မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 5 november 2009

မြဝတီမြို့တွင် လောင်းကစားဖြင့် စီးပွားရှာသူ တနေ့တခြား များပြားလာ

ဝီရ / ၅ နိုဝင်ဘာ ၂၀၀၉

အလုပ်အကိုင်ရှားပါးလာသော ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တွင် သက်ဆိုင်ရာအာဏာပိုင်တို့ကို ဆက်ကြေးပေးကာ လောင်းကစားဝိုင်းအမျိုးမျိုးဖြင့် စီးပွားရှာသူ တနေ့တခြား များပြားလာကြောင်း သိရသည်။
ချဲထီရောင်းချသူ ကော်မရှင်စားတဦးက “အခု မြဝတီမြို့ထဲမှာတောင် ကော်မရှင်စားတွေ (၁၅၀) လောက်ရှိတယ်။ တချို့တွေကျတော့ ဟိုဘက်ကမ်း မဲဆောက်အထိ သွားပြီး ချဲရောင်းနေရတယ်။ ဒီအလုပ်က (၁၂) ရာသီ လုပ်လို့ရတယ်။ အလုပ်အကိုင်လည်းမရှိတော့ ကော်မရှင်စားတွေက များလာတာပေါ့။ ဒါပေမယ့် ပိုပွတဲ့လူက အာဏာပိုင်တွေပါ” ဟု ပြောသည်။
ယင်းကဲ့သို့ (၂) လုံးနှင့် (၃) လုံး ချဲထီရောင်းချသူ ကော်မရှင်စားများနှင့် ဘောလုံးပွဲဒိုင်တို့ များပြားလာပြီး သက်ဆိုင်ရာ အာဏာပိုင်တို့အား ဆက်ကြေးပေးဆောင်နေရသဖြင့် မြဝတီမြို့၏ လောင်းကစားလုပ်ငန်းသည် အာဏာပိုင်တို့၏ ကြီးပွားရေးအတွက်ကဲ့သို့ ဖြစ်နေသည်ဟု အဆိုပါချဲထီရောင်းသူက ပြောသည်။
၎င်းက “ကျမတို့လို ကော်မရှင်စားတွေက (၂) လုံးထီ တပတ်အတွက်ကို (၅,၀၀၀) ကျပ်၊ (၃) လုံးထီအတွက်ဆိုလည်း (၁၅) ရက်စာအတွက် ကျပ် (၁၀,၀၀၀) ပေးရတယ်။ (၂) လုံးထီ ဒိုင်ဆိုရင် တပတ်ကို ကျပ် (၅၀,၀၀၀)။ (၁၅) ရက်တခါ (၃) လုံးထီ အတွက် (၃၀,၀၀၀) ကျပ် ပေးရတယ်။ ပေးနေရတာက အဖွဲ့စုံပဲ။ ရဲတပ်ဖွဲ့၊ နယ်ထိန်း၊ မူးယစ်အဖွဲ့တို့ တပ်ကလည်း ပါတယ်” ဟု ပြောသည်။
ချဲဒိုင်ကြီး (၅) ဒိုင်ကျော်ရှိသည့် မြဝတီမြို့တွင် ချဲထီဆက်ကြေးအဖြစ် ရဲတပ်ကြပ်ကြီး ကျော်ဝင်းထိန်က ကောက်ခံပြီး ဒု-ရဲမှူး မျိုးမြင့်မှတဆင့် ခရိုင်ရဲတပ်ဖွဲ့မှူးထံသို့လည်းကောင်း၊ နယ်ထိန်းအဖွဲ့မှ မင်းလှဝင်းနှင့် ဇော်မင်းထွန်းတို့က စခန်းမှူးထံသို့ လည်းကောင်း ပေးကြရကြောင်း၊ အလားတူ အခြားလောင်းကစားမှုများကိုလည်း ဖွင့်လှစ်ခွင့်ပေးထားကြောင်း ချဲဒိုင်နှင့် နီးစပ်သူ မြို့ခံတဦးက ပြောသည်။
၎င်းက “ဘောလုံးဒိုင်တွေက တလဆိုရင် (၂၅,၀၀၀) ကျပ်၊ ဘောလုံးဒိုင် ကော်မရှင်စားတွေဆိုရင် ကျပ် (၁၀,၀၀၀) ပေါ့။ အဲဒါက လာတဲ့ရဲအဖွဲ့၊ တပ်ဖွဲ့တွေအားလုံးက ပေးရတယ်။ ဟိုးတုန်းက လောင်းကစားဝိုင်းတွေရင် ဒီအဖွဲ့တွေက သိမ်းလား ဆည်းလား လုပ်ပေမယ့် အခုနောက်ပိုင်း ပွဲတော်တွေက ဝိုင်းဖြစ်ဖြစ်၊ ခိုးဖွင့်တဲ့ဝိုင်းဖြစ်ဖြစ် မိရင်၊ တွေ့ရင် ပိုက်ဆံသာ ထုတ်ပေးလိုက်ရင် အဆင်ပြေတယ်” ဟု ဆက်လက်ပြောဆိုသည်။
ယခင်က မြဝတီမြို့တွင် (၁) လုံးထိုးထီဟူ၍ တရက်လျှင် (၁၄)နာရီကြာ ဖွင့်သော လူကြိုက်များသည့် ချဲထိုးနည်းတမျိုး ပေါ်ပေါက်ခဲ့သော်လည်း သက်ဆိုင်ရာ အာဏာပိုင်တို့က ဆက်ကြေးများ အဆမတန် ကောက်ခံသည့်အတွက် ပြန်လည်ပိတ်ပစ်ခဲ့ရပြီး အခြားလောင်းကစားမျိုးစုံဖြင့် စီးပွားရှာသူများ တနေ့တခြား များပြားလျက်ရှိသည်။

Geen opmerkingen: