မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 4 november 2009

ပါတီရုံးခွဲများ ပြန်ဖွင့်နိုင်ရေးကိစ္စ အန်အယ်လ်ဒီနှင့် တိုင်းရွေးကောက်ပွဲကော်မရှင် တွေ့ဆုံ

မင်းနိုင်သူ / ၄ နိုဝင်ဘာ ၂၀၀၉

ရန်ကုန်တိုင်း အန်အယ်လ်ဒီစည်းရုံးရေးအဖွဲ့ကို တိုင်းရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာ (၂) ရက်နေ့တွင် ခေါ်ယူတွေ့ဆုံခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။
တာမွေမြို့နယ်ရှိ အန်အယ်လ်ဒီပါတီ၏ ရန်ကုန်တိုင်းရုံးကို ပြင်ဆင်ခွင့်နှင့် ပြန်လည်အသုံးပြုခွင့်ပေးရန် တိုင်းစည်းရုံးရေးအဖွဲ့က လွန်ခဲ့သော လဆန်းပိုင်းတွင် တိုင်းရွေးကောက်ပွဲကော်မရှင်ရုံးသို့ စာတင်ခဲ့ခြင်းနှင့်စပ်လျဉ်း၍ ခေါ်ယူတွေ့ဆုံခဲ့ခြင်းဖြစ်သည်။
“တိုင်းစည်းရုံးရေးအဖွဲ့ဝင်တွေဖြစ်တဲ့ ဒေါက်တာသန်းငြိမ်းနဲ့အဖွဲ့ကို ခေါ်တွေ့တာပါ။ တိုင်းစည်းအဖွဲ့ တင်ထားတဲ့စာကို သူတို့ လက်ခံရရှိတဲ့အကြောင်းနဲ့ ဆက်လက်ဆောင်ရွက်ပေးသွားနိုင်ဖို့ အထက်ကို သူတို့ တင်ပြထားပါတယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး နှစ်ဦးနှစ်ဖက်လုံး ပြေပြေလည်လည် ပြောဆိုဆွေးနွေးနိုင်ခဲ့ကြပါတယ်” ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။
အန်အယ်လ်ဒီပါတီသည် ဦးစွာအနေဖြင့် ရန်ကုန်တိုင်းရုံး ပြန်လည်အသုံးပြုခွင့်ရရေးအတွက် ရန်ကုန်တိုင်း ရွေးကောက်ပွဲ ကော်မရှင်ရုံးသို့ စာတင်ခဲ့ခြင်းဖြစ်ပြီး ပြေလည်မှုရရှိပါက အခြားပြည်နယ်နှင့် တိုင်းရုံးခွဲများ ပြန်လည်ဖွင့်လှစ်ခွင့် ရရှိရေးအတွက်လည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီအဖွဲ့ဝင်များနှင့် ပါတီထောက်ခံသူတို့အား ၂၀၀၃ ခု မေ (၃၁) ရက်တွင် စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အနီး၌ စစ်အစိုးရထောက်ခံသူများက ၀ိုင်းဝန်းတိုက်ခိုက်ခဲ့မှု ဖြစ်ပွားခဲ့ပြီးနောက်ပိုင်းတွင် အန်အယ်လ်ဒီပါတီရုံးခွဲ အသီးသီးလည်း ပိတ်ပင်ခံခဲ့ရသည်။
ပိတ်ပင်ခံထားရသည့် အန်အယ်လ်ဒီပါတီရုံးခွဲများ ဖွင့်လှစ်ခွင့်ရရေး အန်အယ်လ်ဒီ၏ ဆောင်ရွက်မှုကို ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်ရုံးက ပထမအကြိမ် အသိအမှတ်ပြုလာခဲ့ခြင်းဖြစ်သဖြင့် အစိုးရအနေဖြင့် ပျော့ပျောင်းသည့် အသွင်လက္ခဏာ ဆောင်လာသည်ဟု ဒေါက်တာဝင်းနိုင်က ပြောသည်။
၎င်းက “ပါတီရုံးခွဲတွေ ပြန်ဖွင့်ခွင့်ပေးမယ်၊ မပေးဘူးဆိုတာတော့ မပြောနိုင်သေးဘူးပေါ့လေ။ ဒါပေမယ့် သူတို့ အခုလို အရေးတယူ ခေါ်တွေ့တယ်ဆိုတာတော့ ကောင်းတဲ့လက္ခဏာတခုပေါ့။ နောက်တခုက သူတို့ ရွေးကောက်ပွဲကျင်းပမယ်လို့ ပြောထားပြီး ကျနော်တို့ တရားဝင်ပါတီရုံးခွဲတွေက ပိတ်ခံထားရပြီး မှတ်ပုံမတင်ရသေးတဲ့ အဖွဲ့အစည်းတွေက ရုံးတွေ ဖွင့်နေတာကို ကျနော်တို့ ထောက်ပြတာတွေရှိတယ်။ ဒီအပေါ်မှာလည်း သူတို့ အာရုံထားလာတဲ့ သဘောရှိပါတယ်” ဟု ပြောသည်။
အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံးမှလွဲ၍ ကျန်ပါတီရုံးခွဲများကို (၆) နှစ်ကျော်ကြာ ပိတ်ပင်ထားခဲ့ပြီး ယခုအခါ တိုင်းပါတီရုံးခန်းပြန်လည် အသုံးပြုခွင့်အတွက် ပထမအကြိမ် ခေါ်ယူဆွေးနွေးလာခြင်းမှာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့ ရောက်ရှိနေခိုက် အစိုးရက ပျော့ပျောင်းသည့်လက္ခဏာ ပြသလိုခြင်းလည်း ဖြစ်နိုင်သည်ဟု ဒေါက်တာဝင်းနိုင်က သုံးသပ်ပြောဆိုသည်။
အန်အယ်လ်ဒီပါတီရုံးခွဲများအနေဖြင့် (၆) နှစ်ကျော်ကြာ အပိတ်ပင်ခံထားရသဖြင့် အဆောက်အဦ ပျက်စီးယိုယွင်းမှုများ ရှိနေသည့်အပြင် ရုံးတွင်းကျန်ရှိခဲ့သည့် စာရွက်စာတမ်း ပျက်စီးမှုများလည်း ရှိနိုင်ကြောင်း ဒေါက်တာဝင်းနိုင်က ပြောသည်။
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီအား စစ်အစိုးရက အာဏာလွှဲပြောင်းပေးခြင်းမရှိဘဲ ပါတီဝင်အများစုမှာ ဖမ်းဆီးနှိပ်ကွပ်မှုများခံနေရပြီး ပါတီခေါင်းဆောင် (၂) ဦးဖြစ်သည့် ဦးတင်ဦးနှင့် ဒေါ်အောင်ဆန်းစုကြည်တို့မှာလည်း နေအိမ်အကျယ်ချုပ် ကျခံနေကြရဆဲဖြစ်သည်။

Geen opmerkingen: