မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 1 november 2009

မြန်မာ-အမေရိကန် အဆင့်မြင့်ဆွေးနွေးပွဲ

NEJ / ၂ နိုဝင်ဘာ ၂၀၀၉

နအဖအစိုးရသည် ဒီမိုကရေစီလိုလားသူများကို ဖိနှိပ်ညှဉ်းပန်းနေဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်တွင် အကျယ်ချုပ်ကျခံနေရပြီး ကျန်ဒီမိုကရေစီသမားများ ထောင်ဒဏ်ကျခံနေကြရသည်။ ထိုင်း-မြန်မာနယ်စပ်ဒေသ၌ ဗမာစစ်တပ်ထိုးစစ်ဆင်မှုကြောင့် ဌာနေတိုင်းရင်းသားများ အိမ်နီးချင်းနိုင်ငံတွင် ၀င်ရောက်ခိုလှုံနေရသည်။ နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် လုပ်ရိုးလုပ်စဉ် ဖိနှိပ်ညှဉ်းပန်းသည့်အလုပ်ကို ဆက်လက်လုပ်ကိုင်နေသော်လည်း အမေရိကန်နှင့် ဆက်ဆံရေးအခြေအနေ ပြောင်းလဲလာမည့် အလားအလာကို ကမ္ဘာ့သတင်းမီဒီယာများက မီးမောင်းထိုးပြသဖြင့် မပြောင်းလဲသော မြန်မာ့အခြေအနေသည် ပြောင်းလဲရန် တာစူနေသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်လာလေ၏။
အပြောင်းအလဲလုပ်ရန် စိတ်မကူးသော်လည်း အမေရိကန်ကဲ့သို့သော အင်အားအကြီးဆုံးအစိုးရနှင့် ဆွေးနွေးလိုသည်ဟု ဗမာစစ်အစိုးရက ကမ်းလှမ်းလာသဖြင့် အမေရိကန်အစိုးရကလည်း တွေ့ဆုံဆွေးနွေးရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်ပေသည်။ ဆွေးနွေးလိုသူများနှင့် တွေ့ဆုံမည်ဟု သမ္မတ အိုဘားမား ကြေညာထားသည်ကို နအဖက အခွင့်ကောင်းယူလိုက်ဟန်တူသည်။ တွေ့ဆုံဆွေးနွေးခြင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာပြီး ဒီမိုကရေစီပြုပြင်ရေးလုပ်ရန် အလားအလာရှိလာနိုင်သည်ဟု အမေရိကန်ဘက်က မြင်ပုံရသည်။
ဤကိစ္စတွင် နအဖ မဟာဗျူဟာသည် မြောက်ကိုရီးယားကို ပုံတူကူးချသကဲ့သို့ ဖြစ်နေ၏။ ကင်ဂျုံအီးအစိုးရသည် အဏုမြူလက်နက်ဖျက်သိမ်းရေးကိစ္စကို ဆွေးနွေးနေစဉ် အဏုမြူလက်နက်ထုတ်လုပ်ပြီး စမ်းသပ်ဖောက်ခွဲ၏။ သို့သော်လည်း အမေရိကန်နဲ့ ရေရှည်ဆွေးနွေးပွဲကျင်းပနိုင်ပါက မြောက်ကိုရီးယားကို အဏုမြူလက်နက်ပိုင်ရှင်အဖြစ် တဖြည်းဖြည်း အသိအမှတ်ပြုရာ ရောက်သည်ဟု ကင်ဂျုံအီးက တွက်လေ၏။ တနည်းဆိုရသော မပြောင်းလဲနိုင်သော မင်းဆိုးမင်းညစ်နှင့် ရေရှည်ဆက်ဆံခြင်းသည် အသိအမှတ်ပြုသည့်သဘော ဖြစ်သွားနိုင်သည်။
နအဖစစ်အစိုးရသည်လည်း အမေရိကန်နှင့် ရေရှည်ဆွေးနွေးပွဲ ပြုလုပ်နိုင်ပါက နအဖအခြေခံဥပဒေနှင့် နအဖရွေးကောက်ပွဲကို အမေရိကန်က အသိအမှတ်ပြုသကဲ့သို့ ဖြစ်သွားနိုင်သည်ဟု တွက်ထားပုံရသည်။ အိုဘားမားအစိုးရ၏ တွေ့ဆုံဆွေးနွေးရေး မူဝါဒကို အမြတ်ထုတ်ရန် နအဖခေါင်းဆောင်က ကြံစည်ခြင်းပင်ဖြစ်သည်။ တရုတ်က ကြားပွဲစားလုပ်ပေးသဖြင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Eric John (ယခုထိုင်းနိုင်ငံ အမေရိကန်သံအမတ်) သည် ၂၀၀၇ ဇွန်လ၌ ဘေဂျင်းတွင် နအဖ၀န်ကြီးအချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ သို့သော်လည်း လအနည်းငယ်ကြာသောအခါ ဘုန်းကြီးနှင့်ပြည်သူဆန္ဒပြသည်ကို နအဖက အကြမ်းဖက်နှိမ်နင်းပြလိုက်၏။ ၂၀၀၈ မေလ နာဂစ်မုန်တိုင်းဒဏ်ခံရသူ လေဘေးဒုက္ခသည်များကို ကယ်ဆယ်ရန် အမေရိကန်က ကမ်းလှမ်းသည်ကို နအဖအစိုးရက ပယ်ချ၏။
နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးပြီး ဖိနှိပ်ညှဉ်းပန်းမှုကို ရပ်ဆိုင်းလိုက်ပါက အမေရိကန်နှင့် ဆက်ဆံရေး အဆင်ပြေနိုင်သည်။ ကမ္ဘာက လက်ခံနိုင်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် စိတ်မကူးဘဲ အမေရိကန်နှင့် ဆွေးနွေးလိုသည့် နအဖအစိုးရရည်ရွယ်ချက်သည် သံသယဖြစ်စရာဖြစ်နေသည်။ ဇူလိုင်လကုန်ပိုင်းမှ အောက်တိုဘာနှောင်းပိုင်းအထိ ဖြစ်ရပ်များကို သုံးသပ်ကြည့်ရပေမည်။ ဇူလိုင်လ (၂၂) ရက် ဖူးခက်တွင် ကျင်းပသော အာဆီယံဒေသဆိုင်ရာအစည်းအဝေးတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းပြီး ဖိနှိပ်ညှဉ်းပန်းနေသည့်အတွက် နအဖ၀န်ကြီးကို အပြင်းအထန်ဝေဖန်ရှုတ်ချ၏။ ရှေ့မျက်နှာနောက်ထားပြီး အစည်းအဝေးတက်နေရသော ၀န်ကြီးသည် ဤဖြစ်ရပ်မျိုး ရိုးနေပါပြီ။ ဦးအုံးဂျော်၊ ဦးဝင်းအောင်၊ ဦးဉာဏ်ဝင်း စသည့် ပုဂ္ဂိုလ်များသည် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်သူများမဟုတ်ဘဲ နအဖခေါင်းဆောင်များ ခိုင်းသည့်အတိုင်းသာ လုပ်နေရခြင်းဖြစ်၏။ နအဖနိုင်ငံခြားရေးဝန်ကြီး၏ တာဝန်များထဲတွင် အဆဲခံနိုင်ရည်ရှိရန်လည်း ပါဝင်သည်။
အမေရိကန်တွင် အပြောင်းအလဲလုပ်ရန် သမ္မတ အိုဘားမားကိုရွေးကောက်တင်မြှောက်လိုက်ခြင်းဖြစ်သည်။ သို့သော်လည်း အိုဘားမားအစိုးရသည် ပြည်တွင်းရေးတွင် ပြုပြင်ပြောင်းလဲနိုင်သလို နိုင်ငံခြားရေးရာတွင် မလုပ်နိုင်ပါ။ အကြောင်းမှာမူ ကမ္ဘာ့အခြေအနေသည် ယခင်းအတိုင်း ဆက်လက်တည်ရှိနေ၍ပင်ဖြစ်သည်။ အထူးသဖြင့် နအဖကဲ့သို့ နာမည်ပျက်နေသော အစိုးရမျိုးနှင့်ဆက်ဆံရာ၌ သမ္မတဟောင်း Bush ၏လမ်းစဉ်ကို ဆက်လက်ကျင့်သုံးနေရ၏။ ထို့ကြောင့် ဇူလိုင်လ (၂၈) ရက်နေ့၌ ဒဏ်ခတ်အရေးယူမှုကို နောက်ထပ်သက်တမ်း တနှစ်တိုးလိုက်ရသည်။ ဒေါ်အောင်ဆန်းစုကြည်ကို အကျယ်ချုပ်သက်တမ်း တနှစ်ခွဲ ထပ်တိုးသောအခါတွင်လည်း နအဖအစိုးရ ဝေဖန်ရှုတ်ချခံရပြန်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို အမှုဆင်ထိန်းသိမ်းပြီး ရွေးကောက်ပွဲမ၀င်နိုင်အောင် လုပ်ထားသည့်အတွက် နအဖအုပ်စုကို ဒီမိုကရေစီနိုင်ငံများက ၀ိုင်းဝန်းဝေဖန်ရှုတ်ချနေချိန် သြဂုတ်လ (၁၆) ရက်နေ့၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် အမေရိကန်အထက်ဆီးနိတ်လွှတ်တော်အမတ် James Webb ကို လက်ခံတွေ့ဆုံကာ ဒေါ်စုအိမ်ဝန်းထဲ ခိုးဝင်သူ အမေရိကန်ဓာတ်ကြောင် John Yettaw ကို လွှတ်ပေးလိုက်၏။ သြဂုတ်လ (၂၈) ရက်နေတွင် အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် (၃) ဦး အန်အယ်လ်ဒီပါတီ ဗဟိုကော်မတီဝင်များနှင့် ရန်ကုန်၌ တွေ့ဆုံ၍ နိုင်ငံရေးနဲ့ လူ့အခွင့်အရေးအခြေအနေကို ဆွေးနွေးသည်။
တနေ့တည်း (သြဂုတ် ၂၈ ရက်) မှာပင် နအဖစစ်တပ်၏ ထိုးစစ်ကြောင့် ကိုးကန့်တရုတ် (၃) သောင်းကျော် ယူနန်ပြည်နယ်တွင် ၀င်ရောက်ခိုလှုံနေရကြောင်း ကုလသမဂ္ဂက သတင်းထုတ်ပြန်ပါသည်။ နယ်စပ်ဒေသတည်ငြိမ်ရေးအတွက် ကိုးကန့်ပြဿနာကို နအဖအစိုးရက မှန်ကန်စွာကိုင်တွယ်လိမ့်မည်ဟု မျှော်လင့်ကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရပုဂ္ဂိုလ်က ဘေဂျင်း၌ ထုတ်ဖော်ပြောဆိုလိုက်သည်။ အမေရိကန်နှင့် ဆွေးနွေးရန် ဟန်ပြင်သောအဆင့်တွင် ကိုးကန့်နယ်က တရုတ်ပစ္စည်းကို တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အတွက် တရုတ်နှင့်အိုးစားကွဲတော့မည့်ပုံစံမျိုး ရေးသားသူများပင် ရှိလာပါသည်။ စက်တင်ဘာ (၁) ရက်နေ့တွင် ကိုးကန့်ဒေသ ထိုးစစ်ကို ရပ်ဆိုင်းရန် အမေရိကန်က တိုက်တွန်း၏။
စက်တင်ဘာ (၂၃) ရက်နေ့တွင် ဒဏ်ခတ်အရေးယူထားသည့် နအဖအစိုးရနှင့် ဆွေးနွေးမည်ဟု အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးက ကြေညာပါသည်။ အနောက်တိုင်း၏ ဒဏ်ခတ်အရေးယူမှုကို ရုပ်သိမ်းစေရန်အတွက် နအဖအစိုးရနှင့် လက်တွဲလုပ်ကိုင်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က သူ့ရှေ့နေကတဆင့် စက်တင်ဘာ (၂၆) ရက်နေ့၌ ကြေညာသည်။ စက်တင်ဘာ (၂၈) ရက်နေ့၌ James Webb နှင့် နအဖ၀န်ကြီးချုပ် နယူးယောက်မြို့ ကုလသမဂ္ဂတွင် တွေ့ဆုံသည်။ တနေ့တည်းမှာပင် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt M. Campbell က နအဖခေါင်းဆောင်များနှင့် တိုက်ရိုက်ဆွေးနွေးမည်ဟု ကြေညာပြီး စက်တင်ဘာ (၂၉) ရက်နေ့၌ နအဖ၀န်ကြီး ဦးသောင်းနှင့် နယူယောက်တွင် တွေ့ဆုံဆွေးနွေးသည်။ ဦးသောင်းသည် ဗိုလ်ချုပ်မှူးကြီး၏ ညာလက်ရုံးဟု လူသိများ၏။
အောက်တိုဘာ (၃) ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်နှင့် နအဖဆက်သွယ်ရေးဝန်ကြီး ဦးအောင်ကြည်တို့ (၁) နာရီနီးပါး တွေ့ဆုံဆွေးနွေးသည်။ အောက်တိုဘာ (၇) ရက်နေ့မှာ နောက်တကြိမ်တွေ့ဆုံပြီး စီးပွားရေးဒဏ်ခတ်မှု ရုပ်သိမ်းရေးကိစ္စကို ဆွေးနွေးကြောင်း သိရသည်။ အောက်တိုဘာ (၉) ရက်နေ့တွင် အမေရိကန်၊ အင်္ဂလန်နှင့် သြစတြေးလျမှ သံတမန် (၃) ဦးနှင့် တွေ့ဆုံပါသည်။ အောက်တိုဘာ (၁၄) ရက်နေ့တွင် အီးယူ (ခေါ်) ဥရောပနိုင်ငံများသမဂ္ဂမှ သံတမန် (၂၀) နှင့် အန်အယ်လ်ဒီခေါင်းဆောင်များ တွေ့ဆုံကြသည်။ အီးယူဥရောပအဖွဲ့က ယူရို (၃၅) သန်း ရိက္ခာရန်ပုံငွေ ထောက်ပံ့သည်။
နိုဝင်ဘာ ပထမပတ်တွင် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt M. Campbell နှင့် အာဆီယံဆိုင်ရာ အမေရိကန်သံအမတ် Scot Merciel တို့ မြန်မာပြည်သွားပါလိမ့်မည်။ မြန်မာပြည်တွင် ပြောင်းလဲမှုမရှိသေးပါ။ နအဖ ရည်ရွယ်ချက်သည် ဒဏ်ခတ်အရေးယူမှုကို နိဂုံးချုပ်စေရန်သာ ဆွေးနွေးခြင်းဖြစ်သဖြင့် သတိကြီးစွာ အသေးစိတ်စောင့်ကြည့်ရန် လိုအပ်ပါသည်။

Geen opmerkingen: