေး လုပ်ငန်းရှင်တဦးက ပြောသည်။

တရုတ်နိုင်ငံ ရှိ Phoenix TV ရုပ်မြင်သံကြားသတင်းဌာန မှ ထုတ်လွှင့်သည် သတင်းတခုတွင် မိုင်းပေါက်နှင့် မိုင်းဖျံဒေသ သို့ စစ်အစိုးရ တပ်မှ တင့်ကား အစီး ၂၀ဖြင့် ၀င်ရောက်လာသည်ဟုကြေညာခဲ့သည်။

“တင့်ကားအစီး ၂၀သာ တကယ်ဝင်ရင်တော့ မိုင်းလားနဲ့ ၀ဒေသ အဆက်ပြတ်ပြီ၊ ဖီးနစ်တီဗီ က အဲ့ဒါကို လွှင့်တော့ လူတွေ ကကြောက်ပြီး ပြေးတာပေါ့၊ အခုကတရုတ်ပြည်ဘက်ကိုတင်ပြေးတာမဟုတ်ဘူး၊ မိုင်းယန်းကိုလည်း ၀ကတိုက်မယ်ဆိုလို့ လူတွေက ကျိုင်းတုံဘက်ကိုပြေးပြန်တယ်” ဟု အဆိုပါကုန်သည်က ဆက်လက်ပြောသည်။

ဤထွက်ပြေးမှုများနှင့် ပတ်သက်၍ တရုတ်အစိုးရနှင့် မြန်မာအစိုးရဘက်မှ မှားယွင်းသော သတင်းများကို ထုတ်ပြန်နေ သည်ဟုထင်ကြောင်း တရုတ်မြန်မာ နယ်စပ် အခြေစိုက် စစ်ရေးနိုင်ငံရေး လေ့လာသူ ဦးအောင်ကျော်ဇောက သုံးသပ်သည်။

အထူးဒေသ (၁) ကိုးကန့်နယ်မြေတွင် WY စာတန်းပါသည့် မူးယစ်ဆေးပြားများ နှင့် ထုတ်လုပ်သည့်စက်များ၊ ဓာတုဆေး ၀ါးများကို စီအောရွာရှိ ဦးဖုန်ကြာဖူး နေအိမ်မှ ရဲတပ်ဖွဲ့၊ မူးယစ်တပ်ဖွဲ့ နှင့် ကိုးကန့်ယာယီ ဦးစီးကော်မတီများက ဖမ်းဆီး ရမိခဲ့သည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါသတင်းစာများတွင် နယ်မြေအေးချမ်းလာပြီဖြစ်၍ ပြည်သူ ၉၃၀၄ ဦး ပြန်လည် ၀င်ရောက်လာပြီ ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

အတည်မပြုနိုင်သော သတင်းများအရ ကိုးကန့်ခေါင်းဆောင်ဟောင်း ဦးဖုန်ကြားရှင်နှင့် ညီဖြစ်သူ ဦးဖုန်ကြာဖူး ၊သားများ ဖြစ်သော ဖုန်တာ့လီ နှင့် ဖုန်တာ့ရွှင်တို့ကို လွှဲအပ်ပေးရန် စစ်အစိုးရက ၀တပ်ဖွဲ့ထံသို့ တောင်းဆိုထားသည်ဟု သိရသည်။

ကိုးကန့်နှင့်ဝ ခေါင်းဆောင်အများစုသည် မူးယစ်ဆေးဝါးဖြင့် မပတ်သက်သူ နည်းပါးကြောင်း၊ ထိုဒေသသည်လည်း ယခင် က ဘိန်းစိုက်ပျိုးရာ နေရာများအဖြစ် နာမည်ဆိုးထွက်ခဲ့သည့် ဒေသများဖြစ်ပြီး ယခုအခါတွင် စိတ်ကြွဆေးများ ကိုပြောင်း လဲ ထုတ်လုပ်ခဲ့ကြောင်း ယင်းမူးယစ်ဆေးဝါးကိစ္စများတွင် စစ်အစိုးရ၏ အရာရှိများလည်း ပါဝင်ပတ်သက်မှုများ ရှိနိုင် ကြောင်း သျှမ်းသံတော်ဆင့် သတင်းစဉ်မှ ဦးစိန်ကြည်က သုံးသပ်သည်။

ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ၏ ဘဏ္ဍာရေးဌာနတွင် ဒုတိယဌာနမှူးအဖြစ် ဦးကျော်မြင့် တာဝန် ယူခဲ့စဉ်က မူးယစ်ဆေးဝါးလုပ်ငန်း၊ ငွေမည်းခ၀ါချသော လုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြောင်း ထောက်လှမ်းရေး အရာရှိ ဟောင်း ဦးအောင်လင်းထွဋ်က ဗီအိုအေ မြန်မာပိုင်း အသံလွှင့်ဌာန၏ အသံလွှင့်အစီအစဉ်တွင် ပြောဆိုခဲ့သည်

ဝ နှင့် ကိုးကန့်တပ်ဖွဲ့များကို မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သက်သည်ဟု အပြည်ပြည်ဆိုင်ရာ မူး ယစ်ဆေးဝါးတိုက်ဖျက်ရေးအဖွဲ့များက သံသယရှိနေသောကြောင့် ၂၀၀၃ ခုနှစ်တွင် ကိုးကန့်ခေါင်းဆောင်များက မူးယစ် ဆေးဝါးကင်းစင်သောနယ်မြေအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။

ထထကြွကြွနှင့် ပြိုင်တူဝိုင်းကြပါစို့

NEJ / ၇ စက်တင်ဘာ ၂၀၀၉


၁၉၈၉ ခုနှစ် မတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်၍ ထိုစဉ်က န၀တစစ်အုပ်စုနှင့် ပထမဆုံး အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် ကိုးကန့်တပ်ဖွဲ့ (မြန်မာနိုင်ငံလူမျိုးစုများ ဒီမိုကရေစီမဟာမိတ်တပ်ပေါင်းစု - MNDAA) နှင့် နအဖတပ်ဖွဲ့တို့အကြား သြဂုတ်လ (၂၇) ရက်မှ (၂၉) ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားပြီးနောက် ဒေသတွင်းမှ စစ်ပြေးဒုက္ခသည် သုံးသောင်းငါးထောင် ကျော် တရုတ်ပြည်ဘက်သို့ ထွက်ပြေးခိုလှုံခဲ့ကြသည်။ ကိုးကန့်တပ်ဖွဲ့ဝင် (၁,၀၀၀) ခန့် တရုတ်ပြည်ဘက်သို့ ၀င်ရောက်ကာ တရုတ်အာဏာပိုင်များထံ လက်နက်ချအညံ့ခံခဲ့ကြသည်။

တနည်းအားဖြင့် အနှစ် (၂၀) ကျော် ကြာမြင့်ပြီးနောက် နအဖစစ်အုပ်စု၏ လက်ကိုင်တုတ်တပ်ဖွဲ့နှင့် ကိုးကန့်တပ်ဖွဲ့တို့အကြား ပထမဆုံးအကြိမ် ကျည်စပေါက်ခဲ့ခြင်းဖြစ်သည်။ ကိုးကန့်ခေါင်းဆောင်များ၏ မူးယစ်ဆေးဝါးမှုနှင့် လက်နက်မှောင်ခိုမှုများကြောင့် တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း နအဖစစ်အုပ်စုဘက်မှ အကြောင်းပြသည်။

သို့သော် စစ်အုပ်စု၏ အကြောင်းပြချက်ကို နိုင်ငံရေးလေ့လာသုံးသပ်သူများနှင့် အတိုက်အခံအင်အားစုများက လက်ခံယုံကြည်ခြင်းမရှိပေ။ နအဖစစ်အုပ်စု ဖြစ်စေချင်သည့် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းလဲရေးကိစ္စကို ကိုးကန့်ခေါင်းဆောင်များက ငြင်းဆန်သဖြင့် တရုတ်နယ်စပ်တလျှောက်ရှိ အပစ်အခတ်ရပ်စဲရေး အဖွဲ့များအနက် အင်အားအနည်းဆုံးဖြစ်သည့် ကိုးကန့်တပ်ဖွဲ့ကို အပြစ်ရှာပြီး ဗွေဆော်ဦး တိုက်ခိုက်ခြင်းဟုသာ လက်ခံယုံကြည်ကြသည်။

အနှစ် (၂၀) အတွင်း နအဖ လှမ်းခဲ့သည့် ခြေလှမ်းများကို ကြည့်ခြင်းအားဖြင့်လည်း စစ်အုပ်စု၏ အကြောင်းပြချက် ခိုင်လုံခြင်းမရှိကြောင်း သိသာထင်ရှားနေသည်။ နအဖစစ်ခေါင်းဆောင်များသည် သူတို့စစ်အုပ်စုနှင့် အကျိုးစီးပွားတူလျှင် ကမ္ဘာက အလိုရှိနေသည့် ဘိန်းဘုရင် ခွန်ဆာကဲ့သို့သော ပုဂ္ဂိုလ်မျိုးကိုပင်လျှင် မိတ်ဆွေဖွဲ့ကာ ကွယ်လွန်ချိန်အထိ ရန်ကုန်မြို့တွင် အေးအေးလူလူ ခေါင်းချခွင့်ပြုခဲ့သူများဖြစ်သည်။

ထို့အပြင် အနှစ် (၂၀) ကျော်ကြာ အပစ်အခတ်ရပ်စဲထားခဲ့သော လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း စစ်မှန်သည့် ငြိမ်းချမ်းရေးကို တည်ဆောက်ခဲ့ခြင်းမျိုးမဟုတ်ဘဲ စစ်အုပ်စု၏ ယာယီအကျိုးစီးပွား (အဓိကအားဖြင့် စစ်မျက်နှာမများစေရေး) အတွက် စီးပွားရေးအရ အထူးအခွင့်အရေးပေး (၀ါ) လုပ်ချင်ရာလုပ်ခွင့်ပြုကာ မသိချင်ဟန်ဆောင်သည့်နည်းဖြင့် အပစ်အခတ်ရပ်စဲခဲ့ခြင်းဖြစ်သည်။

တနည်းအားဖြင့် ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံကြောင့် ကြီးထွားလာသည့် ပြည်တွင်း/ပြည်ပဒီမိုကရေစီ အင်အားစုများအား နည်းမျိုးစုံဖြင့် ဖြိုခွဲရန်အတွက် အချိန်ယူချင်၍သာ အပစ်အခတ်ရပ်အဖွဲ့များနှင့် ယာယီငြိမ်းချမ်းရေး ရယူထားခဲ့ခြင်းမျိုးဖြစ်သည်။ ထို့အတွက် စစ်အုပ်စုသည် အပစ်ရပ်အဖွဲ့ခေါင်းဆောင်များကို စီးပွားရေးမက်လုံးများအပြင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အထူးဒေသများဖြင့်ပါ ဆွဲဆောင်စည်းရုံးခဲ့ရလေသည်။

သို့သော် နအဖစစ်ခေါင်းဆောင်များသည် လိုတမျိုး မလိုတမျိုး စိတ်သဘောထားမမှန် ဖောက်လွဲဖောက်ပြန် ပြုမူတတ်သည့် တပ်မတော်သားအယောင်ဆောင် လူလိမ်လူညစ် အာဏာရူးများသာဖြစ်ကြောင်း အနှစ် (၂၀) သာဓကများက တစတစ ထင်ရှားလာစေခဲ့သည်။ အကျိုးစီးပွားတူလျှင် ဘိန်းဘုရင်ပင်ဖြစ်သော်ငြား လည်ပင်းဖက်ပေါင်းသင်းခဲ့သော်လည်း အကျိုးစီးပွားမတူညီလျှင် (သို့မဟုတ်) မတူညီတော့သည့်အချိန်ရောက်လျှင် ပြိုင်ဘက်မှန်သမျှကို ကလိန်ကကျစ် ဉာဏ်နီဉာဏ်နက် နည်းမျိုးစုံသုံး၍ ဖယ်ရှားဖြိုခွင်းလေ့ရှိသည့် လူ့အောက်တန်းစားများဖြစ်ကြောင်း ကြာလေလေ ထင်ရှားလေလေဖြစ်၏။

အာဏာရှင်စစ်အုပ်စုသည် အနှစ် (၂၀) ကာလအတွင်း သူတို့၏ ရာဇပလ္လင်ကို ထိပါးအောင်ပြုမည်ဟု ယူဆသည့် နိုင်ငံရေးသမား၊ ကျောင်းသား၊ ပြည်သူဆိုလျှင် ဘိန်း၊ ချဲဘောက်ချာများ ပစ်ကာ အမှုဆင်ဖမ်းဆီးခြင်းမျိုး ကလိန်ကကျစ် ပြုလုပ်တတ်၏။ သံဃာတော်များဆိုလျှင် အမျိုးသမီး ထမီပစ်ကာ အမှုဆင်ဖမ်းဆီးခြင်းမျိုး အောက်တန်းကျကျ ပြုမူတတ်၏။ မကြာသေးမီက ဆိုလျှင် နေအိမ်အကျုယ်ချုပ်ကျခံနေရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား လူတယောက်လုံး ပင်ပစ်၍ အမှုဆင်ကာ မျက်နှာပြောင်တိုက် ဖမ်းဆီးခဲ့၏။

ထိုကဲ့သို့သော အမှုဆင်ဖမ်းဆီးမှုများအပြီးတွင် ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီ နယ်ခြားစောင့်တပ်အဖွဲ့ အသွင်ပြောင်းလဲရန် ငြင်းဆန်နေသည့် အပစ်အခတ်ရပ်စဲရေးအဖွဲ့များထဲမှ ကိုးကန့်တပ်ဖွဲ့ကို မူးယစ်ဆေးဝါးနှင့် လက်နက်မှောင်ခိုမှု ခေါင်းစဉ်တပ်ကာ အပြစ်ရှာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပေ၏။ နဂိုကတည်းက ကိုးကန့်ခေါင်းဆောင်များ ဘိန်းလုပ်နေသည်ကို မသိချင်ဟန်ဆောင်ခဲ့သည့် နအဖစစ်ခေါင်းဆောင်များက သူတို့၏ အမိန့်ကိုမနာခံသည့် ယခုအချိန်ကျမှ မူးယစ်ဆေးဝါးမှုကို အကြောင်းပြလာသည်မှာ ရယ်သွမ်းသွေးဖွယ်ရာပင် ဖြစ်တော့၏။ (နအဖစစ်ထောက်လှမ်းရေးဟောင်း ဗိုလ်မှူးအောင်လင်းထွဋ် ၏ ပြောပြချက်အရဆိုလျှင် ကမ်းလွန်ရေနံနှင့် သဘာဝဓာတ်ငွေ့များ အလျှံအပယ်မထွက်ခင် ၁၉၉၃ ခုနှစ်အထိ မြန်မာစစ်အစိုးရအနေဖြင့် တရုတ်နယ်စပ် အပစ်ရပ်ခေါင်းဆောင်များထံမှ ခွဲဝေရရှိသည့် မူးယစ်ဆေးဝါးရောင်းရငွေများအပေါ် မှီခိုခဲ့ရသည်ဟူ၏။)

ကိုးကန့်ခေါင်းဆောင်များ ကျူးလွန်သည်ဆိုသည့် မူးယစ်ဆေးဝါးပြဿနာများ အပါအ၀င် ယနေ့မြန်မာနိုင်ငံတွင် ဖြစ်ပျက်နေသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြဿနာအလုံးစုံသည် မြန်မာနိုင်ငံကို (၄၆) နှစ်ကျော်ကြာ စစ်အာဏာရှင် စနစ်ဖြင့် အုပ်ချုပ်ခဲ့ခြင်းကြောင့် အမြစ်တွယ်ပေါက်ဖွားလာခဲ့ခြင်းဖြစ်ရာ ပြဿနာအ၀၀ကို ချုပ်ငြိမ်းအောင် ဆောင်ရွက်လိုလျှင် ရှေးဦးစွာ စစ်အာဏာရှင်စနစ်ကို အမြစ်ပါမကျန် ဖယ်လှန်နိုင်ဖို့လိုအပ်ပေသည်။ ထို့နောက်မှသာ ကျန်ပြဿနာအရပ်ရပ်ကို နိုင်ငံရေးနည်းဖြင့် နည်းမှန်လမ်းမှန် စနစ်တကျ အချိန်ယူဖြေရှင်းရမည်ဖြစ်ပေသည်။

အဆိုပါပြဿနာအ၀၀ကို ဖန်းတီးခဲ့၊ ဖန်တီးနေဆဲဖြစ်သော နအဖစစ်အုပ်စုသည် အနှစ် (၂၀) အတွင်း အတိုက်အခံအင်အားစု အသီးသီး (တဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ) အပေါ် ကလိန်အကျစ် ဉာဏ်နီဉာဏ်နက်မျိုးစုံဖြင့် ထောင်ချောက်ဆင် ဖမ်းဆီးထိန်းသိမ်း တိုက်ခိုက်ခြင်းမျိုးအပြင် ပြည်သူကို ပြည်သူနှင့်၊ ကျောင်းသားကို ကျောင်းသားနှင့်၊ ကရင်ကို ကရင်နှင့်၊ ကိုးကန့်ကို ကိုးကန့်နှင့် အချင်းချင်း သပ်လျှိုသွေးခွဲကာ ဖြိုခွင်းသည့်နည်းကိုလည်း ကျင့်သုံးခဲ့ပေသည်။ မည်သို့ပင် ထောက်ချောက်ဆင် ဖမ်းဆီးဖမ်းဆီး၊ သွေးခွဲဖြိုခွင်းဖြိုခွင်းစေကာမူ တိုင်းပြည်တွင် ဖြစ်ပျက်နေသည့် ပြဿနာများ သည် ပြေလည်လျော့ပါလာခြင်းမရှိဘဲ အလုံးစုံးပျက်သုဉ်းရမည့်ကိန်းသို့သာ တနေ့တခြား ဆိုက်ရောက်လာသည်ကို တွေ့နေရပေသည်။

ထိုသို့ တိုင်းပြည်ကို ချောက်ထဲသို့ တွန်းပို့နေသော ကောက်ကျစ်ယုတ်မာ ပက်စက်လှသည့် နအဖစစ်ခေါင်းဆောင်နှင့်တကွ စစ်အာဏာရှင်စနစ်ဆိုးကြီးကို အမြစ်ပါမကျန် ဖယ်လှန်နိုင်ရန်အလို့ငှာ စစ်အုပ်စုဆင်သည့် ထောင်ချောက်အတွင်းသို့ (ကိုးကန့်အရေးကို နမူနာယူကာ) တဦးချင်း၊ တဖွဲ့ချင်း သက်ဆင်းမခံဘဲ ပြည်သူလူထုတရပ်လုံးနှင့်အတူ လက်နက်ကိုင် အဖွဲ့အစည်းအားလုံး၊ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုများအားလုံး ဖက်ဆစ်ဂျပန်ကို တော်လှန်ခဲ့ချိန်ကကဲ့သို့ လက်ဦးမှုယူပြီး တချိန်တည်း တပြိုင်တည်း အုံကြွပေါက်ကွဲ တိုက်ခိုက်ကြဖို့ လိုအပ်ပါကြောင်း ခေတ်ပြိုင်က တပ်လှန့်နှိုးဆော်လိုက်ရပါ၏။

မြန်မာအလုပ်သမားတဦးအတွက် နစ်နာကြေး ဘတ်၂၅၀၀၀၀ ပေးရန် တရားရုံးအမိန့်ချ

Saturday, 05 September 2009 17:16 ဘစောတင်
ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ လုပ်ငန်းခွင် တခုအတွင်း လွန်ခဲ့သည့် ၂ နှစ်ခန့်က မတော်တဆထိခိုက်မှုဖြင့် သေဆုံး ခဲ့ရသော စိုင်းထွန်း အမည်ရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားတဦးအတွက် အလုပ်ရှင်က နစ်နာကြေး ဘတ် ၂၅၀၀၀၀ ပေးရန် အလုပ်သမား တရားရုံးက အမိန့်ချမှတ်ပေးလိုက်ကြောင်း သိရသည်။

၂၀၀၇ခုနှစ် အတွင်း လုပ်ငန်းခွင်တွင် သေဆုံးခဲ့သော ယင်း အသက်(၁၇)နှစ်ရှိ အလုပ်သမား စိုင်းထွန်း အတွက် သူ၏မိဘများကို အလုပ်ရှင်က လျော်ကြေးပေးရန် ချင်းမိုင် အလုပ်သမားတရားရုံးက အမိန့် ချမှတ်လိုက်ခြင်းဖြစ်သည်ဟု ယနေ့ထုတ် ဘန်ကောက်ပို့စ် သတင်းစာတွင် ဖော်ပြထားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ လူ့အခွင့်အရေးနှင့် ဖွံ့ ဖြိုးရေး ဖောင်ဒေးရှင်း(HRDF)မှ အထွေထွေ အတွင်းရေးမှူး မစ္စတာ ဆုမ်ချိုင်းဟုမ်လာက မျှတသည့် အလုပ်သမားအခွင့်အရေးအတွက် ဥပဒေက စီရင်ပေးခြင်း ဖြစ် ကြောင်း ပြောဆိုသည်။

မစ္စတာ ဆုမ်ချိုင်းဟုမ်လာက“ဒီအမှုကို အနိုင်ရတာက ဘာကိုပြသလဲဆိုရင် အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေ မှာ အလုပ်လုပ်နေရတဲ့ ရွှေ့ပြောင်း အလုပ်သမားတွေအတွက် ထိခိုက်နစ်နာမှုရှိခဲ့ရင် ရသင့်ရထိုက်တဲ့ အလုပ် သမားအခွင့်အရေးကို ရတယ်ဆိုတာပါပဲ၊ ဘာဖြစ်လို့လဲဆိုတော့ အခုသေဆုံးသွားခဲ့တဲ့ စိုင်းထွန်း ဟာ အလုပ် သမားမှတ်ပုံတင်မရှိတဲ့ အလုပ်သမားတဦးပါ၊ ဒါပေမယ့် တရားဥပဒေက အလုပ်သမားတွေအတွက် မျှတ အောင် စီရင်ပေးခဲ့ပါတယ်”ဟု ဆိုသည်။

၂၀၀၇ခုနှစ် ဇွန်လ (၂၀)ရက်နေ့က ဆောက်လုပ်ရေး အလုပ်သမားများဖြစ်သည့် အဆိုပါ ရှမ်းတိုင်းရင်းသား စိုင်းထွန်းနှင့် တခြားသော အလုပ်သမား စိုင်းဘွန်းတို့ နှစ်ဦးသည် ချင်းမိုင်မြို့မဲယင်ခရိုင်အတွင်းရှိ အစိုးရ ရေလွှမ်းမှု ကာကွယ်ရေး စီမံကိန်းတွင် အလုပ်လုပ်ရင်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြသည်။

စိုင်းထွန်းသည် ဦးနှောက်ထိခိုက်ဒဏ်ရာရပြီးနောက် ၄ ရက် ခန့်တွင် သေဆုံးသွားခဲ့ရခြင်းဖြစ်သည်။ စိုင်းဘွန်းမှာမူ အသက် မသေခဲ့သော်လည်း အဆုပ်နှင့် လည်ချောင်းတို့တွင် ပြင်းထန်စွာထိခိုက်ခံစားခဲ့ရပြီး ပုခုံးရိုးများလည်း ကျိုးသွားခဲ့သည်ဟု သိရသည်။ ထို့ပြင် နားလည်းပင်းသွားခဲ့လေသည်။

စိုင်းထွန်း ထိခိုက်ဒဏ်ရာရစဉ် ၎င်း၏မိဘများက ဆေးဖိုး ဘတ် ၅၀၀၀ ခန့် ကုန်ကျခဲ့ပြီး သေဆုံးချိန်တွင် အသုဘစရိတ် ဘတ်၂၀၀၀၀ ခန့် ကုန်ကျခဲ့သော်လည်း အလုပ်ရှင်ကတာဝန်မယူသည့်အပြင် ထောက်ပံ့ ကူညီခြင်းပင်မရှိခဲ့ဟု မစ္စတာ ဆုမ်ချိုင်းက ပြောသည်။ စိုင်းထွန်းသည် ထိုအချိန်က လုပ်အားခ တရက် ဘတ် ၁၇၀ သာရရှိသည်ဟုလည်း ဆိုသည်။

ရွှေ့ ပြောင်းအလုပ်သမား အများစုသည် လုပ်ငန်းခွင်အတွင်း ဒဏ်ရာပြင်းထန်စွာရရှိခြင်း၊ အသက်သေဆုံးခြင်း များရှိခဲ့ကြသော်လည်း လျော်ကြေးရသူအလွန်နည်းအကြောင်း၊ အများစုမှာ တရားမ၀င် လာရောက်နေထိုင်မှု အတွက် အရေးယူခံရမည်ကို စိုးရိမ်၍ ထိခိုက်နစ်နာကြေးကို မတောင်းဝံ့ကြသောကြောင့်ဖြစ်ကြောင်း မစ္စတာ ဆုမ်ချိုင်းဟုမ်လာက ဆက်လက်ပြောဆိုသည်။

“ရွှေ့ပြောင်းအလုပ်သမားတွေ လုပ်ငန်းခွင်မှာ ထိခိုက်နစ်နာမှုရှိပါက အလုပ်ရှင်အနေနဲ့လျော်ကြေး ပေးကို ပေးရမှာပါ”ဟု မစ္စတာ ဆုမ်ချိုင်းဟုမ်လာက ပြောသည်။

စိုင်းထွန်းအတွက် ယခုကဲ့သို့ နစ်နာကြေးရရှိခြင်းသည် ထိုင်းနိုင်ငံအတွင်းတွင် လာရောက်အလုပ်လုပ် နေကြ သော ၂ သန်းကျော်ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် ကောင်းသောမျှော်လင့်ချက် ရောင်ခြည် ပင်ဖြစ်သည်ဟု အလုပ်သမားရေးရာ ကျွမ်းကျင်သူများက မှတ်ချက်ပြုကြကြောင်းလည်း ဘန်ကောက် ပို့စ်က ရေးသားထားသည်။

woensdag 2 september 2009

ပန်းတိုင်းပွင့်ကြပါစေ၊ ပွင့်သောပန်းတိုင်း မွှေးကြပါစေ



မောင်သြ

၃ စက်တင်ဘာ ၂၀၀၉


၂၀၁၀ ရွေးကောက်ပွဲ …။

ယနေ့စစ်အစိုးရလက်ထက်မှာ ထုတ်ဝေနေတဲ့ သတင်းစာကြီးနှစ်စောင်မှာ ၂၀၁၀ ရွေးကောက်ပွဲအကြောင်းကိုသာ ဇောင်းပေးရေးသားနေတာတွေ တွေ့နေရပါတယ်။ အဓိက ကတော့ ၂၀၀၈ ခုနှစ် မေလက (၉၂.၄၈) ရာခိုင်နှုန်းနဲ့ ပြည်သူလူထုက တခဲနက်ထောက်ခံခဲ့ပြီးပြီဆိုတဲ့ အခြေခံဥပဒေမူကြမ်းအပေါ် အခြေခံမယ့် ၂၀၁၀ ရွေးကောက်ပွဲကြီး အကြောင်းပါပဲ။

“လူထုက ရွေးကောက်တင်မြှောက်သူများနဲ့ ပြည်ထောင်စုလွှတ်တော်ကြီး ခေါ်ယူကျင်းပပြီး သမ္မတကြီး ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ အခြားအဖွဲ့အစည်းများ ဖွဲ့စည်းပြီး အေးချမ်းသာယာခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဟာ မရှေးမနှောင်း ဖြစ်ပေါ်တိုးတက်လာတော့မယ့် အခွင့်အလမ်းကြီးပါပဲ” လို့ နအဖအကြိုက် ဖော်လံဖား ဆောင်းပါးရှင် မောင်နွယ်စစ်ရဲ့ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်ရတာဖြစ်ပါတယ်” ဆိုတဲ့ ဆောင်းပါးကို (၁၆.၈.၀၉) နေ့ထုတ် ကြေးမုံသတင်းစာမှာ ဖတ်လိုက်ရပါတယ်။

ယနေ့ပြည်သူလူထုအများစုက ဒီရွေးကောက်ပွဲကို မိမိတို့ရဲ့ နေ့စဉ်စားသောက်နေထိုင်ရေး နဲ့ ရောင်းဝယ်လုပ်ကိုင်နေရ ခြင်းလောက် စိတ်မ၀င်စားနိုင်ပါဘူး။ ဒါပေမယ့် အပြောင်းအလဲကို မျှော်လင့်နေတာတော့ ရှိပါတယ်။ အစိုးရအသစ်ပေါ်လာရင် အထွေထွေစားသောက်ကုန်ပစ္စည်းများရဲ့ ကုန်ဈေးနှုန်းတွေများ ကျဆင်းလာမလား၊ ရေ မီး လျှပ်စစ် မှန်မှန်ရလာမလား။ ခြိမ်းခြောက်ဟိန်းဟောက်တာကို ကြောက်နေရတဲ့ ငြိမ်ဝပ်ပိပြားတဲ့ ဘ၀က လွတ်မြောက်လေမလား၊ အနိုင်ကျင့် စိုးမိုးခံရတဲ့ ဘ၀ကနေ ကင်းဝေးလေမလား၊ လွတ်လပ်စွာ တွေးခေါ်ရေးသားနိုင်တဲ့ စာပေလွတ်လပ်ခွင့်နဲ့ ထုတ်ဝေခွင့်တွေ အမှန်တကယ် ရရှိလေမလား၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ မတရားလုပ်အားပေးခိုင်းစေမှုတွေ၊ အသက်မပြည့်သေးတဲ့ ကလေးစစ်သား စုဆောင်းမှုတွေ၊ မတရား လယ်ယာမြေသိမ်းဆည်းမှုတွေ၊ ဘာသာရေးအရ လွတ်လပ်စွာ ကိုးကွယ်မှုတွေ၊ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများအပေါ် ရက်စက်စွာ တိုက်ခိုက်နှိမ်နင်းသတ်ဖြတ်မှုတွေ၊ ဌာနဆိုင်ရာရုံးတွေမှာ လာဘ်ပေးလာဘ်ယူ အကျင့်ပျက်ခြစားနေတာတွေ၊ စီးပွားရေးကျပ်တည်းလို့ ပြည်ပကို ထွက်ပြေးစွန့်ခွာပြီး ပြည်ပနိုင်ငံတွေမှာ ဆင်းရဲပင်ပန်းစွာ လုပ်ကိုင်စားသောက်နေကြရတဲ့ မြန်မာနိုင်ငံသားအလုပ်သမားတွေ ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်ဇာတိမြေကို ပြန်လာပြီး လုပ်ကိုင်စားသောက်နိုင်ကြလေမလား။

(၁၃) နှစ်၊ (၁၄) နှစ်အရွယ် ပျက်စီးနေတဲ့ မိန်းကလေးငယ်တွေရဲ့ ကိုယ်နဲ့ရင်းနှီးပေးဆပ် လုပ်ကိုင်စားသောက်နေရတဲ့ အမှောင်ဘ၀တွေ အလင်းဘ၀ကို ပြန်ရောက်လာနိုင်မလား၊ သွင်းကုန်ထုတ်ကုန် ပြည်တွင်းပြည်ပ စီးပွားရေးဈေးကွက် အားလုံးကို တပ်မတော်ခေါင်းဆောင်တွေရဲ့ မိသားစုဆွေမျိုးအသိုင်းအ၀ိုင်းက လွှမ်းမိုးခြယ်လှယ်ချုပ်ကိုင်နေတာတွေ ကင်းဝေးပပျောက်သွားလေမလား၊ သို့လော သို့လော မျှော်လင့်နေရတာတွေက တပုံတပင်ကြီးပါ။

ဘာပဲဖြစ်ဖြစ် ပြည်သူတွေကတော့ ၂၀၁၀ ရွေးကောက်ပွဲကြီး ပြီးမြောက်သွားရင် ဒီမိုကရေစီကျင့်စဉ်တွေအပေါ် အခြေခံရေးဆွဲထားတဲ့ ဥပဒေတွေနဲ့အညီ ကျောသားရင်သားမခွဲခြားဘဲ အုပ်ချုပ်မယ့်၊ ပြည်သူထဲကလာတဲ့ ပြည်သူ့အာဏာ စစ်စစ်၊ ပြည်သူ့ခေါင်းဆောင်စစ်စစ်ကိုပဲ မျှော်လင့်နေပါတယ်။ ဘောင်းဘီဝတ်ကနေ ပုဆိုးဝတ်ပြောင်းလာမယ့် ခေါင်းဆောင်မျိုးဆိုရင်တော့ တရုတ်ကြီးနဲ့ ပေါက်ဖော်ကြီး ဘာမှထူးခြားပြောင်းလဲလာမှာ မဟုတ်တဲ့အတွက် မလိုရေးချ မလိုပါဘဲ။

နောက် ဆောင်းပါးရှင် မောင်နွယ်စစ်က “မုန်းစကို တိုစေ၊ ချစ်စကို ရှည်စေလိုတဲ့ စိတ်ရင်းစေတနာနဲ့ တိုင်းရင်းသား ပြည်သူတွေအပေါ် နိုင်ငံတော်က မေတ္တာစေတနာ အပြည့်အ၀ထား ဆောင်ရွက်ပေးနေလို့ ဖွံ့ဖြိုးမှုအပေါင်းလက္ခဏာတွေ တဝေေ၀၊ ပန်းတိုင်းပွင့်ပြီး ပွင့်တဲ့ပန်းတိုင်း မွှေးထုံသင်းကြိုင်နေတာပါ” တဲ့။ ဟုတ်ပါ့မလား မောင်ကာဠုရေလို့ပဲ ပြောရမယ်ထင်ပါရဲ့ …။ ပွင့်သောပန်းတိုင်း မွှေးနေကြတယ်ဆိုတော့ ဘယ်ခြံဝန်းထဲက ဘယ်သူ့အိမ်က ဘယ်သူ့သားသမီးတွေများ ပန်းတွေပွင့်ပြီး မွှေးနေကြတာလဲ … မောင်နွယ်စစ်ရေ။ ကျနော်တို့လို အလယ်အလတ်တွေနဲ့ အောက်ခြေလူတန်းစား သားသမီးမှာတော့ ပန်းတွေ ပွင့်မယ်မကြံသေးဘူး အခြေခံဘ၀နဲ့ မြေကျမြေခနေကြရတဲ့ အနွမ်းဘ၀ထဲမှာ အလွမ်းခရီးကို မညည်းတမ်း မမောတမ်း လျှောက်လှမ်းနေကြရတာပါ။

ညကလပ်တွေမှာ ငွေကို ရေလိုသုံးနေတာတင်မက ငွေကို လေလိုပါသုံးပြီး အပျော်ကြူး အမော်ထူး၊ မူးချင်တိုင်းမူး ရူးချင်တိုင်းရူး သုံးဖြုန်းနေကြတဲ့ လူကြီးသားသမီးတွေရဲ့ဘ၀ကို ပွင့်သောပန်းတိုင်း မွှေးနေကြတယ်လို့ ပြောတာလား မောင်နွယ်စစ်။

နောက်တခုရှိသေးတယ်။ “နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌရုံးက (၁၀-၈-၀၉) ရက်စွဲပါ စာအမှတ် ၀၄/နယက(ဥ)/လငခ … အရ ဒီမိုကရေစီရှေ့ခရီးကို ချောမွေ့စေချင်တဲ့ စေတနာ၊ နိုင်ငံတည်ငြိမ်အေးချမ်းမှုကို ရှေးရှုတဲ့ စေတနာ၊ အာဃာတစိတ်တွေ ပျောက်ပြယ်ချင်တဲ့ စေတနာ၊ လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းအပေါ် အလေးအမြတ်ထားတဲ့ စေတနာသဘောထားတွေ ပေါ်လွင်ပါတယ်” တဲ့။

အဲဒီဆောင်းပါးစာအရ ရင်ထဲအသည်းထဲ၊ အသွေးအသားထဲက စစ်စစ်မှန်မှန်ထားရှိတဲ့ စိတ်ရင်းစေတနာရင်း သဘောထား ဆိုရင် လက်ခံယုံကြည်စရာပါ။ အကွေ့အကောက်၊ အပစ်အခတ်၊ အညစ်အပတ်၊ အလိမ်အညာ အကောက်အကျစ်အထွေထွေ သဘောထားမျိုး မရှိခဲ့ဘူးဆိုရင်လည်း အတိုင်းထက်အလွန် တံခွန်နဲ့ကုက္ကား ခံ့ညားပါ့ဗျာ။

ဒါပေမယ့် သမိုင်းကြောင်းပြန်ကြည့်မိတော့ ၁၉၉၆-၉၇ လောက်က ကုက္ကိုင်းလမ်းဆုံနဲ့ ကမ္ဘာအေးဘုရားလမ်းပေါ်မှာ လုံခြုံရေး ပြည်သူ့ရဲဝန်ထမ်းအစောင့်တွေ၊ ရယက၊ မယက အဖွဲ့ဝင်လူကြီးတွေ အပြည့်အ၀ လုံခြုံရေးချထားတဲ့ကြားထဲက ဒေါ်အောင်ဆန်းစုကြည် စီးနင်းလိုက်ပါလာတဲ့ ကားကို အဖျက်သမား လူရမ်းကားတွေ (ကြံ့ဖွံ့/စွမ်းအားရှင်) က အကြမ်းဖက် ၀ိုင်းရိုက်ခဲ့တာကို ပြန်ကြည့်ရင်ပဲဖြစ်ဖြစ်၊ ၂၀၀၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှုကြီးကို ပြန်ကြည့်ရင်ပဲဖြစ်ဖြစ်၊ မသေလို့ ကျန်ခဲ့ရ အကျယ်ချုပ်ဘ၀နဲ့ (၁၄) နှစ်ကျော်ကျော် နေခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် ထားခဲ့တဲ့ စေတနာတွေ၊ ထောက်ထားညှာတာမှုတွေ၊ အာဃာတစိတ်တွေဟာ “ယုန်ရုပ်ရေး ပြသော်လည်း ယုံတ၀က် မယုံတ၀က် ယုံရခက်ကြီးပါ” ဆိုတဲ့ သီချင်းလေးလို ဖြစ်နေရပြန်ပါတယ်။

အခုလည်း မိမိရဲ့ အိမ်ထဲမှာ လုံခြုံရေးအပြည့်နဲ့ အကျယ်ချုပ်ခံဘ၀နဲ့ အေးဆေးစွာနေသူကို အမှုလာချိတ်လို့ အပြစ်မရှိ အပြစ်ရှာ တရားစွဲခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်၊ မစ္စတာယက်တော (အဓိက တရားခံ) ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၇) နှစ် အပြစ်ပေးခဲ့တယ်။

ပြီးတော့မှ ရက်ပိုင်းအတွင်း (၅ ရက်ခန့်အကြာ) မှာ အမေရိကန်အထက်လွှတ်တော် ဆီးနိတ်အမတ် မစ္စတာ ဂျင်ဝက်ဘ် (နိုင်ငံခြားရေးရာကော်မတီ အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဆပ်ကော်မတီဥက္ကဋ္ဌ) မြန်မာပြည်ရောက်လာတဲ့အခါ နအဖအစိုးရက အကျဉ်းသား ယက်တောကို အမေရိကန်နိုင်ငံကို ပြန်ခေါ်သွားဖို့ လွှတ်ပေးခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုကျတော့ အိမ်ထဲနေရင်းထိုင်ရင်း ထောင်ဒဏ် (၃) နှစ် အပိုဆုအပြစ်ပေးတယ်။ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီ ပြောသလို မစ္စတာ ဂျွန်ဝီလီယံယက်တောနဲ့ ဖြစ်ခဲ့တဲ့အမှုမှာ ကျူးလွန်သူ၊ အပြစ်ရှိသူ အဓိကတရားခံဟာ မစ္စတာ ယက်တောပါလို့ဆိုရင် အပြစ်ရှိသူကို လွှတ်ပေးပြီး အပြစ်မရှိသူကို ဆက်ပြီးအကျယ်ချုပ်ချထားတာဟာ တရားမျှတပါရဲ့လား၊ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ အာဃာတမထားဘဲ ထောက်ထားညှာတာ စေတနာသန့်စင်တယ်ဆိုတာ ဟုတ်ပါရဲ့လား၊ အာဃာတမရှိရေးဆိုတာကော မှန်ကန်ပါရဲ့လား။ စေ့စေ့တွေးမှ ရေးရေးပေါ်ဆိုတာလို ဒေါ်အောင်ဆန်းစုကြည်ကို သူတို့ကျင်းပမယ့် ၂၀၁၀ ရွေးကောက်ပွဲမှာ မပါဝင်နိုင်အောင် အကွက်ဆင်ဖန်တီးလိုက်တာဟာ လယ်ပြင်မှာ ဆင်သွားသလို အထင်အရှားပါပဲခင်ဗျား။

(၁၆-၈-၀၉) နေ့ထုတ် ကြေးမုံသတင်းစာပါ မောင်နွယ်စစ်ရဲ့ ဆောင်းပါးမှာ “နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်ရတာဖြစ်ပါတယ်” လို့ ဆိုပါတယ်။ ဘယ်အကြောင်းအရာမဆို ဖြစ်သင့်/မဖြစ်သင့် အကျိုးအကြောင်း ရှိပါတယ်။ ဖြစ်သင့်တယ်ဆိုမှ ဖြစ်နိုင်ခြေဆိုတာ ရှိလာရတာပါ။ ဒါကြောင့် ဖြစ်သင့်ဖြစ်ထိုက်တဲ့ ကိစ္စကို ဦးစွာ စဉ်းစားဆောင်ရွက်ရပါမယ်။ ဒါဖြင့် ဒီကနေ့ နိုင်ငံရေးအခြေအနေမှာ ဖြစ်သင့်တာ ဘာလဲ … ဘယ်လဲဆိုတာ မျှမျှတတ စဉ်းစားကြရအောင်။

၉၀ ပြည့်နှစ်ရွေးကောက်ပွဲ ကျင်းပပေးပြီးတဲ့ အချိန်ကစပြီး ယနေ့အထိ (၁၉) နှစ်ကျော်ကြာခဲ့ပြီ။ လိပ်ခဲတည်းလည်းဖြစ်နေတဲ့ မြန်မာ့နိုင်ငံရေးအတွက် ရွေးကောက်ပွဲကျင်းပပေးသူ တပ်မတော်အစိုးရနဲ့ ပြည်သူလူထုက တခဲနက် မှန်မှန်ကန်ကန် ရွေးချယ်ခဲ့လို့ အနိုင်ရရှိခဲ့တဲ့ အန်အယ်လ်ဒီအဖွဲ့တို့ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာသင့်တယ်။ အနာဂတ်နိုင်ငံရေးမှာ ဘာလုပ်မယ်၊ ဘယ်လိုဆောင်ရွက်မယ်ဆိုတာကို ပေးထားတဲ့ ကတိစကားနဲ့ ထုတ်ပြန်ထားတဲ့ ၁/၉၀ အရ တပ်မတော်အစိုးရပီပီ ဂုဏ်သိက္ခာရှိရှိ ရှေးဦးစွာ တွေ့ဆုံဆွေးနွေးသင့်ပါတယ်။ ဒါဟာ မျှတမှန်ကန်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့၊ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အမှန်တရားပါ။ ဒါမှ မောင်နွယ်စစ်ပြောတဲ့ နိုင်ငံရေးဆိုတာ ဖြစ်နိုင်ခြေရှိတာကို လုပ်ရတာဖြစ်တယ်ဆိုတာ မှန်ပေမပေါ့ဗျာ။ နအဖဟာ ဖြစ်နိုင်ခြေရှိတာကို ဦးစားပေး မလုပ်ခဲ့တဲ့အတွက် ဒီမျှလောက် ရှည်ကြာတဲ့ တန်ဖိုးရှိတဲ့ အချိန်တွေ ဆုံးရှုံးခဲ့ရတာ နှမြောစရာပါ။

ဒါကြောင့်လည်း ကမ္ဘာ့အလယ်မှာကော၊ အာဆီယံအတွင်းမှာပါ မြန်မာနိုင်ငံဟာ ပြစ်တင်ဝေဖန်ရှုတ်ချခံနေရတာပေါ့။ ဒါ့အပြင် ဟိုနိုင်ငံက ခေါင်းဆောင်တွေလာလိုက် မျက်နှာချိုသွေးလိုက်၊ မြန်မာ့အရေးဆွေးနွေးလိုက် ပြန်သွားလိုက်။ ကမ္ဘာ့အဖွဲ့အစည်းပေါင်းစုံက ခေါင်းဆောင်တွေလာလိုက် မျက်နှာချိုသွေးလိုက်၊ မြန်မာ့အရေး ဆွေးနွေးလိုက်ပြန်သွားလိုက်နဲ့ လုံးလည်ခြာလပတ်လိုက်နေတာကြာပါပြီ။ မဆလ (၂၆) နှစ်အုပ်ချုပ်ခဲ့တာတောင် ဒီလို ပြည်ပက လာကြတာမျိုး၊ Sanction ပိတ်တာမျိုး၊ ကုလသမဂ္ဂအထိရောက်ပြီး မြန်မာ့အရေး တံခါးပိတ်တာကော၊ တံခါးဖွင့်တာရော ဆွေးနွေးခဲ့ကြရတာမျိုး မရှိခဲ့ပါဘူး။ (မဆလလည်း ကောင်းတာမဟုတ်ပါဘူး၊ ဒါပေမယ့် နအဖလောက် မရက်စက်ဘူး)။ အခု နအဖလက်ထက်ကျမှ မကောင်းသတင်းတွေနဲ့ ကသောင်းကနင်းတွေက ကမ္ဘာ့အလယ်မှာ အကျော်ဒေယျဖြစ်နေရပြီ။ ကဲ … တို့ခေတ်ကျမှ ညံ့တော့မှာလားဆိုတာ ဖြစ်နေပြီ။

ဒီကြားထဲ (၁၇-၈-၀၉) နေ့ထုတ် ကြေးမုံသတင်းစာမှာ ဆောင်းပါးရှင် မောင်ကာဠုကလည်း ခွေးတံဆိပ်ဓာတ်ပြားဟောင်းကြီးနဲ့ ခေတ်ဟောင်းတေးတွေ ပြန်ဖွင့်ပြနေတာ စိတ်မသက်သာစရာ …။ သူရေးထားတာက “ဒါကြောင့် အခု ဒို့မှာ ပြည်သူ့ကိုယ်စားလှယ်တွေ အချိန်ယူဆွေးနွေးညှိနှိုင်းပြီး ရေးဆွဲခဲ့တဲ့ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ကြီးကို ပြည်သူ (၉၂.၄၈) ရာခိုင်နှုန်းကလည်း ထောက်ခံမဲပေး အတည်ပြုထားပြီးပြီ” တဲ့။ ကြားရ ကြားရ နားဝမှာ မသက်သာ ရှက်စရာကောင်းလှပေါ့ … မောင်ကာဠုရယ်။ ပြည်သူ့ကိုယ်စားလှယ်တွေတဲ့။ ဘယ်ပြည်သူက ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေလဲ။ နအဖက ရွေးချယ်ထားတဲ့ လက်ညှိုးထောင်ခေါင်းညိတ်တွေကို ပြည်သူ့ကိုယ်စားလှယ်လို့ ရေးတာတော့ အဖားလွန်သွားပြီ၊ နည်းနည်းလျှော့ပါဦး။

ပြီးတော့ အတည်ပြုထားပြီးပြီတဲ့။ ရွေးကောက်ပွဲလည်း မကျင်းပရသေး။ ပြည်သူ့လွှတ်တော်လည်း မခေါ်ရသေးဘဲနဲ့ ဘယ်ပြည်သူ့လွှတ်တော်ကများ အတည်ပြုပြန်ဋ္ဌာန်းလိုက်ပါသလဲ မောင်ကာဠုရယ် ကျွတ် … ကျွတ် … လိမ်ရေးချင်ရင်လည်း သဘာဝကျအောင် လိမ်စမ်းပါ။

နောက် “ဥပဒေချိုးဖောက်ရင်တော့ ဥပဒေအရ အရေးယူခံရမှာပဲ။ ဆင်းရဲသူရော ချမ်းသာသူပါ။ ရာထူးနိမ့်သူရော ရာထူးမြင့်သူပါ ဥပဒေချိုးဖောက်ရင် ရာဇ၀တ်ဘေး ပြေးမလွတ်ကြမယ့် လူတွေချည်းပဲကွယ့်” အင်း … တရားဥပဒေအကြောင်းပြောတော့ ကိုယ့်ချိုင်းကြားကိုယ်လက်နဲ့ထိုးပြီး ရယ်မိသပေါ့ဗျာ။ ၂၀၀၇ ခုနှစ်လောက်က ထင်ပါတယ်။ တက္ကသိုလ်ရိပ်သာလမ်း စိမ်းလဲ့ကန်သာအနီး (၅) လောင်းပြိုင်လူသတ်မှုမှာ ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက မကြာမီ ဖော်ထုတ်ပါ့မယ်ဆိုပြီး ခုထိ မဖော်ထုတ်နိုင်သေးတာကိုကြည့်ရင် ဘယ်သူတွေပါနေလို့၊ ဘယ်သူတွေနဲ့ငြိနေလို့ ခုထိ အရေးမယူသေးတာလဲဆိုတာ စဉ်းစားစရာပါ။ ပြီးတော့ …

(၁၈-၈-၀၉) နေ့ထုတ် သတင်းစာမှာ ဆောင်းပါးရှင် ကျော်ရဲမင်းရဲ့ “ခရီးရှည်ကြီးအတွက် ပထမဦးဆုံးခြေလှမ်း” မှာ … ဥရောပက မြန်မာ့အရေးလှုပ်ရှားသူဆိုတဲ့ ‘နွယ်အောင်’ ကို တုံ့ပြန်ထိုးနှက်ရေးထားတာပါ။ ဘာတဲ့ … ကိုယ့်ကိုယ်ကိုယ် မြန်မာလူမျိုးလို့ ခံယူသေးတယ်ဆိုရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုးအပေါ် ဒီလောက်အထိ ကျေးဇူးမကန်းသင့်ပါဘူး။ သွေးမတော် သားမစပ်တဲ့ အဝေးနိုင်ငံက အထက်လွှတ်တော်အမတ်တဦးကတောင် သင့်တင့်မျှတတဲ့ စိတ်ထားနဲ့ မြန်မာပြည်သူတွေအပေါ် စေတနာထားနိုင်သေးရင် မြန်မာ့သွေးသားစစ်စစ်တွေက ဒီထက်ပိုပြီး စေတနာထားသင့် ကျေးဇူးဆပ်သင့်ကြတယ် မဟုတ်လား”… မှန်လိုက်ပလေ ကိုကျော်ရဲမင်းရယ်၊ သွေးထွက်အောင်မှန်လွန်းလို့ ဒီအချက်တချက်ကိုတော့ မိုးပေါ်က သကြားမင်း ဆင်းကန့်ကွက်တောင် ကျုပ်ခင်ဗျားကို မကန့်ကွက်ပါဘူး။ ဒါက အမျိုးသားရေးစိတ်ဓာတ်ကိုးဗျာ။ ဒီတော့ ခင်ဗျားစကားအရပဲ ကျုပ်ဆောင်းပါးလေးကို နိဂုံးချုပ်လိုက်ပါရစေ။

အခြားနိုင်ငံက ရောက်လာပြီး မိမိနိုင်ငံထဲမှာ ရာဇ၀တ်မှုကျူးလွန်လို့ ပြစ်ဒဏ်ကျခံခဲ့ရတဲ့ သွေးမတော်သားမစပ်တဲ့ နိုင်ငံခြားသား မစ္စတာ ဂျွန်ဝီလီယံ ယက်တောလို ပုဂ္ဂိုလ်မျိုးကိုတောင် မေတ္တာစေတနာထားပြီး လွှတ်ပေးနိုင်ခဲ့ရင် ကိုယ့်နိုင်ငံ၊ ကိုယ့်လူမျိုး၊ မြန်မာ့သွေးသားစစ်စစ်၊ တနိုင်ငံလုံးကလည်း ချစ်၊ တကမ္ဘာလုံးကလည်း လေးစားတဲ့ မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်အောင်ဆန်းစုကြည် (ကိုယ့်အိမ်ထဲကိုယ်နေပြီး မတရားအမှုဆင် အပြစ်ပေးခံရသူ) ကိုလည်း ဒီထက်ပိုပြိး စေတနာမေတ္တာထားကြောင်း ပြသတဲ့အနေနဲ့ လွှတ်ပေးသင့်တယ်မဟုတ်ပါလားခင်ဗျား။

ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်များ မလုပ်ကြပါနဲ့ခင်ဗျား။